လွှတ်တော်ဆိုတာ ဘာလဲ

  လွှတ်တော်ထဲရောက်လာတဲ့ အမတ်ဟာ သူကိုယ်စားပြုသူတွေရဲ့ တကယ်အားကိုးယုံကြည် လောက်တဲ့သူ ဖြစ်ရပါလိမ့်မယ်။ ထိုအမတ်ညံ့ရင် ထိုအမတ်ကိုယ်စားပြုတဲ့ ပြည်သူတွေညံ့တာပါပဲ။ ထို အမတ်တော်ရင် ထိုအမတ်ကိုယ်စားပြုတဲ့ ပြည်သူတွေအဆင့်မြင့်တာပါပဲ။ သံခိပ်ပြောရရင် လွှတ်တော်ဆိုတာ မွတ်မြတ်တဲ့စိတ်ထား နဲ့ တကယ်ထူးချွန် ထက်မြက်တဲ့သူတွေ စုဝေးအလုပ်လုပ်တဲ့နေရာ ဖြစ်ပါတယ်။

By မောင်မောင်(ရန်ကုန်တက္ကသိုလ်) 09 Jun 2018

မောင်မောင် (ရန်ကုန်တက္ကသိုလ်) / DMG

လွှတ်တော်ဆိုတာဘာလဲ။ လွှတ်တော်ဆိုတာ လွှတ်တော်ပေါ့။ အင်္ဂလိပ်လိုဆိုတော့ လွှတ်တော်ဆိုတာ ပါလီမန်ပေါ့။ တော်တော်ရိုးရိုးရှင်းရှင်းမေးခွန်းပါပဲ။ မြန်မာနိုင်ငံဟာ လွှတ်တော်နိုင်ငံရေးအခင်းအကျင်း တနည်းပြောရရင် ပါလီမန်နိုင်ငံရေးအခင်းအကျင်းနဲ့ မစိမ်းပါဘူး။ ဒါပေမဲ့ စိမ်းနေတာကြာခဲ့ပြီ။ မျိုးဆက်နှစ်ခုစာလောက်ဆိုပါတော့။ ၁၉၆၂ ခုကနေ ၁၉၈၈ -၂၀၁၀ ခုနှစ်ထိ နှစ်ပေါင်း (၄၈)နှစ် ဝေးခဲ့ပြီးပြီ။ အခုတစ်ခါ ပါလီမန်နိုင်ငံရေးက စလာပြီ။ လွှတ်တော်လို့ခေါ်သော ပါလီမန်၊ ပါလီမန်ဟုခေါ်သော လွှတ်တော်။ လွှတ်တော်ဆိုတော့ ပျက်လုံးတစ်ခုကို သတိရမိတယ်။ ဘယ်လူရွှင်တော်တို့အဖွဲ့က ပျက်ခဲ့လဲဆိုတာ မမှတ်မိတော့ဘူး။

“ လွှတ်တော်... လိမ်တယ်၊ လွှတ်တော်... လိမ်တယ် ” ဆိုတဲ့ ပျက်လုံးတစ်ခု တော်တော်ခေတ်စားခဲ့တယ်။ မြန်မာနိုင်ငံရဲ့လွှတ်တော်က အဲဒီမြန်မာလူရွှင်တော်တွေ ပျက်လုံးထဲရောက်သွားတော့ လွှတ်တော်ဟာ လိမ်တယ်ဖြစ်သွားရော။ လွှတ်တော်ဟာ လိမ်တဲ့နေရာမဟုတ်ပါ။ လွှတ်တော်ဆိုတာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ တိုင်းပြည်ထုဆစ်တဲ့နေရာဖြစ်တယ်။ မိမိတို့လူမျိုး မိမိတို့တိုင်းပြည်ကို ဘယ်လိုပုံဖော်ထုဆစ်မယ် ဆိုတာကို နိုင်ငံနဲ့လူမျိုးရဲ့ အမျိုးသားအသိ၊ အမျိုးသားသတိတွေနဲ့ ဉာဏ်ပညာ၊ အတွေးအခေါ် အမြော်အမြင်တွေ မြင့်မားသူတွေ စုပေါင်းရောက်ရှိနေတဲ့ နေရာဖြစ်တယ်။

