- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မိရိုးဖလာအတိုင်း သွားလို့မှမဖြစ်တော့တာ
ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသက လယ်သမားတွေဟာ စပါးအထွက်နှုန်းတိုးတက်ရရှိစေဖို့ စိုက်ပျိုးနည်း ပညာသစ်ကို လက်ခံပြီးအသုံးချလာကြသလို ကြိုတင်ခန့်မှန်းမရနိုင်တဲ့ရာသီဥတုအခြေအနေနဲ့ လုပ်သားရှားပါးလာမှုအပါအဝင် လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲတွေနဲ့လည်း အဆင်ပြေကိုက်ညီအောင် ကြိုးစားအားထုတ်လာကြပါတယ်။
26 Dec 2018
မို့မို့သော် | တက်လမ်းစီမံကိန်းမှရေးသားသည်။
“အသက် ၁၄၊ ၁၅ နှစ်သားကတည်းက လယ်လုပ်တာ။ တစ်နှစ်မှ အဆင်ပြေတဲ့နှစ်ရယ်လို့ မရှိဘူး။ ဘဝက ဒုံရင်းက ဒုံရင်းပဲ။ ဒီနှစ်မှ နည်းနည်းအသက်ရှုချောင်တဲ့နှစ်ပေါ့”လို့ အသက် ၃၆ နှစ်အရွယ် ကိုမောင်ငယ်က ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်အတွင်း မိရိုးဖလားစိုက်ပျိုးနည်းစနစ်တွေနဲ့သာ လယ်စိုက်ခဲ့တဲ့ ကိုမောင်ငယ်နဲ့ သူ့ဖခင် တို့ဟာ ငွေပိုငွေလျှံရယ်လို့ မယ်မယ်ရရ မခံစားခဲ့ရဘဲ တစ်နှစ်ပတ်လုံး မိသားစုနေ့စဉ်ပုံမှန် စားသောက်နိုင်ရေးကိုသာ အားထုတ်ကြိုးပမ်းခဲ့ရပါတယ်။ ကိုမောင်ငယ် ဟာ အကျိုးမခံစားရတဲ့ မိရိုးဖလာနည်း တွေကနေ ဖောက်ထွက်ချင်ပြီး စပါးအထွက်တိုးစေမယ့် နည်းပညာသစ်တွေကိုအသုံးပြုချင်ပေမဲ့ သူ့မှာ နည်းလမ်းမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ်မှာတော့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) ရဲ့ ထောက်ပံ့ပရိုဂရမ်ဖြစ်တဲ့ တက်လမ်းဟာ မြေပုံနဲ့ မင်းပြားမြို့နယ်တွင်းက လယ်သမားတွေကို “စပါးအစွမ်းဖွင့်” စိုက်ပျိုးနည်းပညာသစ် (Systems of Rice Intensification/SRI) နဲ့ မိတ်ဆက်ပေးတဲ့အခါမှာတော့ ပြောင်းလဲမှုကိုရှာဖွေနေတဲ့ ကိုမောင်ငယ်ဟာ သူရှာဖွေနေတဲ့အခွင့်အရေးကို ရရှိခဲ့ပါတယ်။
“ပင်ပွားတွေက ၂၀ အောက်ထက် နည်းတဲ့အပင်ကို မရှိဘူး။ ၁၀၀ ကျော်ထွက်တဲ့အပင်တွေတောင်ရှိတယ်။ ရိတ်သိမ်းပြီးတဲ့အခါ တစ်ဧကကို စပါးတောင်း (ရခိုင်တောင်း) ၂၀၀ ကျော်လောက်ရမယ်မှန်းတယ်။ ဒီထက်လျော့ဖို့တော့မရှိဘူး”လို့ သူ့လယ်ကွက်ထဲကနေ ရိတ်သိမ်းထားတဲ့ စပါးတစ်ပွေ့တစ်ပိုက်ကြီးကို ဂုဏ်ယူစွာနဲ့ ကိုင်မြှောက်ပြရင်း ကိုမောင်ငယ် က ပြောလိုက်ပါတယ်။
