- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အနှစ်သာရမပြည့်ဝသော ရခိုင်ပြည်နယ်နေ့
ရခိုင်ပြည်နယ်နေ့ကို ပြည်နယ်အနှံ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသည်။ ယင်းအပြင် ရခိုင်လူမျိုးတို့ နေထိုင်ကြသည့် ရန်ကုန်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း စသည့် နေရာများတွင် ကျင်းပကြသည်။ သို့သော် ရခိုင်လူမျိုးတို့ ကြိုက်နှစ်သက်သည့် ပြည်နယ်နေ့ မဟုတ်သေးပေ။
19 Dec 2018
ဖဒူ ထွန်းအောင် ရေးသားသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တို့အတွက် အရေးပါသော နေ့များစွာရှိသော်လည်း အစိုးရက တရားဝင် ကျင်းပသောနေ့ကား ထူးထူးခြားခြား တစ်နေ့တည်းသာရှိသည်။ ၁၉၇၅ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သော ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ပင်ဖြစ်သည်။
ရခိုင်ပြည်နယ်နေ့ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၄ ခုနှစ်မှာ စစ်တွေမြို့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြသည်။ ရခိုင်ပြည်နယ်က မြို့အများစုကို မဟာဓာတ်အားလိုင်းက ၂၄ နာရီ လျှပ်စစ်မီးဖြန့်ဝေပွဲကိုလည်း ယင်းနှစ်တွင် ကျင်းပသည့် (၄၀)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ကျင်းပခဲ့သည်။
ယင်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ပြည်နယ်နေ့ကို နေရာအနှံ့ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများ ပူးပေါင်းပါဝင်ပြီး ခမ်းနားစွာကျင်းပလာကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တက်လာပြီးနောက်တွင်လည်း ခမ်းနားထည်ဝါစွာ ကျင်းပမြဲဖြစ်သည်။ သို့သော် တစ်ချို့ရခိုင်များကမူ ရခိုင်ပြည်နယ်နေ့ကို ကြိုက်နှစ်သက်မှု မရှိကြပေ။
ယခင်က ကိုယ့်ထီးကိုယ်နန်းနှင့် နေထိုင်ခဲ့သော ရခိုင်နိုင်ငံတော်သည် ၁၇၈၅ ခုနှစ်တွင် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း လက်အောက်သို့ ကျရောက်သွားသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ် ကိုလိုနီအဖြစ် ရောက်ရှိခဲ့သည်။ ထို့နောက် ၁၈၈၆ ခုနှစ်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ကာ ရခိုင်ဒေသသည်လည်း မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့သည်။
ယင်းသို့သိမ်းယူသွားသောကြောင့် ရခိုင်ခေါင်းဆောင်များမှာ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် ရခိုင်သည် ရခိုင်တိုင်းအဖြစ် ပါဝင်ခဲ့သည်။ ယင်းသို့ “ရခိုင်တိုင်း” ဖြစ်နေခြင်းကို ရခိုင်လူမျိုးများက မကျေနပ်ကြပေ။ ထို့ကြောင့် “ရခိုင်ပြည်နယ်” ရရှိရေးအတွက် ဖဆပလခေတ်၌ ရခိုင်အမတ်များက ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် တောင်းဆိုမှုမှာ အောင်မြင်မှုမရရှိခဲ့ဘဲ ရခိုင်တိုင်းအဖြစ်နှင့် ခရီးဆက်ခဲ့ကြရသည်။
