အောင်မြင်နေတယ်ဆိုတဲ့အစိုးရမှာ

ဆိုတော့ အသံကောင်းဟစ် ပြနေရုံလောက်နဲ့တော့ တိုးတက်လာနေပါတယ်ဆိုတဲ့ အရာတွေကို လူတွေက လက်ခံကြမှာ မဟုတ်ပါဘူး။ သိသိသာသာ ပြောင်းလဲလာတဲ့ အခြေအနေမျိုး၊ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲမျိုးကို မမြင်ရဘဲနဲ့တော့ လက်ခံ ယုံကြည်ပေးဖို့ ခက်ခဲပါလိမ့်မယ်။ အဓိက တိုင်းပြည်ရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ထဝရငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့ဘက်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေမျိုးကို မတွေ့မြင်ရ ဘဲ အောင်မြင်နေပါတယ်၊ တိုးတက်နေပါတယ် ဆိုတာမျိုးကို လူတွေကလက်ခံ ယုံကြည်ပေးလိုက်ဖို့ကျတော့ တော်တော်လေး ခဲယဉ်းပါလိမ့်မယ်။ 

By ရမ္မာကျော်စော 26 Nov 2018

ရမ္မာကျော်စော/DMG ၊ နိုဝင်ဘာ ၂၆

NLD အစိုးရတက်လာတဲ့နောက်ပိုင်း အမြဲလိုလိုကြားနေရတာကတော့ အစိုးရအနေနဲ့ အောင်မြင်မှုတွေ ရနေပါ တယ်ဆိုတဲ့ အသံတွေပဲဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရတင်မက ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေကပါ အဲဒီအတိုင်းပဲ သံယောင်လိုက်အော်နေကြတာကို တွေ့နေရတယ်။ ဆိုတော့ တကယ်တမ်းလက်တွေ့မှာ အောင်မြင်မှုရနေပါတယ်ဆိုတဲ့စကားဟာ အမှန်တကယ်လားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဘာတွေက အောင်မြင်နေလို့ ဘာတွေက ကျရှုံးနေသလဲဆိုတာ တွေ့ရမြင်ရသလောက် စာစီကြည့်ကြပါစို့။

နိုင်ငံတစ်ခုရဲ့ အရေးအကြီးဆုံး  နိုင်ငံခြားဆက်ဆံရေးက အနှုတ်လက္ခဏာပြနေတယ်။ အနောက်အုပ်စုနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ Organisation of Islamic Cooperation (OIC) ဆိုတဲ့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ဆုတ်ယုတ်လာနေတာတွေက နိုင်ငံခြား ဆက်ဆံရေးမှာ မအောင်မြင်ဘူးလို့ ဆိုနိုင်ပါတယ်။ အောင်မြင်နေတဲ့ ဆက်ဆံရေးတချို့တော့ ရှိပါတယ်။ တရုတ်၊ရုရှားတို့နဲ့ ဆက်ဆံရေးမှာ အပေါင်းလက္ခဏာကို ကျော်လွန်တယ်ဆိုတဲ့အထိ အောင်မြင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က အောင်မြင်တာထက် သူတို့က ပိုအောင်မြင်နေတယ်ဆိုရင် ပိုပြီးတော့မှန်ပါလိမ့်မယ်။

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအဆင်ပြေတဲ့အတွက် ရုရှားက လက်နက်တွေနဲ့ တိုက်လေယာဉ်တို့လို စစ်သုံးပစ္စည်း တွေကိုရောင်းရပါတယ်။ တရုတ်ကလည်း မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေအပြင် ဈေးပေါပေါ နဲ့ ရနေတဲ့ နယ်စပ်က အဖိုးတန်မှောင်ခိုပစ္စည်းတွေကို အလျှံပယ် ရရှိနေပါတယ်။ ဒါ့အပြင့် လျှပ်စစ်ပစ္စည်း၊ ပလပ်စတစ် လူသုံးကုန်ပစ္စည်း၊ အသင့်ထုပ်ပိုးပြီးအစားအစာတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို လည်း မြန်မာပြည်ဈေးကွက်ထဲကို ဖြန့်ချီနေပါသေးတယ်။ အခုဆိုရင် အဝတ်အထည်တွေပါ ဝင်ရောက်လာနေ တာမျိုးကို တွေ့နေရပါတယ်။ သူ့အကျိုးကိုယ့်အကျိုးကို ကြည့်ပြီး နိုင်ငံအချင်းချင်းဆက်ဆံရေးကို ထိန်းသိမ်းလာ ခဲ့ကြတဲ့ အစဉ်အလာကို  တည်မြဲအောင် လုပ်နိုင်တာကပင် အောင်မြင်နေတယ်လို့ လက်ခံရမှာဖြစ်နေတယ်။