တက်လမ်းက ကျေးရွာတွေမှာပြုလုပ်ပေးတဲ့ လယ်သမားသင်တန်းတွေမှာ တက်ကြွစွာပါဝင်လေ့ရှိတဲ့ ကိုမောင်ငယ်ဟာ ဒီနှစ်မိုးတွင်းမှာ သူ့လယ် ၆ ဧကထဲက သုံးဧကကို SRI နည်းပညာနဲ့စိုက်ပျိုးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ မျိုးစေ့ကိုလည်း အရေအသွေးကောင်းမွန်တာကြောင့် ဈေးကွက်ထဲမှာ လူကြိုက်များပြီး ဈေးကောင်းလည်းရရှိတဲ့ “ပေါ်ဆန်းရင်” အမျိုးအစားကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
နေပြည်တော်နဲ့ ရန်ကုန်မှာ စိုက်ပျိုးထားကြတဲ့ စံပြစိုက်ကွက်တွေနဲ့ တခြားလယ်သမားတွေရဲ့စိုက်ပျိုးပုံတွေကို တက်လမ်းအဖွဲ့ရဲ့အကူအညီနဲ့ သွားရောက်လေ့လာခွင့်ရရှိခဲ့တာတွေကလည်း မိရိုးဖလာစိုက်ပျိုးနည်း တွေကနေ ရုန်းထွက်ပြီး နည်းပညာသစ်ကိုအသုံးချဖို့ ကိုမောင်ငယ်ကို တွန်းအားဖြစ်စေခဲ့ပါတယ်။ တခြားမြို့ရွာတွေဆီ သွားရောက်လေ့လာပြီးတဲ့နောက် ကိုမောင်ငယ်ရဲ့သုံးသပ်မှုက ဘယ်လိုများဖြစ်လိမ့်မလဲ။ “မိရိုးဖလာအတိုင်း သွားလို့မှမဖြစ်တော့တာ”လို့ သူက ခိုင်မာစွာနဲ့ ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်းက ကျေးရွာတွေမှာ လယ်သမားတွေဟာ ပုံမှန်အားဖြင့် မိရိုးဖလာနည်းတွေဖြစ်ကြတဲ့ ကြဲပက်စိုက်ပျိုးခြင်း (သို့) အလွယ်ရွေ့ပြောင်းနည်းတို့နဲ့ စပါးစိုက်ကြတာဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်မျိုး စလုံးဟာ ကုန်ကျစရိတ်များပြားပြီး စပါးအထွက်နှုန်းမှာလည်း နည်းပါးလှတာကြောင့် မိသားစုတွေမှာ တစ်နှစ်ပြီးတစ်နှစ် ကြွေးမြီတွေကြားထဲ တိုးပြီးနစ်ဝင်ရတဲ့အဖြစ်ကို ကြုံတွေ့ခံစားနေရပါတယ်။
ကြဲပက်စိုက်ပျိုးတဲ့နည်းစနစ်ဟာ စပါးမျိုးစေ့တွေကို လယ်ကွက်ထဲမှာအဆင်ပြေသလိုပဲ ကြဲပက်လိုက်တာမို့ လုပ်သားအင်အားကို သက်သာစေပါတယ်။ ဒါပေမဲ့လည်း မျိုးစေ့များစွာကို အသုံးပြုရပြီး တစ်ဧကအတွက် နို့ဆီဗူးနဲ့ ဗူး ၂၀၀ လောက်အထိသုံးရတာကြောင့် အဲဒီအတွက် ကုန်ကျစရိတ်မြင့်နေပြန်ပါတယ်။ အလွယ်ရွေ့ပြောင်းစိုက်နည်းမှာတော့ ကြဲပက်နည်းထက် မျိုးစေ့သက်သာပေမဲ့လည်း ပျိုးပင်တွေ ပြောင်းရွေ့စိုက်ဖို့အတွက် လုပ်သား ၁၅ ဦးကနေ ၂၀ လောက်အထိလိုအပ်တာကြောင့် ကုန်ကျစရိတ်မှာ မသက်သာလှပါဘူး။
ဒီနည်းလမ်းတွေမှာအဓိကကြုံရတဲ့ စိန်ခေါ်မှုနောက်တစ်ခုကတော့ ပေါင်းမြက်တွေရှင်းလင်းရေးပါပဲ။ ကြဲချင်သလိုကြဲပြီး၊ ပျိုးပင်တွေကိုစိုက်ချင်သလို ထိုးစိုက်ပျိုးထားတဲ့စနစ်ကြောင့် ပေါင်းမြက်တွေကို ရှင်းလင်းရေးမှာ လုပ်သားတွေရဲ့အင်အားမှတစ်ပါး တခြားမရှိနိုင်တော့ပါဘူး။