လွှတ်တော်ထဲမှာ လိမ်တယ်ဆိုတဲ့နေရာမှာ အပိုင်းနှစ်ပိုင်းရှိနိုင်ပါတယ်။ တစ်ပိုင်းကဖွဲ့စည်းပုံ အခြေခံဥပဒေကို စရေးဆွဲကတည်းက လှုပ်မရ၊ ရုန်းမရအောင် ကြိုတင်ပြင်ဆင်ထားခြင်းတစ်မျိုး။ နောက်တစ်မျိုးက လက်တစ်လုံးခြား၊ ဟုတ်သလိုလို လှည့်ပတ်ဖြေကြားခြင်းမျိုး။ ဒီပုံစံနှစ်မျိုးလုံးကို ကျော်လွှားနိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါပဲ။ ဒီတော့တစ်မျိုးက ဖွဲ့စည်းပုံနဲ့လိမ်လည်ခြင်း၊ ဒါကကြိုတင်လိမ်လည်ခြင်း။ နောက်တစ်မျိုးက နားလှည့်ပါးရိုက် လိမ်လည်ခြင်း။ ဒီလိမ်လည်ခြင်းနှစ်မျိုးထဲမှာ ဖွဲ့စည်းပုံနဲ့လိမ်တာကို လွှတ်တော်ထဲမှာ အလိမ်မခံရအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဖွဲ့စည်းပုံ စရေးကတည်းက အားလုံး (All inclusive) ပါဝင်နိုင်အောင် ကြိုးစားခဲ့ကြရမှာဖြစ်တယ်။ ဒါတွေက တစ်ဘက်အတွက် အစမကောင်းအနှောင်းမသေချာ ဖြစ်သလို နောက်တစ်ဘက်အတွက်ကျပြန်တော့ အစကောင်းလို့ အနှောင်းသေချာခဲ့တာပေါ့။ အဲနောက်တစ်မျိုးဖြစ်တဲ့ နားလှည့်ပါးရိုက်လိမ်လည်ခြင်းကတော့ လွှတ်တော်ထဲရောက်သွားတဲ့ လွှတ်တော်အမတ်အမ်ပီ (M.P-membeer of Parliament) တွေရဲ့ အရည်အချင်း (capacity) တွေနဲ့ပဲ ဆိုင်ပါတယ်။ လွတ်တော်အမတ်တစ်ယောက်ဟာ ခိုင်လုံတိကျတဲ့ အထောက်အထားတွေနဲ့ စနစ်တကျတင်ပြဆွေးနွေးနိုင်ရင်တော့ နားလှည့်ပါးရိုက်လိမ်လည်ခြင်းက လွတ်မြောက်နိုင်ပါမယ်။ ဒါပေမဲ့ လွှတ်တော်ထဲတင်သွင်းတဲ့ အဆိုအမှား၊ အမှန်ကိုမကြည့်ဘဲ လွှတ်တော်တွင်းက လွတ်တော်အမတ်အရေအတွက်နဲ့ ဒီမိုကရေစီစနစ်ရဲ့အားနည်းချက် ဖြစ်တဲ့ထောက်ခံမဲ/ကန့်ကွက်မဲအများနဲ့ အုပ်စုဖွဲ့ဘက်လိုက် အနိုင်ကျင့်ခဲ့ရင်တော့ သက်ဆိုင်ရာ ထိုလွှတ်တော်အမတ်အမ်ပီတွေရဲ့ အရည်အချင်း (Capacity) တွေဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ပဲခိုင် လုံတိကျတဲ့ အထောက်အထားတွေနဲ့ စနစ်တကျတင်ပြဆွေးနွေးနိုင်ပါစေ၊ ပုံစံတစ်မျိုးနဲ့ နားလှည့်ပါးရိုက်လိမ်လည်ခြင်းကို ခံကြရမှာဖြစ်ပါတယ်။ ဒါကတော့ လွှတ်တော်တွင်းရောက်နေတဲ့ လွှတ်တော်အမတ်တွေရဲ့ နိုင်ငံရေးအနုအရင့်နဲ့ နိုင်ငံရေးအခြေခံပေါ် မူတည်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ လွှတ်တော်နိုင်ငံရေးအခင်းအကျင်းတွေကတော့ လွှတ်တော်နိုင်ငံရေးနဲ့ မတူသလိုလိုလို့ ပြောရပါမယ်။ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ခဲ့တဲ့ (၂၀၁၀-၂၀၁၅) ပထမငါးနှစ်အစိုးရကာလနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ လက်ရှိအစိုးရကာလနှစ်ခုလုံးမှာ လွှတ်တော်ဟာ လွှတ်တော်နဲ့ မတူသလိုလိုသာ တွေ့မြင်နေရပါတယ်။