ပထမအကြိမ်တောင်းဆိုမှု မအောင်မြင်သော်လည်း ရခိုင်ပြည်နယ် ရရှိရေးအတွက် ဆက်လက် တောင်းဆိုခဲ့ကြသည်။ ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်တိုင်းအား ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲ စတင်ကျင်းပသည့် ဒီဇင်ဘာလ (၁၅) ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီက သတ်မှတ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှ စတင်၍ ပြည်နယ်နေ့အခမ်းအနားကို ကျင်းပကြခြင်း ဖြစ်သည်။
ရခိုင်သည် တိုင်းအဖြစ်ဖြင့် ရှိနေစဉ်က နိုင်ငံရေးဆုံးရှုံးမှုများအပြင် ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးမှုများရှိသည်။ ယင်းကြောင့် ပြည်ထောင်စုထဲမှာ နေထိုင်မည်ဆိုလျှင် ပြည်နယ်အဆင့်တစ်ခုရသင့်ကြောင်း နိုင်ငံရေးထွက်ပေါက်ကို ရှာဖွေ၍ တိုင်းအဆင့်မှ ပြည်နယ်အဆင့်သို့ ရခိုင်အမတ်များက တောင်းဆိုခဲ့ခြင်းဟု လေ့လာချက်များကို ကိုးကား၍ ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်က ပြောသည်။
“ ကျနော်တို့ လေ့လာတွေ့ရှိရသလောက် ဆိုလို့ရှိရင် ရခိုင်ဟာ တိုင်းအဖြစ်နဲ့ နေခဲ့တုန်းကဆိုရင် မှတ်ပုံတင်တွေထဲက လူမျိုးနေရာမှာ ဗမာကို အစားထိုးခဲ့တာတွေတောင် ရှိတယ်လို့ ပြောကြပါတယ်။ ဆိုတော့ ရခိုင်ဟာ ကိုယ်ပိုင်နိုင်ငံတစ်ခုဖြစ်တာကြောင့် ဒီနိုင်ငံ ပြည်ထောင်စုထဲမှာ နေမယ်ဆိုလည်း ပြည်နယ်တစ်ခုကတော့ ရသင့်တယ်ဆိုတဲ့ နိုင်ငံရေးထွက်ပေါက်ကိုပဲ သူတို့စဉ်းစားခဲ့ကြတာပါ ” ဟု ကိုထွန်းကြည်က ပြောသည်။
ရခိုင်လူမျိုးများသည် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့် ရရှိရန်အတွက် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက ကြိုးစားမှုများရှိခဲ့သည်။ တိုင်းအဆင့်မှ ပြည်နယ်အဆင့်အဖြစ်သို့ တောင်းဆိုခြင်းမှာ လူမျိုးတစ်မျိုး၏ အင်္ဂါလက္ခဏာနှင့်ပြည့်စုံသော အဆင့်တစ်ခုရရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပေလိမ့်မည်ဟု ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုကော်မတီဝင် စောမြရာဇာလင်းက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်သည် ရခိုင်တို့လိုလားသော ပြည်နယ်အဆင့်တစ်ခု မဟုတ်ပေ။ ရခိုင်ပြည်နယ်ရရှိပြီး ရခိုင်ပြည်နယ်နေ့ ဖြစ်လာသော်လည်း စီမံခန့်ခွဲပိုင်ခွင့် မရှိသေးဟု သူက ဆက်လက်ဝေဖန်သည်။
“ အဓိကအားဖြင့် စီမံခန့်ခွဲနိုင်ရမယ်။ ဥပဒေသုံးရပ် အာဏာရှိရမယ်။ အဲဒါဟာ ကျွန်မတို့ရဲ့ ပြည့်စုံရမယ့် လက္ခဏာဖြစ်ပါတယ်။ ဥပဒေသုံးရပ် ကျွန်မတို့ဆီမှာရှိရင် ဖန်တီးလို့ရပါတယ် ” ဟု စောမြရာဇာလင်းက ဆိုသည်။
ရခိုင်လူမျိုးများလိုလားသော ပြည်နယ်(သို့မဟုတ်) ပြည်နယ်တစ်ခု၏ အဆင့်အတန်းတစ်ခုနှင့် တူအောင်အတွက် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရန် အရေးကြီးသည်ဟု ထောက်ပြမှုများရှိကြသည်။
“ ကျွန်မတို့အနေနဲ့ တောင်းဆိုနေတာက ဖက်ဒရယ်ပြည်ထောင်စုပါ။ ပြည်မလည်း ဒုက္ခမရောက်ရအောင်၊ ဒီမှာရှိတဲ့ ပြည်နယ်တွေလည်း ဒုက္ခမရောက်ရအောင် လူမျိုးတိုင်း၊ လူမျိုးတိုင်း နှစ်ပေါင်းများစွာ နေလာတဲ့သူတွေ အကွဲကွဲအပြားပြား မဖြစ်ရအောင် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမယ်။ ပြည်နယ်ဆိုင်ရာ ဖွဲ့စည်းပုံတွေကို ကျွန်မတို့ ရေးဆွဲဖို့ လိုသေးတယ်။ အဲဒီလို တစ်ဆင့်ဆင့် ကျွန်မတို့ သွားရမယ်။ အခုတော့ ကျွန်မတို့အနေနဲ့ လုပ်နေဆဲပါ ” ဟု စောမြရာဇာလင်းက ပြောသည်။