ဒါပေမဲ့လည်း အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုကြောင့် ဒီနှစ်ပိုင်းအတွင်းမှာ ရခိုင်ကျေးလက်ဒေသတွေမှာ နေရပ်ကိုစွန့်ခွာပြီး တစ်နယ်တစ်ကျေးဆီ ပြောင်းရွေ့အလုပ်လုပ်ကိုင်ကြသူဦးရေ သိသိသာသာ တိုးများလာခြင်းက ကျေးလက်တွေမှာ လယ်လုပ်သားရရှိဖို့ ခက်ခဲလာပြီး လုပ်အားခတွေလည်း မြင့်တက်လာ တာက စပါးစိုက်တောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုပါပဲ။ ဒီအခြေအနေမှာ လယ်လုပ်သူအများစုကတော့ သူတို့လယ်ကွက်တွေက ပေါင်းမြက်တွေကို မရှင်းလင်းတော့ဘဲ ထားလိုက်ကြတာကြောင့် စပါးအရေအသွေးနဲ့ အထွက်နှုန်းကို ထိခိုက်လျော့ကျစေပါတော့တယ်။
စပါးတစ်ဧကစိုက်ပျိုးမယ်ဆိုရင် မျိုးစေ့နဲ့ လုပ်သားအတွက် ကုန်ကျစရိတ်မှာ ကြဲပက်စိုက်ပျိုးပါက ကျပ်တစ်သိန်းခုနစ်သောင်းလောက်၊ ရွေ့ပြောင်းစိုက်ပါက ကျပ်နှစ်သိန်းလေးသောင်းလောက် ကုန်ကျပါတယ်။ စပါးထွက်နှုန်းမှာတော့ ဒေသမျိုးကိုသာ အသုံးပြုတာကြောင့် မိုးခေါင်မှုမျိုး (သို့) ဆိုင်ကလုန်းဒဏ်မျိုးလို ပြင်းထန်လွန်းတဲ့ ရာသီဥတုမျိုးကိုမကြုံရလေမှ တောင်း (ရခိုင်တောင်း) ၆၀ ကနေ ၁၂၀ လောက်အထိသာ ရရှိပါတယ်။
ကုန်ကျစရိတ်နည်းနည်းနဲ့ စပါးများများထုတ်လုပ်ခြင်း
SRI နည်းပညာကို အရှေ့တောင်အာရှမှာ အောင်မြင်စွာနဲ့မိတ်ဆက်ပေးလာခဲ့တာမို့ ရခိုင်ပြည်နယ်အတွင်းမှာ လည်း အသုံးပြုမယ်ဆိုရင် ရလဒ်အနေနဲ့ စိုက်ပျိုးကုန်ကျစရိတ်ကို တစ်ဧကအတွက် သိန်းတစ်သိန်းနှစ်သောင်း လောက်အထိ လျော့ချနိုင်ပြီး စပါးအထွက်နှုန်းလည်း တိုးများလာစေမယ်လို့ တက်လမ်းက ယုံကြည်ပါတယ်။
မြောက်ဦးခရိုင်လယ်ယာစိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းနိုင်ကလည်း SRI နည်းပညာဟာ လယ်သမားတွေအတွက် အကျိုးဖြစ်ထွန်းမှုတွေ ရရှိနိုင်တယ်ဆိုတာကို လက်ခံသူဖြစ်ပါတယ်။
“လုပ်သားရှားနေတဲ့အချိန်၊ အားကောင်းမောင်းသန်တွေ အပြင်ရောက်နေတဲ့အချိန်မှာ SRI နည်းစနစ်ကိုသုံးပြီး ကိုယ့်မိသားစုနဲ့ပဲ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်တယ်”လို့ ဒေါ်ဝင်းဝင်းနိုင်က ဆိုပါတယ်။ သူက တက်လမ်းကနေ ပြုလုပ်တဲ့ လယ်သမားသင်တန်းတွေမှာလည်း ပါဝင်ပြီးသင်တန်းပေးသူတစ်ဦးဖြစ်ပါတယ်။