လွှတ်တော်ဆိုတာကို အောက်စဖို့ဒ်အဘိဓာန်ထဲမှာ "Parliament-The group people who are elected to make and change the law of a country"  လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ဆိုတော့ သူ့ကို မြန်မာလိုအနီးစပ်ဆုံး ဘာသာပြန်ရရင် နိုင်ငံတစ်ခု၏ဥပဒေကို ပြုလုပ်ရန်နဲ့ပြောင်းလဲရန် ရွေးချယ်တင်မြှောက်ထားသော လူပုဂ္ဂိုလ်များအစုအဖွဲ့လို့ ဘာသာပြန်ရပါမယ်။ ပါလီမန်လို့ဆိုတဲ့ လွှတ်တော်ဟာ ဥပဒေပြုရတဲ့နေရာ၊ ဥပဒေတွေကို ပြုပြင်ပြောင်းလဲတဲ့ နေရာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးတဲ့နေရာဆိုလဲ မမှားပါဘူး။ နောက်တစ်ခါ လွှတ်တော်ဆိုတာဟာ ဥပဒေပြုခြင်း၊ ပြင်ခြင်းအပြင် နိုင်ငံတော်အဆင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စာပေယဉ်ကျေးမှုနဲ့ လုံခြုံရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့ အရေးပေါ်ပေါ်ပေါက်လာတဲ့ အကြောင်းအရာ ကိစ္စဝိစ္စတွေကိုလည်း တင်သွင်းဆွေးနွေးရတဲ့ နေရာဖြစ်တယ်။  လွှတ်တော်ဆိုတာက Parliament makes law,authorises the Government to spend public money, scrutinisesgoverment activites,and is a forum for debate on national issuses. ဖြစ်တယ်။ ဒါကိုမြန်မာလို

ဒီလိုကြီးကျယ်မြင့်မြတ်တဲ့ နေရာအခင်းအကျင်းမှာ ဝင်ရောက် လုပ်ကိုင်မဲ့သူတွေဟာ ဘယ်လိုလူစားတွေဖြစ်သင့်သလဲ။ ဘယ်လို အရည်အသွေးတွေ ရှိဖို့လိုအပ်သလဲ။ သက်ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့တကွ သူ့ရဲ့အဝန်းအဝိုင်းတွေက တိုင်းပြည်နဲ့လူမျိုးအပေါ်အခြေခံပြီး အတ္တမလွန်ကဲသော အရည်အချင်းပြည့်ဝသူတွေကို  စေတနာမှန်ကန်စွာ အကြံပြုရွေးချယ်ကြဖို့လိုပါတယ်။ အတန်းပညာလည်း ကောင်း၊ နိုင်ငံရေးအသိပညာလည်းကောင်း၊ အတွေးအခေါ်အမြော်အမြင်လည်းကောင်း၊ အပြောအဟောလည်း ကောင်း စဉ်းစားတွေးခေါ်နိုင်စွမ်းလည်းကောင်း ဒီလိုအရည်အချင်းတွေနဲ့ ပြည့်ဝနိုင် လေကောင်းလေပါပဲ။ အကြောင်းအရာတစ်ခုချင်းစီအပေါ်မှာ ဖြန့်ထွက်တွေးခေါ်နိုင်စွမ်းရှိဖို့လည်းလိုအပ်ပါတယ်။ ဒီလိုအရည်းအချင်း တစ်ချက်မှမရှိပဲတော့ လွှတ်တော်ထဲရောက်လာတဲ့ အမတ်ကတော့ ကွာလတီ (Quality)ဖြစ်မလာပဲ ကွန်တီတီ(Quantity)ဖြစ်သွားပါလိမ့်မယ်။ လွှတ်တော်ဆိုတာဟာ အရည်အချင်းမရှိသောသူတွေနဲ့ လုံးဝမသက်ဆိုင်တဲ့နေရာဖြစ်ပါတယ်။ လွှတ်တော်ရဲ့ကြီးကျယ်မှုကို အင်္ဂလိပ်အဘိဓါန်ထဲမှာ House Of Lord လို့တောင် သုံးနှုန်းကြပါတယ်။ ဒါကို မိမိကိုယ်တိုင် ပကတိအမှန်တရားကျကျ ရှုမြင်တတ်ဖို့လိုပါတယ်။