ရခိုင်လူမျိုးတို့ တန်ဖိုးထားရသည့် ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ဘုရားပွဲတော်များ၊ နေ့ထူးနေ့မြတ်များတွင် ကျင်းပကြသည်။ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ်လည်း ကျင်ပွဲကို ကျင်းပကြသည်။ ယင်းအပြင် ရခိုင်ရိုးရာ ပုံပြင်ပြောပွဲများကိုလည်း ကျင်းပခွင့်ရကြသည်။
သို့သော် ယင်းသို့ပွဲတော်များ ပြုလုပ်ခွင့်ရရှိသော်လည်း မိမိတို့၏ ရခိုင်ပြည်နယ်နေ့ “အစစ်”ဟု မခံစားရဘဲ “အတု”ဟုသာ ခံစားရသည်ဟု တစ်ချို့က ဆိုကြသည်။
“ အခုရရှိထားတာဟာ မရတာထက် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အနှစ်သာရ ပြည့်ဝတဲ့ ပြည်နယ်လက္ခာဏာကို ထင်ဟပ်တဲ့ အခင်းအကျင်းကိုတော့ ကျွန်မတို့အများကြီး ကြိုးစားဖို့လိုပါသေးတယ်” ဟု စောမြရာဇာလင်းက ပြောသည်။
ယခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် (၄၄)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော် သမ္မတဦးဝင်းမြင့်က သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ ယင်းသဝဏ်လွှာတွင် ရခိုင်ပြည် သာယာလှပသည့်အကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါများလှသည့်အကြောင်းများကို ရေးသားထားသည်။
ယင်းအပြင် ပြည်နယ်လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အစဉ်အမြဲဖြစ်ပေါ်နေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ရည်မှန်းချက်ပန်းတိုင်သုံးရပ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး ဆိုသည့် ဦးတည်ချက်များနှင့်အညီ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု သမ္မတ သဝဏ်လွှာတွင် ရေးသားထားသည်။
“ သူတို့(သမ္မတသဝဏ်လွှာ)မှာတော့ ထုံးစံအတိုင်း လူနားဝင်ချိုအောင် ပြောကြတယ်။ ဥပမာ- ရခိုင်ပြည်နယ်ကို လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ပေးထားတယ်။ မြောက်ဦးကိုလည်း ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြို့တော်ဖြစ်ဖို့ ကြိုးစားနေတယ်။ ဒါတွေနဲ့ နှစ်သိမ့်ထားတယ်။ ဒါတွေက ပြောရိုးပြောစဉ်ရှိတဲ့စကား။ ဒီလို စကားမျိုးတွေကို ကြားဖန်များလာတော့ ကျေနပ်မှုမရှိ၊ ကျေနပ်မှုမရှိ ” ဟု စစ်တွေမြို့မိ၊မြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်က ပြောသည်။
ရခိုင်ပြည်နယ်နေ့ကို ပြည်နယ်အနှံ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသည်။ ယင်းအပြင် ရခိုင်လူမျိုးတို့ နေထိုင်ကြသည့် ရန်ကုန်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း စသည့် နေရာများတွင် ကျင်းပကြသည်။ သို့သော် ရခိုင်လူမျိုးတို့ ကြိုက်နှစ်သက်သည့် ပြည်နယ်နေ့ မဟုတ်သေးပေ။
“ ပြည့်ဝတဲ့ အနှစ်သာရရှိတဲ့ ပြည်နယ်တစ်ခု မဟုတ်သေးလို့ သုံးသပ်ပါတယ် ” ဟု စောမြရာဇာလင်းက ပြောသည်။
ဖဒူ ထွန်းအောင်
ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။
Development Media Group