စပါးအစွမ်းဖွင့်စိုက်ပျိုးနည်းပညာ (SRI) ဟာ ရွေ့ပြောင်းစိုက်ပျိုးနည်းတစ်ခုဖြစ်ပြီး စပါးပင်တွေ လွတ်လပ်စွာ စိတ်တိုင်းကျကြီးထွားခွင့်ရရှိပြီး အထွက်ကောင်းစေဖို့အတွက် စိုက်တန်းတွေ တစ်ခုနဲ့တစ်ခုကြားမှာ ၁၀ လက်မ (သို့) ၁၂ လက်မအထိ နေရာချန်လပ်ပြီး စိုက်ပျိုးတာဖြစ်ပါတယ်။ အဲဒီနည်းစနစ်အတွက် အဓိကလိုအပ်တဲ့ ကိရိယာကတော့ တိုက်ရိုက်အတန်းဖော်ကိရိယာ (လေးကွက်ကြားဖော်သံဘီးဂွေကြီး) ဖြစ်ပြီး ပျိုးပင်ငယ်တွေ အလွယ်တကူထည့်စိုက်နိုင်ဖို့အတွက် လေးထောင့်အကွက်ငယ်လေးတွေကို အတန်းလိုက်ပုံဖော်ပေးတာ ဖြစ်ပါတယ်။ ရလဒ်ကတော့ မျိုးစပါးကိုရော၊ လုပ်အားကိုပါ အထူးသက်သာစေတာဖြစ်ပါတယ်။ စနစ်တကျနဲ့ နေရာချပြီး စိုက်ပျိုးတာကြောင့် မျိုးစေ့ကို တစ်ဧကအတွက် နို့ဆီဗူး ၁၂ ဗူး (သို့) ၁၃ ဗူးလောက်သာ သုံးစွဲရပါတယ်။ အလုပ်သမားဌားရမ်းစရာမလိုအပ်ဘဲ မိသားစုလိုက် တမန်းနိုးကြားပေါင်းလိုက်ကိရိယာကို အသုံးပြုပြီးတော့လည်း ပေါင်းမြက်တွေကို ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။
“ဒီနည်းစနစ် (SRI) က စရိတ်သက်သာတယ်။ အထွက်နှုန်းတိုးတယ်”လို့ မြေပုံမြို့နယ်ထဲက ဂြန့်ဟင်းခါး ကျေးရွာမှာနေထိုင်တဲ့ လယ်သမားကြီး ဦးစိန်ကျော်မြင့်က ဆိုပါတယ်။
သူ့အသက် ၂၂ နှစ်ကတည်းက လယ်စလုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး သား၊ သမီးလေးဦးလည်းရှိပါတယ်။ ဒီနှစ်မှာ ဦးစိန်ကျော်မြင့်က သူ့လယ် ၈ ဧကထဲကနေ တစ်ဧကကို SRI နည်းပညာနဲ့ စမ်းသပ်စိုက်ပျိုးထားရာ အစပိုင်းမှာတော့ တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးတဲ့နည်းပညာသစ်အပေါ် စိုးရိမ်ပူပန်မှုရှိခဲ့တယ်လို့ သူ့ဇနီးဖြစ်သူ မလှဝင်း က ဆိုပါတယ်။
“ကျွန်မတို့စိုက်တာက ၁၀ လက်မပတ်လည်တစ်ကွက်မှာမှ ပျိုးပင်က တစ်ပင်တည်းဆိုတော့ သူများတွေလို စုပြုံပြီးစိုက်ထားသလိုမျိုး မလှဘူး။ အခြားလယ်သမားတွေကလည်း နင်တို့လယ်ကွက်က ကောင်းမှာ မဟုတ်ဘူးဆိုပြီး ပြောကြတော့ မခံချင်ဘူး။ ဒါကြောင့် ပိုကြိုးစားပြီး လုပ်ဖြစ်ခဲ့တယ်။ နောက်တော့ အပင်ပွားတွေဖြစ်လာတော့မှ စိတ်အေးရတယ်”လို့ မလှဝင်း က ရီမောရင်းဆိုပါတယ်။
ဦးစိန်ကျော်မြင့်ကတော့ ကိုမောင်ငယ်လိုပဲ သူ့ဘဝမှာ စပါးအထွက်အများဆုံးရရှိတဲ့ နှစ်ပါပဲလို့ဆိုပါတယ်။ ကြဲပက်စနစ်နဲ့စိုက်တဲ့ တခြားလယ်ကွက်တွေကနေ တစ်ဧကို ရခိုင်တောင်းနဲ့ တောင်း ၂၀၀ လောက်ပဲရရှိပြီး နည်းပညာသစ်နဲ့ စိုက်ပျိုးထားတဲ့ တစ်ဧကကနေ တောင်း ၃၅၀ လောက်ရရှိတာမို့ နောက်နှစ်တွေလည်း နည်းစနစ်သစ်နဲ့ စိုက်သွားမယ်လို့ ဆိုပါတယ်။