သူတို့တွေကလည်း ပြန်မကြည်ဘူးလားဆိုတော့ ကြည့်ကြပါတယ်။ မြန်မာအစိုးရ အကျပ်ရိုက်စေမယ့် အဆို တွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တခြားနိုင်ငံတွေကတင်သွင်းလာတဲ့အခါ ဗီဒိုအာဏာသုံးပြီး ပယ်ချ ပေးကြပါတယ်။ နည်းတဲ့ ကျေးဇူးတွေလား။ အမှန်တကယ် ကယ်တင်ရှင်ကြီးတွေပါ။ ဒါပေမဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ထင်သလောက်၊ပြောသလောက် မအောင်မြင်တာကိုတော့ ထင်ထင်ရှားရှားမြင်နေကြရတာပါပဲ။

ဟုတ်ပါပြီ။ နိုင်ငံခြားရေးမှာ မအောင်မြင်ရင်ဘာဖြစ်လဲ။ ကိုယ့်ပြည်တွင်းရေးကိုပဲ ကောင်းအောင်လုပ်နိုင်ရင်၊ တည်ငြိမ်အောင်လုပ်နိုင်ရင် ပြီးတာပဲ။ ဒါပေမဲ့ အစိုးရသစ်တက်လာပြီး သိပ်တောင်မကြာလိုက်ပါဘူး။ ဆန္ဒပြ ယဉ်ကျေးမှုက ပြန်လည်ထွန်းကားလာပါတော့တယ်။ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေမှာ မဖြေရှင်းနိုင်သေးတဲ့ အလုပ်သမားအရေးတွေ၊ လယ်ယာမြေသိမ်းဆည်းခံရမှုတွေ၊ကျူးကျော်ပြဿနာတွေ၊ ပြည်တွင်းစစ်ရပ်စဲရေးတောင်းဆိုသံတွေ၊အကျင့်ပျက်ဝန်ထမ်းအချို့ကြောင့် မတရားဖိနှိပ်ခံရတာတွေ အဲဒီလို ပြဿနာတွေကလည်း မမြင်ချင်မှအဆုံး မြင်နေရပါတယ်။

အုပ်ချုပ်ရေးပိုင်းမှာလည်း  ပြည်ထဲရေးအပေါ် သြဇာသက်ရောက်မှု လျော့နည်းသလို နိုင်နင်းစွာ ကိုင်တွယ်နိုင်ဖို့ လည်း အားထုတ်ကြိုးပမ်းတာမျိုးကို မတွေ့ရပါဘူး။ တိုးတက်လာတာဆိုလို့ ဆန္ဒပြပွဲ အရေအတွက်တွေကိုပဲ တွေ့နေရတော့တယ်။ အဲဒီလိုပဲ တရားစီရင်ရေးမှာလည်း လာဘ်စားမှုက မပျောက်သေးပါဘူး။ ဒါပေမဲ့ တရားရေးဝန်ထမ်းတွေကို အရေးယူလာတဲ့ အမှုတွေကတော့ တိုးလာတာအမှန်ပါပဲ။ အမှုတွေ တိုးလာတယ် ဆိုတော့ ယူတဲ့သူများလာတာလည်း ဖြစ်နိုင်ပါတယ်။


နောက်တစ်ခုရှိပါသေးတယ်။ ရာဇဝတ်မှုတွေလည်းတိုးလာနေတာပဲ။ နှစ်စဉ်နှစ်တိုင်းပဲ စံချိန်ဟောင်းကို ချိုးပြီး စံချိန်အသစ် တင်နေလေရဲ့။ တရားခံ ဖမ်းမမိတဲ့အမှုတွေလည်း တိုးလာတာပါပဲ။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဆိုရင် တစ်နှစ်ထက် တစ်နှစ် ကြောက်ခမန်းလိလိတောင် တိုးလာနေတာ ဒေါ်လာဈေးတက်တဲ့အတိုင်းပါပဲ။ ကုန်ဈေးနှုန်းတို့၊ စက်သုံးဆီတို့ ဈေးတက်တယ်ဆိုတာလောက်ကတော့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအားလုံး တက်လာတာကို မဆိုထားနဲ့ ပိုင်ရှင်မဲ့ ဖမ်းမိတဲ့နှုန်းကိုတောင် မမှီသေးပါဘူး။ ထူပြောလာနေတဲ့ ခိုးဆိုးလုယက် မှုတွေကလည်း တရားဥပဒေစိုးမိုးမှု လျော့နည်းနေသေးကြောင်း ထောက်ပြနေတာပါပဲ။