လွှတ်တော်ထဲရောက်လာတဲ့ အမတ်ဟာ သူကိုယ်စားပြုသူတွေရဲ့ တကယ်အားကိုးယုံကြည် လောက်တဲ့သူ ဖြစ်ရပါလိမ့်မယ်။ ထိုအမတ်ညံ့ရင် ထိုအမတ်ကိုယ်စားပြုတဲ့ ပြည်သူတွေညံ့တာပါပဲ။ ထို အမတ်တော်ရင် ထိုအမတ်ကိုယ်စားပြုတဲ့ ပြည်သူတွေအဆင့်မြင့်တာပါပဲ။ သံခိပ်ပြောရရင် လွှတ်တော်ဆိုတာ မွတ်မြတ်တဲ့စိတ်ထား နဲ့ တကယ်ထူးချွန် ထက်မြက်တဲ့သူတွေ စုဝေးအလုပ်လုပ်တဲ့နေရာ ဖြစ်ပါတယ်။

          မြန်မာနိုင်ငံဟာ လွှတ်တော်နိုင်ငံရေးနဲ့ နှစ်ပေါင်း (၄၈) နှစ် လောက်ဝေးကွာစိမ်းနေခဲ့ကြရသူတွေ ဖြစ်ပါတယ်။ တစ်ပါတီအာဏာရှင်စနစ်အောက်မှာ ပညာရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးတွေ တံခါးပိတ်နေခဲ့ကြတယ်။ ပြည်သူများဟာ နိုင်ငံရေးလမ်းကြောင်း၊ လမ်းစဉ်နဲ့ပတ်သက်ပြီး အမှားအမှန်ကို အဖြူအမဲ သိပ်မကွဲခဲ့ကြ။ အနီရဲဘော်တွေက လွဲရင်ပေါ့လေ။ ၈၈ နောက်ပိုင်း ရောက်မှ ပိတ်ထားခဲ့တဲ့ တံခါးပေါက်ဝကို ရောက်ခဲ့ကြတာပါ။ ဒါပေမယ့် တံခါးကမပွင့်သေးပါဘူး။ ဒီလိုနဲ့ကျောင်းသား၊ ကျောင်းသူ  ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးချွေးများစွာကို စတေးခံရင်းပြီး အာဏာသိမ်းအစိုးရကို အတိုက်အခံလုပ်လာကြပြီးမှ ဒီနေ့ ဒီအခြေအနေကို ရောက်လာရတာဖြစ်တယ်။ ဒီတော့ အတိုက်အခံနိုင်ငံ ရေးကနေ ပါလီမန်နိုင်ငံရေးခရီးကို ရောက်လာခဲ့ပြီ။