“ဒီနှစ်ဟာ ကျွန်တော်တို့မိသားစုဘဝအတွက် အပြောင်းအလဲကောင်း ဖြစ်လာနိုင်တဲ့နှစ်ပဲ”လို့ သူက ဆိုလိုက်ပြီး “စိုက်ထားတဲ့စပါးမျိုးက တအားကောင်းတယ်။ “ဆင်းသွယ်လက်” ကိုစိုက်တာ။ ရောင်းလည်းရောင်းစားမယ်၊ ပြန်စိုက်ဖို့ လည်း သိမ်းထားမယ်”လို့လည်း ပြောပါသေးတယ်။
တက်လမ်းဟာ ရခိုင်ပြည်နယ်တွင်းက လယ်သမားတွေကို ဒေသမျိုးစပါးအစား အထွက်တိုးမျိုးစပါးတွေ အသုံးပြုနိုင်အောင်လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ရလဒ်အနေနဲ့ စပါးအထွက်နှုန်းနဲ့ အရည်အသွေး တိုးတက်ကောင်းမွန်လာတာမျိုးတင် မဟုတ်ဘဲ ဆားငန်ရေဒဏ်နဲ့ ရေလွှမ်းဒဏ်အပါအဝင် ကြိုတင်မခန့်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရယ်ဒဏ်တွေကို ခံနိုင်ရည်ရှိစေတာဖြစ်ပါတယ်။
ဒါပေမဲ့ ကိုယ်ပိုင်နည်းစနစ်ဟောင်းတွေနဲ့ အသားကျနေကြသူတွေကို နည်းပညာသစ်အပေါ် ယုံကြည်စိတ်ချစွာနဲ့ ပြောင်းလဲကျင့်သုံးလာဖို့ ကြိုးပမ်းရတာက တက်လမ်းအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ တက်လမ်းစိုက်ပျိုးရေး အဖွဲ့ရဲ့ မန်နေဂျာဖြစ်တဲ့ Mr Gerasmo Pono က ပြောပါတယ်။
“အခြေခံအားဖြင့် လယ်သမားတွေဟာ ပညာရေးပိုင်းမှာအားနည်းကြတယ်။ ပြီးတော့ စပါးထုတ်လုပ်ရေးနဲ့ ပတ်သတ်တဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကိုလည်း သူတို့ဆီကိုမရောက်ကြဘူး။ ပုံမှန်မျိုးစေ့ကို သုံးတာနဲ့ အရည်အသွေးပိုကောင်းတဲ့မျိုးစေ့ကို သုံးတာမှာ ထွက်လာမယ့်စပါးကအတူတူပဲလို့ ရှေးရိုးစွဲ ယုံကြည်မှုတွေရှိနေကြတယ်”လို့ သူက ဆိုပါတယ်။
မျိုးစေ့ကောင်းကိုသုံးစွဲတဲ့အခါ စပါးထွက်နှုန်းကို ၅ ရာခိုင်နှုန်းကနေ၂၀ ရာခိုင်နှုန်းအထိ တိုးလာစေနိုင်ပြီး ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်တယ်လို့ Mr Pono ကဆိုပါတယ်။ အရည်အသွေးနိမ့်ကျတဲ့မျိုးစေ့ကို သုံးစွဲပါက စပါးအထွက်နှုန်းနဲ့ အရည်အသွေးကို နိမ့်ကျစေနိုင်ပြီး မသန့်စင်တဲ့အရည်အသွေးကြောင့် ကြိတ်ခွဲဖို့ခက်ခဲသလို ဈေးကောင်းလည်းမရရှိနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။
