- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အမွေခံထိုက်သူ ဖြစ်ပါစေ
ရသေ့တောင်မြို့နယ်ဟာ ရခိုင်ပြည်နယ်ရဲ့ အဆင်းရဲဆုံးမြို့နယ်လို့လည်းပြောလို့ရပါတယ်။ ပြည်ပထွက်ခွာမှုတွေ အဆမတန်များပြားနေတဲ့ မြို့လည်းဖြစ်တယ်။ အရပ်စကားတစ်ချို့အရဆိုရင် အသုဘချတာတောင် ထမ်းပို့မယ့် ယောက်ျားတွေမရှိလို့ မိန်းမတွေက ထမ်းပြီးချရတယ် လို့တောင် ပြောဆိုကြတာရှိပါတယ်။
24 Nov 2018
ကျောက်ဖြူ အောင်ဒိုး၊ DMG/ နိုဝင်ဘာ ၂၄
ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲကတော့ ပြီးစီးသွားခဲ့ပါပြီ။ရွေးကောက်ပွဲမှာ ရခိုင့်အင်အားကြီး ပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP) ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီတို့ရှုံးနိမ့်ခဲ့ပြီး ဒေါက်တာအေးမောင်ရဲ့သား ဦးတင်မောင်ဝင်းက အနိုင်ရရှိသွားပါတယ်။
ရခိုင်ပြည် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလတွေ အနိုင်ရရှိတာဟာ ရှားရှားပါးပါးဖြစ်ပါတယ်။ ၂၀၁၅ ခု အထွေထွေ ရွေးကောက်ပွဲတုန်းက တစ်သီးပုဂ္ဂလအများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ကြားက စစ်တွေမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးကျော်ဇောဦး တစ်ယောက်ပဲ အနိုင်ရရှိခဲ့ပါတယ်။အခု ကြားဖြတ်ရွေးကောက်ပွဲမှာလည်း နိုင်ငံရေး အတွေ့အကြုံ မရှိသေးတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ဦးတင်မောင်ဝင်းဟာ ပါတီတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားပါပြီ။
သူအနိုင်ရရှိသွားတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ဝေဖန်မှုတွေ ရှိခဲ့သလို ချီးကျူးမှုတွေလည်း ရှိခဲ့ပြီး ပွဲတော်တော်စည်ခဲ့ပါတယ်။ ဦးတင်မောင်ဝင်းဟာ နိုင်ငံရေးလောကကို အခုမှ စတင် ခြေလှမ်းစလှမ်းလာတာဖြစ်သလို အခုကြားဖြတ်ရွေးကောက်ပွဲမှာဝင်ပြိုင်ရတာဟာလည်း သူ့ဖခင် ဒေါက်တာအေးမောင်က ဝင်ပြိုင်ခိုင်းလို့ ဝင်ပြိုင်ရတာလို့ မဲဆွယ်တုန်းမှာ ပြောကြားခဲ့ပါတယ်။
ဘယ်လိုပဲဆိုဆို ကိုယ်ဝါသနာမပါပဲအလုပ်တစ်ခုကိုတာဝန်ယူလုပ်ဖို့ဆိုတာလွယ်တဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ အခုပြည်သူတွေက သူ့ကို ယုံကြည်လို့ လွှတ်တော်ကိုယ်စားလှယ်တာဝန်ထမ်းဆောင်ပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့ လွှတ်တော်ထဲကို ပို့လိုက်ပါပြီ။ ဒီမှာတစ်ချက်ရှိတာက ပြည်သူတွေဟာ ဦးတင်မောင်ဝင်းကိုမဲပေးတာမဟုတ်ပါဘူး။ ဒေါက်တာအေးမောင်သားဖြစ်လို့ ပေးလိုက်ကြတာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခြားတစ်ယောက်သာဝင်ပြိုင်ရင် အခုလိုနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါးပါတယ်။
ရခိုင်ပြည်နိုင်ငံရေးထဲမှာ ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးအရှိန်အဝါရှိလူတစ်ယောက်ဖြစ်တယ် ထားလိုက်ပါဦး။ သူက အခုအဖမ်းခံနေရတယ်။လက်ရှိမှာ သူမလုပ်နိုင်တဲ့ အလုပ်တစ်ခုကို သူ့သားကိုတာ ဝန်ပေးလိုက်တာဟာ သဘာဝတော့ ကျပါတယ်။