          ပါလီမာန်နိုင်ငံရေး သို့မဟုတ် လွှတ်တော်နိုင်ငံရေးမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍက ပိုအရေးကြီးပါတယ်။ ပြည်သူတွေ  နိုင်ငံရေးရေရှိန်အနိမ့်အမြင့်ပေါ် မူတည်ပါတယ်။ ပြည်သူတွေနိုင် ငံရေးရေရှိန်မြင့်လာမှ ရွေးကောက်ပွဲမှာ ဝင်ယှဉ်ပြိုင်တဲ့ အမတ်လောင်းလျာတွေကို နိုင်ငံရေးအရည်အချင်းရှိ၊ မရှိ ဆန်းစစ်ဆင်ခြင် ရွေးချယ်နိုင်ကြမှာဖြစ်တယ်။ ဒါမှသာ လွှတ်တော်ဟာ လွှတ်တော်ရဲ့ ဝိညာဉ်အစစ်အမှန်နဲ့ ရှင်သန်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ နိုင်ငံရေးအတွေးအမြင် အတွေးအခေါ်တွေကို စုစည်းထားတဲ့ နိုင်ငံရေးဗိမာန်ကြီး တစ်ခုဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ နိုင်ငံရေးနဲ့မသက်ဆိုင်သော သွေဖယ်သော လုပ်ဆောင်ချက်တွေ ကင်းဝေးဖို့ အရမ်းအရေးကြီးပါတယ်။ နိုင်ငံရေးနယ်ပယ်နဲ့ မသက်ဆိုင်သူ တွေကလည်း နိုင်ငံရေးဗိမာန်တော်ထဲမှာ အချိန်ကြာကြာဆက်နေဖို့ မသင့်တော်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးနစ်နာပါတယ်။

          လက်ရှိမြန်မာနိုင်ငံရဲ့ လွှတ်တော်နိုင်ငံရေး အခင်းအကျင်းဟာ လွှတ်တော်ရဲ့ဝိညာဉ်၊ လွှတ်တော်ရဲ့ အသည်းနှလုံးတွေ လစ်ဟာနေသလို မြင်တွေ့နေရပါတယ်။ လွှတ်တော်ဟာ တသီးပုဂ္ဂလ အရေး အရာတွေကိုလည်း လွှတ်တော်ထဲတင်ပြတောင်းဆိုတာတွေ၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာလိုအပ်နေတဲ့၊ ဒါမှမဟုတ် ပျက်စီးနေတဲ့လမ်း၊ ကျောင်း၊ တံတား၊ ဌာန ဆိုင်ရာအဆောက်အဦး၊ ကန်၊ ဆေးရုံ၊ ဆေးပေးခန်း စတာတွေကို တင်ပြတောင်းဆိုနေတာတွေ တွေ့နေရပါတယ်။ ဒါကို သက်ဆိုင်ရာ လွှတ်တော်ရဲ့အကြီးအမှူးဖြစ်သူ လွှတ်တော်ဥက္ကဋ္ဌတွေကလည်း လက်ခံဆွေးနွေးညှိနှိုင်းကြတယ်။ ဒါတွေဟာ လွှတ်တော်အလုပ်ဟုတ်၏ ၊ မဟုတ်၏ကို သေသေချာချာ ပြန်စဉ်းစားဖို့လိုပါတယ်။ လွှတ်တော်မှာ လမ်းတောင်းတယ်။ လွှတ်တော်မှာ ကျောင်းတောင်းတယ်။ လွှတ်တော်မှာ တံတားတောင်းတယ်။ လွှတ်တော်မှာ အဆောက်အဦးတောင်းတယ်။ ဒါတွေဟာ လွှတ်တော်ရဲ့အနှစ်သာရကို လမ်းလွဲစေပါတယ်။ ဒါတွေက Public Administration တွေပါ။ အစိုးရလုပ်ရမယ့် လုပ်ရပ်တွေပါ။ ဒီတော့ လွှတ်တော်ထဲကိုရောက်လာတဲ့ လွှတ်တော်အမတ်တွေဟာ လွှတ်တော်အနှစ်သာရ လုပ်ရပ်တွေကို တက်ကြွစွာလုပ်ဆောင်နိုင်ကြဖို့ ကိုယ်တိုင်ကိုယ်ကျ ပြည်သူနဲ့လက်တွဲပြီး ကြိုးစားဆောင်ရွက် ကြဖို့လိုပါတယ်။ ဒီလိုလမ်း၊ ကျောင်း၊ တံတား၊ ဌာနဆိုင်ရာအဆောက်အဦး၊ ကန်၊ ဆေးရုံ၊ ဆေးပေးခန်း စတာတွေကို သက်ဆိုင်ရာပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရဲ့ အစိုးရအဖွဲ့တွေအနေနဲ့ လွတ်လပ်စွာ စီမံဆောင်ရွက်နိုင်ခွင့်ရှိတဲ့ ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ကိုပဲ ဆောင်ရွက်ကြရမှာဖြစ်တယ်။ အခုက ရေလွှဲမှားနေကြပြီ။ ကျန်းမာရေးကုသမှုအခင်းအကျင်းထဲက တစ်ခုနဲ့ဥပမာပြုပြောချင်တယ်။ ဖျားနာဆောင် လူနာနဲ့ ခွဲစိပ်ဆောင်၊ လူနာအဆောင် မှားတက်ရောက်ကုသလို့ ခရီးမရောက်၊ ရောဂါ မပျောက်နိုင်ပါ။ အနာနဲ့ဆေး လွဲနေပါလိမ့်မယ်။