တက်လမ်းဟာ မျိုးစေ့ထုတ်အစီအစဉ်ကို ၂၀၁၆ ခုနှစ်က မြေပုံနဲ့ မင်းပြားမြို့နယ်တွင်းမှာ ပထမဆုံးအကြိမ် စတင်ပြုလုပ်ခဲ့ရာ စုစုပေါင်း လယ်သမား ၁၀ ဦးပါဝင်ခဲ့ပြီး နှစ်ဦးရဲ့မျိုးစေ့တွေသာ အရေအသွေးပြည့်မီခဲပါ တယ်။ ဒါပေမဲ့လည်း နောက်နှစ် ၂၀၁၇ မှာတော့ ပါဝင်သူ ၂၁ ဦးစလုံး အောင်မြင်တဲ့ရလဒ်ကို ရရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုမောင်ငယ်နဲ့ ဦးစိန်ကျော်မြင့် တို့အပါအဝင် လယ်သမား ၃၅ ဦးဟာ မျိုးစေ့ထုတ်တောင်သူဖြစ်ဖို့ SRI နည်းပညာနဲ့အသုံးပြုပြီး ကြိုးစားအားထုတ်နေကြပါတယ်။
“စပါးပင်တွေကြားထဲမှာ ပေါင်းမြက်တွေမရှိအောင် ရှင်းထားမယ်ဆိုရင် မျိုးစပါးထုတ်တောင်သူတွေဟာ စပါးတစ်တောင်းကို ကျပ် ၇၀၀၀ ကနေ ၁၀၀၀၀ လောက် ဈေးပိုရနိုင်တယ်လို့ကြားထားတယ်”လို့ ဂြန့်ဟင်းခါးကျေးရွာက အခြားလယ်သမားတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်းက ဆိုပါတယ်။
“ဒါကြောင့် စိတ်ဝင်စားလို့ ဒီအဖွဲ့မှာပါဝင်နိုင်ဖို့ တောင်းဆိုခဲ့တာပါ”လို့လည်း တက်လမ်းကိုရည်ရွယ်လို့ သူကဆိုပါတယ်။
ကိုမောင်ငယ်နဲ့ ဦးစိန်ကျော်မြင့်တို့က သက်တမ်း ၁၄၅ ရက်ကြာစိုက်ပျိုးရတဲ့ စပါးမျိုးစေ့တွေကို စိုက်ပျိုးကြတာ ဖြစ်ပြီး ဦးတင်ဝင်းကတော့ ရက် ၉၀ နဲ့ ရိတ်သိမ်းနိုင်တဲ့ စပါးမျိုးစေ့ကို စိုက်ပျိုးတာဖြစ်ပါတယ်။
“စိုက်ရက်တိုတော့ ၁၄၅ ရက်စပါးထက်စာရင် အထွက်နှုန်းတော့နည်းတယ်။ ဒါပေမဲ့ ပုံမှန်ကြဲပက်စိုက်တာ ထက်တော့ အများကြီးအထွက်ကောင်းတယ်။ မျိုးစပါးပြန်ရောင်းလို့လည်းရတယ်”လို့ ဦတင်ဝင်းက ဆိုပါတယ်။
“အခုဆိုရင် ကိုယ့်ပစ္စည်းက အရည်အသွေးကောင်းတော့ ဝယ်လိုအားလည်းကောင်းတာပေါ့။ အရင်က ဒေသမျိုးပဲရှိတာဆိုတော့ အချင်းချင်းဖလှယ်လို့ပဲရတယ်။ ရောင်းလို့မရဘူး။ အခုကျတော့ မျိုးသစ်မျိုးကောင်း ဆိုတော့ ဝယ်ချင်တဲ့သူတွေက စောင့်နေကြပြီလေ။”
မျိုးစေ့ထုတ်တောင်သူတွေရဲ့ စိုက်ပျိုးကာလတလျှောက်လုံးမှာ အစိုးရစိုက်ပျိုးရေးဝန်ထမ်းတွေ လယ်ကွက်တွေဆီ လာရောက်ကြည့်ရှုစစ်ဆေးနိုင်ဖို့အတွက် တက်လမ်းက လယ်သမားတွေနဲ့ စိုက်ပျိုးရေးဌာနကြား ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ နောက်ဆုံးစပါးရိတ်သိမ်းပြီးချိန်မှာတော့ စိုက်ပျိုးရေးဝန်ထမ်းတွေဟာ မျိုးစေ့အရည်အသွေးကို သတ်မှတ်ထားတဲ့အဆင့် ပြည့်မီ၊ မမီဆိုတာကို စစ်ဆေးပေးတာဖြစ်ပါတယ်။
တက်လမ်းစီမံကိန်းပြီးဆုံးတဲ့အခါ လယ်သမားတွေအနေနဲ့ မျိုးစေ့ဆက်လက်ထုတ်လုပ်နိုင်ကြဖို့အတွက် စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်တာကြောင့် ဒီလိုမျိုး လယ်သမားတွေနဲ့ အစိုးရစိုက်ပျိုးရေးဝန်ထမ်းတွေကြား ဆက်ဆံရေးတည်ဆောက်ခြင်းဟာ အလွန်ပဲအရေးကြီးပါတယ်