ဒါပေမယ့် စဉ်းစားရမှာတစ်ခုက ဦးတင်မောင်ဝင်းဟာနိုင်ငံရေးလောကကို အစိမ်းသက်သက် ဝင်ရောက်လာတာကြောင့် ရခိုင့်နိုင်ငံရေးကို နားလည်အောင်ကြိုးစားရမယ့်အနေအထားပါ။ အပြိုင်အဆိုင်များတဲ့ နိုင်ငံရေးလောကထဲကို အစိမ်းသက်သက် ပစ်ထည့်လိုက်တာဟာသူ့အတွက်အရမ်းကို အန္တရာယ်များပါတယ်။ အခု အနိုင်ရရှိပြီးလွှတ်တော် စတက်မယ်။ ဘာတွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာက အစသူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေပါမယ်။
သူ့အဖေကကောသူ့သားကိုတာဝန် သာပေးလိုက် နိုင်တာ ဘာတစ်ခုမှ သင်ပေးနိုင်မှာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် သူ့အဖေဟာ လေယာဉ်မှူး ဖြစ်လို့ သူ့သားကို လေယာဉ်တက်မောင်း ခိုင်းတာ ခရီးသည်တွေအတွက်လည်း အန္တရာယ်များသလို လေယာဉ်တစ်စီးလုံး အတွက် အန္တရာယ်အရမ်းများပါတယ်။
ကိုယ်ကိုယ်တိုင်က တစ်ကယ့်နိုင်ငံရေးကိုစိတ်ဝင်စားတယ်။ ရခိုင်ပြည်သူတွေအတွက် ရသင့်ရထိုက်တာ ကိုလုပ်ပေးရမယ်။လုပ်ချင်တဲ့ စိတ်ဆန္ဒလည်းရှိဖို့လိုတယ်။အထူးသဖြင့် သူ့ကိုတာဝန်ပေးလိုက်ကြတဲ့ ရသေ့တောင် ပြည်သူတွေအတွက် သူတာဝန်ကျေဖို့လိုပါတယ်။
ရသေ့တောင်မြို့နယ်ဟာ ရခိုင်ပြည်နယ်ရဲ့ အဆင်းရဲဆုံးမြို့နယ်လို့လည်းပြောလို့ရပါတယ်။ ပြည်ပထွက်ခွာမှုတွေ အဆမတန်များပြားနေတဲ့ မြို့လည်းဖြစ်တယ်။ အရပ်စကားတစ်ချို့အရဆိုရင် အသုဘချတာတောင် ထမ်းပို့မယ့် ယောက်ျားတွေမရှိလို့ မိန်းမတွေက ထမ်းပြီးချရတယ် လို့တောင် ပြောဆိုကြတာရှိပါတယ်။
ဒေါက်တာအေးမောင်ရဲ့ဇာတိဖြစ်တဲ့ ရသေ့တောင်ပြည်သူတွေကတော့ ပါတီတွေကိုတောင် မယုံပဲ သားအတွက် ပုံအောပြီး မဲပေးခဲ့တယ်။ သူတို့ရဲ့တာဝန်ကိုအပြည့်အဝ ကျေပွန်အောင် ဆောင်ရွက်ပြီးသွားပြီ။ အခုအချိန်မှာဒေါက်တာအေးမောင် ဘာမှ မလုပ်ပေးနိုင်တာကို သိရက်သားနဲ့ အခုလိုပုံအောပြီးမဲပေးလိုက်ကြတာဟာ တင်မောင်ဝင်းဟာသူ့အဖေလိုလူမျိုးဖြစ်လာနိုင် တယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့သဘောပါ။
ဒေါက်တာအေးမောင်ဟာ ရခိုင့်နိုင်ငံရေးလောကကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီနဲ့ အတူ ဝင်ရောက်လာတာပါ။သူဟာ ပါတီဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ပြီးတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူရဲ့ ပြောင်မြောက်တဲ့ ဟောပြော၊ဆွေးနွေးမှုကြောင့် နိုင်ငံရေးလောကမှာ နာမည်ကြီးခဲ့သူတစ်ဦးအဖြစ် သတ်မှတ်ခံရပါတယ်။
ဘင်္ဂလီအရေးတွေနဲ့ပတ်သက်ပြီး အမျိုးသားရေးလမ်းကြောင်းဘက်ကနေ မားမားမတ်မတ် ရပ်တည်တာကြောင့် သူ့ကို ပြည်သူတွေက ကြိုက်ကြပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည်၊ကာချုပ် ၊လွှတ်တော်ဥက္ကဌ ၂ ဦးတို့နဲ့ လွှတ်တော်က ရွေးချယ်ခံ အဖြစ် ပါဝင်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် အခြေခံဥပဒေ ပြင်ဆင်ရေး (၆) ပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာ ပါဝင်တာကြောင့် သူ့ကို ပြည်သူတွေထောက်ခံမှုတွေရှိခဲ့ဲကြပါတယ်။