          မြန်မာနိုင်ငံရဲ့ လွှတ်တော်အမတ်တွေအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ လုပ်စရာအလုပ်တွေဟာ အစိုးရသက်တမ်း တစ်ခုနှစ်ခုစာလောက် တက်ကြွစွာ တွန်းတွန်းတိုက်တိုက် လုပ်ကြရမယ့်အကြောင်းခြင်းရာတွေရှိနေပါတယ်။ ဒီလိုဖွဲ့စည်းပုံ ဥပဒေထဲက လုပ်စရာတွေကို မလုပ်နိုင်ဘဲ၊ ဥပဒေဆိုင်ရာတွေကို မဆောင်ရွက်ပဲ လွှတ်တော်နိုင်ငံရေးဟာ အနှစ်သာရရှိရှိ သက်ဝင်လှုပ်ရှားလာမှာ မဟုတ်ပါဘူး။

          နောက်တစ်ခုက နိုင်ငံရေးကို ခံယူချက်ခိုင်ခိုင်မာမာနဲ့ လုပ်ကြတဲ့သူတွေကို ထိခိုက်စေသော အကြောင်းခြင်းရာထဲမှာ လွှတ်တော်အမတ်တွေကို ပြည်သူ့ဝန်ထမ်းတွေထက် ပိုမိုများပြားသောလစာပေး ထားခြင်းဟာလည်း စဉ်းစားစရာတစ်ခုလို့ သုံးသပ်မိပါတယ်။ နိုင်ငံရေးလုပ်လို့ ပိုက်ဆံရတယ်၊ လစာရတယ်၊ တွက်ခြေကိုက်တယ်လို့ ရှုမြင်သွားကြလေမှာလားလို့ စိုးရိမ်မိပါတယ်။ တချို့ပါတီတွေ၊ တချို့ ဒေသတွေမှာ ဆိုရင် ပါတီတွင်းလူရွေးတာတို့၊ ပါတီတွင်း အရွေးချယ်ခံဖို့ လျှောက်လွှာကို သိန်းနဲ့ချီပြီးရောင်းတာတို့တွေ မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေကိုမြင်တော့ နိုင်ငံခြားတိုင်းပြည်တွေကို Show Job နဲ့ သွားမယ့်သူတွေ အလုပ်လျှောက်ကြသလို ပုံစံမျိုးနဲ့တူနေသလို မြင်မိပါတယ်။ အင်တာဗျူးအောင်ခဲ့ရင် တစ်လကိုငါးသိန်း/ ဆယ်သိန်း၊ တစ်နှစ်ကိုသိန်းခြောက်ဆယ်/တစ်ရာ့နှစ်ဆယ်။ ငါးနှစ်ဆိုတော့ သိန်းသုံးရာ/ခြောက်ရာ။ သာမန်ပြည်သူတွေထဲပညာရှင်အဆင့်ပုဂ္ဂိုလ်တွေတောင် ဒီလိုလစာမရကြပါဘူး။ တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခချုပ်တစ်ယောက်ရဲ့ လစာဟာ လေးသိန်းကျပ်ပဲရပါ တယ်။ လွှတ်တော်ထဲရောက်လို့ လွှတ်တော်ရဲ့အနှစ်သာရရှိတဲ့ အလုပ်တွေကိုမလုပ်နိုင်ရင်တော့ လစာထုတ်စားအမတ်ဆိုတာထက် ဘာထူး လို့လဲ။ နိုင်ငံခြားတိုင်းပြည်တွေကို Show Job နဲ့ သွားတဲ့သူတွေလိုပဲပေါ့။ ဒါတွေဟာ လူတိုင်းတော့ မဆိုလိုပါဘူး။ နိုင်ငံတကာမှာပေးနေတဲ့ လွှတ်တော်အမတ်တစ်ယောက်စီရဲ့ လစာနှုန်းကတော့ မြန်မာနိုင်ငံထက်ပိုမိုများပြားကြပါတယ်။ သူတို့ဆီက နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံရေးရေချိန်မြင့်မားမှုနဲ့ နိုင်ငံရေးအခင်းအကျင်းကာလတွေရယ်၊ လွှတ်တော်အမတ်တစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေရယ် ကလည်း မြင့်ကြပါလိမ့်မယ်။