“တက်လမ်းရဲ့အကူအညီနဲ့ မှော်ဘီက စိုက်ပျိုးရေးသုတေသနမှာ သင်တန်းသွားတက်ရတော့ စိုက်ပျိုးရေးဌာနဲ့ ဘယ်လိုချိတ်ဆက်လုပ်ဆောင်ရမလဲဆိုတာ သိလာတယ်”လို့ ကိုမောင်ငယ်က ဆိုပါတယ်။ သူက ဒီနှစ် နိုဝင်ဘာလအစောပိုင်းက မှော်ဘီစိုက်ပျိုးရေးသုတေသနကျောင်းမှာ ပြုလုပ်ခဲ့တဲ့ “မျိုးစေ့ထုတ်လုပ်ငန်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာ” သင်တန်းကို တက်ရောက်ခဲ့တဲ့ လယ်သမား ၂၄ ဦးထဲက တစ်ဦးပဲဖြစ်ပါတယ်။
SRI နည်းစနစ်နဲ့စိုက်ပျိုးတဲ့ သူ့လယ် ၃ ဧက ကနေ စပါးတောင်း ၅၀၀ ကျော်ရရှိတာမို့ မျိုးစေ့တချို့ကို စစ်ဆေးခံဖို့အတွက် ရန်ကုန်စိုက်ပျိုးရေးဌာနမှာရှိတဲ့ မျိုးစေ့အရည်အသွေးဌာနစိတ်ကို ပေးပို့သွားမှာဖြစ်ပါတယ်။ သူ့စပါးတွေအတွက် ကိုမောင်ငယ်က ယုံကြည်မှုအပြည့်ရှိနေပြီး ရောင်းချပြီး အမြတ်နုတ်လိုက်မယ်ဆိုရင် ကျပ် ၁၀ သိန်းကျော်ရရှိလိမ့်မယ်လို့လည်း သူက မျှော်လင့်ထားပါတယ်။ အဲဒီအတွက် SRI နည်းပညာနဲ့စိုက်ပျိုးဖို့ ချမှတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်အပေါ် ကျေနပ်ပြီး ကျေးဇူးတင်နေပါတယ်။
“ရတဲ့အမြတ်ငွေကို ကလေးတွေနောင်ရေးအတွက် အိမ်အသစ်ဆောက်ဖို့မှန်းထားတယ်။ အာစီနဲ့ တစ်ထပ် အိမ်လေးဆောက်မယ်။ အခုလက်ရှိက မြေစိုက်အိမ်လေးနဲ့နေနေတာမဟုတ်လား”လို့ ကိုမောင်ငယ်က ဆိုပါတယ်။
တက်လမ်းစီမံကိန်းဟာ သဘာဝဘေးအန္တရယ်ကျရောက်ထိခိုက်လွယ်တဲ့ ရခိုင်ပြည်နယ်တွင်းက ကျေးလက်ဒေသတွေမှာ ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်တွေ တိုးတက်ကောင်းမွန်လာစေရေး၊ အစာအာဟာရပြည့်ဝရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု မြင့်မားရေးတို့ကို လုပ်ဆောင်ခြင်းဖြင့် ဒေသခံတွေရဲ့ဘဝရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် ဆောက်ရွက်ပေးနေပါတယ်။ အစားအသောက်ကို အကျိုးရှိစွာအသုံးပြုမှု၊ ရရှိစေဖို့လမ်းကြောင်းနဲ့ ရရှိစေနိုင်ဖို့အတွက် International Rescue Committee နဲ့ Save the Children တို့က မြေပုံ၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တွင်းက ကျေးရွာတွေမှာ ဒေသခံရွာသူ၊ ရွာသားတွေနဲ့အတူ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့တာဖြစ်ပါတယ်။