တဖက်မှာလည်း လက်မှတ်ထိုးမယ့်အဖွဲ့သာတိုးမလာပေမဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးကြတဲ့ အကြိမ်ရေကတော့ တိုးလာနေတာပဲ။ ဒီမိုကရေစီဖက်ဒရယ်မူကို ကိုင်ထားကြသူတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီမူကို ကိုင်ထားကြသူချင်း ညှိနှိုင်းမှုအဆင်မပြေသလို NCA (Nationwide Ceasefire Agreement) လမ်းကြောင်းအတိုင်းမသွားလိုတဲ့ အုပ်စုတွေကြား အခြေခံသဘောတူညီမှုတစ်ခုကို  မတည်ဆောက်နိုင်သေးပေ။

NCA ကို လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကဆိုရင်လည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များမှာ ပါဝင်လုပ်ဆောင်နေမှုကို ခေတ္တရပ်နားထားမယ်ဆိုတဲ့ ကြေညာချက်မျိုးထွက်လာတာကတော့ စဉ်းစားစရာဖြစ်လာပါတယ်။အရင်အစိုးရဖြစ်တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ကတည်းက ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေမှာ တစိုက်မတ်မတ်နဲ့ အားတက်သရော ပါဝင်လုပ်ဆောင်လာခဲ့တဲ့ အဖွဲ့အစည်းတစ်ခုက အခုလိုမျိုး ကြေငြာချက် ထုတ်ပြန်လာတာကို ကြည့်ရင် လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အောင်မြင်ဖို့ ကြန့်ကြာနေဦးမယ်ဆိုတဲ့ သဘောကို ဆောင်နေတာ တွေ့ရပါတယ်။

လိပ်ခဲတည်းလည်းဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေးတွေဟာလည်း ထင်သ လောက် ခရီးရောက်တာ မတွေ့ရပြန်ပါဘူး။ တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းနေပေမယ့် အစိုးရနဲ့ မြန်မာ့တပ်မ တော်တို့ရဲ့ ကိုင်စွဲထားတဲ့မူတွေက တထပ်တည်းမကျတဲ့အတွက် လိုတာထက်ပိုပြီး ကြန့်ကြာနေတယ်လို့ မြင်မိတယ်။

KNU ရဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညညာချက်မှာဆိုရင်  “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းညှိနှိုင်း ဆောင်ရွက်နေချိန်တွင် အစိုးရနှင့်တပ်မတော်ဘက်က NCA သဘော တူစာချုပ်တွင် ပါဝင်မှုမရှိသောခွဲမထွက်ရနှင့် တစ်ခုတည်းသောတပ်မတော် ကိစ္စရပ်များကို ဆွေးနွေးရန် တင်သွင်းလာပါသည်။ ယင်းကြိုတင်သတ်မှတ်ချက်များကို လက်ခံပြီးမှသာလျှင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် သဘောတူထားသော အကြောင်းအရာများကို ဆက်လက်ဆွေးနွေးမည် ဟူ၍ဖြစ်နေပါသည်။မိမိတို့အနေဖြင့် လုံခြုံရေးကို ကျေကျေလည်လည် ဆွေးနွေးပြီးမှသာလျှင် တစ်ခုတည်း သော တပ်မတော်ကဲ့သို့သောကိစ္စကို ဆက်လက်ဆွေးနွေးရမည် ဖြစ်သည်” ဟု ပါရှိလေသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာမှာ နှစ်ဦးနှစ်ဘက် ယုံကြည်မှုက အဓိကပါပဲ။ ဒါမှမဟုတ်ရင်တော့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမှာပါပဲ။