          နောက်ဆုံးအနေနဲ့ လွှတ်တော်ရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးခံလိုက်ရတာတော့ မွန်ပြည်နယ်က ချောင်းဆုံတံတားနာမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပြောင်းမည့်အရေးကို လွှတ် တော်တွင်းတင်သွင်းပြီး ဆွေးနွေးမဲခွဲဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဒီနေရာမှာ လွှတ်တော်ဟာနေရင်းထိုင်ရင်းပဲ နာမည်ပေးကင်ပွန်းတပ်တဲ့ ဗေဒင်ခန်းလိုလိုဘာလိုလိုဖြစ်သွားပြန်ရော။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲက စကားတစ်ခွန်းသတိရမိပါတယ်။ “ ဒို့မြန်မာတွေဟာ တလွဲဆံပင်ကောင်းနေကြတယ် “ တဲ့။ လမ်းဆုံကဂျမ်းဘုံအသံနဲ့ပြောရရင်တော့ “ ကြားလို့မှ ကောင်းကြသေးရဲ့လားတော် တို့ရယ် “။

          ဟုတ်ပါပြီ။ မြန်မာနိုင်ငံရေးဟာ ပါလီမန်နိုင်ငံရေးအခင်း အကျင်းထဲမှာချီတက်နေတာ ခုနစ်နှစ် ကျော်လာပြီ။ လွှတ်တော်အနှစ်သာရနဲ့ ပြည့်ဝတဲ့လုပ်ဆောင်ချက်တွေ ဘယ်နှစ်ခုလောက် ဆောင်ရွက်ခဲ့ ကြပြီလဲ။ “ လွှတ်တော်--လိမ်တယ်၊ လွှတ်တော်--လိမ်တယ်” ဆိုတဲ့ပျက်လုံးကို နောက်တစ်ကြိမ် ခေတ်မစားစေ ချင်တော့ပါဘူး။ မြန်မာနိုင်ငံရဲ့လွှတ်တော် နိုင်ငံရေးအခင်းအကျင်းထဲမှာ တိုင်းပြည်နဲ့လူမျိုးအပေါ်အခြေခံပြီး အတ္တမလွန်ကဲသော အရည်အချင်းပြည့်ဝသူတွေကို  စေတနာမှန်ကန်စွာ အကြံပြုရွေးချယ်ကြဖို့လိုပါတယ်။ အတန်းပညာ၊ အသိညဏ်ပညာလည်းကောင်း၊ နိုင်ငံရေးအသိပညာလည်းကောင်း၊ အတွေးအခေါ် အမြော်အမြင် လည်းကောင်း၊ အပြောအဟောလည်းကောင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်းကောင်း ဒီလိုအရည်အချင်းတွေနဲ့ပြည့်ဝတဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်ထားတဲ့ မြန်မာ့လွှတ်တော်နိုင်ငံရေး၊ ပါလီမန် နိုင်ငံရေး အခင်းအကျင်း၊ လွှတ်တော်ရဲ့အနှစ်သာရတွေကို စနစ်တကျဆောင်ရွက်နိုင်ကြဖို့ကို မျှော်လင့်ပါတယ်။