ဒီတော့ ဖခင်အရှိန်အဝါနဲ့အနိုင်ရသွားတဲ့ ဦးတင်မောင်ဝင်းရဲ့ တာဝန်ဟာတော်တော်ကြီးမားသွားပြီဖြစ်ပါ တယ်။ဘာပဲ ပြောပြော အခုအချိန်မှာ ဦးတင်မောင်ဝင်းဟာ ပြည်သူတွေကရွေးကောက်တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်သွားပြီ။ ဒီတော့ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုပဲ စောင့်ကြည့်ရ တော့မှာပါ။
သူ့အဖေကပဲ ခိုင်းခိုင်း သူကိုယ်တိုင်ဝင်တာပဲ ဖြစ်ဖြစ် နိုင်ငံရေးလောကထဲကို ဝင်ရောက်လာတဲ့ လူငယ်တစ် ယောက်ကို ဝေဖန်နေရမယ့်အချိန်မဟုတ်တော့ဘူး။ သူ့ကိုလက်ကမ်းကြိုဆိုရမှာဖြစ်တယ်။ သူကအခုမှဝင်လာ တာမှန်တယ်။ ဒါပေမယ့် ဒီလောကထဲကို ဝင်ရဲတဲ့ သတ္တိသူ့မှာရှိနေတယ်ဆိုတာကို လက်ခံရမှာဖြစ်တယ်။
နိုင်ငံရေးလောကထဲကို ဝင်ပြီး လွှတ်တော်မှာ ဘာမေးခွန်းမှမမေးပဲ ထိုင်နေတဲ့သူတွေ လည်းရှိနေတာပဲ။ သူတို့ ကိုကော ဘယ်လိုပြောရမလဲ။ နိုင်ငံရေးလုပ်တယ် ဆိုတာကလည်း လူတိုင်းက ရခိုင်လူထုအကျိုးစီးပွား တိုး တက်အောင် မလုပ်နိုင်ရင်တောင်မှ ဆုတ်ယုတ်အောင်လုပ်မယ့်သူတော့ မရှိလောက်ဘူး။
သူဘာမှမလုပ်ကတည်းက ဘာမှမလုပ်နိုင်ပါဘူးလို့ လက်ညိုးထိုးနေရမယ့် အစား သူ့ကို ဘယ်လို ကူညီရမလဲ။သူ မသိသေး၊ မတတ်သေးတာကို တစ်ဖက်တစ်လှမ်းက ဘယ်လိုကူညီပေးမလဲဆိုတာကို စဉ်းစားပေးရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူကအခု လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်နေပြီ။
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ပြည်သူတွေအတွက် ဘာမှလုပ်မပေးနိုင်ဘူးဆိုရင် ပြည်သူတွေပဲနစ်နာ မှာလေ။ ဒီတော့ သူ့ကိုဝေဖန်နေတာထက်စာရင် သူ့ကို ကူညီတာက ပိုအကျိုးရှိမယ်လို့ထင်တယ်။ ရခိုင်ပြည်နိုင်ငံရေးက စည်းစည်းလုံးလုံးမရှိဘူး။
လူဦးရေ သုံးသန်းကျော်လောက်ရှိတဲ့ ရခိုင်ပြည်မှာ ပါတီတွေက လက်ချိုးရေတွက်လို့တောင်မကုန်ပါ။ ဒီလိုအားလုံးက ဝိုင်းဝန်းကူညီမှသာလျင် သူလည်း သူ့အဖေပေးတဲ့ တာဝန်အမွေကို ထမ်းဆောင်နိုင်မှာ ဖြစ်သလို အဖေပေးတဲ့ အမွေကို ဆက်ခံထိုက်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
ဦးတင်မောင်ဝင်းဟာ သူ့အဖေဒေါက်တာအေးမောင်လို မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ သူဟာ ရသေ့တောင် ပြည်သူတွေက ပေးလိုက်တဲ့ တာဝန်ကို သူထမ်းဆောင်နိုင်မလား။ သူရဲ့ မဲဆန္ဒရှင်တွေအတွက် ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလား။ သူ့ကို မဲပေးလိုက်တဲ့ မဲဆန္ဒရှင်နယ်ကို သူ တကယ် ကယ်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
ကျောက်ဖြူ အောင်ဒိုး
(ဤ ဆောင်းပါးကို DEVELOPMENT NEWS JOURNAL ISSUE 97 တွင် ဖော်ပြပြီးဖြစ်သည်။)