တိုင်းပြည်တစ်ခု ငြိမ်းချမ်းပြီးတိုးတက်လာဖို့ ဆိုတဲ့နေရာမှာ တိုင်းပြည်ရဲ့ စီပွါးရေးကလည်း အရေးပါလှပါတယ်။ တစ်ဦးချင်းဝင်ငွေ တိုးတက်လာတဲ့နိုင်ငံတစ်ခုမှာ နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP)လည်း  တိုးတက်လာတာ ပုံမှန်ပါပဲ။ မြန်မာပြည်မှာလည်း GDP ကတော့ နှစ်စဉ်တိုးလာနေတယ်၊ တစ်ဦးချင်းဝင်ငွေ တွေလည်း တိုးလာနေပါတယ်ဆိုတဲ့ စကားကို အစိုးရအဆက်ဆက်ပြောခဲ့ကြပေမဲ့ တစ်နေ့ တစ်နေ့ နိုင်ငံခြားကို ထွက်သွားနေကြတဲ့ အရေအတွက်ကို ကြည့်ရင် တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေမှန်ကို မြင်ကြရပါလိမ့်မယ်။

ပြန်ပြီးကျဆင်းလာဖို့မရှိတဲ့ ငွေကြေးဖောင်းပွမှုနှုန်းကြောင့်လည်း ပြည်တွင်းမှာ ရရှိနေကြတဲ့ မလောက်မငှလစာ နှင့် လိုက်မမှီကြတဲ့အခါ နိုင်ငံရပ်ခြားကို ထွက်ခွါကြရတာပါပဲ။ စာရင်းဇယားတွေနဲ့ စာရွက်တွေပေါ်မှာ လောက်သာ ဝင်ငွေတိုးနေလို့ကတော့ လုပ်သားအင်အားက အခုလိုယိုစီးမှု ဆက်ဖြစ်နေဦးလိမ့်မယ်။

ကုန်ဈေးနှုန်း ကျဆင်းဖို့ကလည်း လမ်းစပင် ရှာမတွေ့သေး။ လက်တစ်ဆုပ်စာ လူတစ်စုက နိုင်ငံရဲ့ ငွေကြေး ဈေးကွက်ကို ကစားနေကြတာလည်း ဖြစ်နိုင်ပါတယ်။ အလုပ်သမားပြဿနာများကိုလည်း ဖြေရှင်းရာမှာလည်း ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ပလူပျံအောင်ကြားနေရပါတယ်။ အထူးသဖြင့် ရန်ကုန် စက်မှုဇုန် အလုပ်သမားအရေးများ ဖြေရှင်းမှု နှောင့်နှေးနေတယ်၊ စည်းကမ်းချိုးဖောက်တဲ့ အလုပ်ရှင်တွေကို အရေးယူမှုတွေ လျော့နည်းနေတယ်ဆိုတဲ့ အသံတွေကို အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးနေ သူတွေ ဆီကကြားနေရပါတယ်။

နောက်တစ်ခါ တိုင်းပြည်ရဲ့ အရေးပါလှတဲ့ ဆက်သွယ်ရေးမှာ အော်ပရေတာတွေရဲ့ ဝန်ဆောင်မှုတွေကို ထိန်းသိမ်းကြပ်မတ်မှု အားနည်းတာကို တွေ့ရပါတယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ အရောင်းမြှင့်တင်ရေး(Promotion) အစီအစဉ်တွေမှာ မသိနားမလည်တဲ့ ပြည်သူတွေဆီက ငွေတွေကို နည်းမျိုးစုံနဲ့ ချူနေကြတာဟာ ရုပ်ဆိုးလွန်းပါတယ်။ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လုပ်နေကြတာဆိုရင်တော့ အဲဒီစာချုပ်တွေကို ပြင်ဖို့ လိုနေပြီလို့ ထင်ပါတယ်။

အစိုးရလုပ်ဖို့အတွက် ပြည်သူက သူတို့တာဝန်အတိုင်း မဲပေးရွေးချယ်လိုက်ပြီးပြီ။  ပြည်သူကို ပြန်ပေးရမယ့် ဝန်ဆောင်မှုတွေကိုလည်း အလေးထားဆောင်ရွက်ပေးရပါလိမ့်မယ်။ အခုတော့ လျှပ်စစ်မီးလို ပြဿနာမျိုး လောက်ကိုပင် ပြေလည်အောင် မဖြေရှင်းပေးကြတဲ့ အောက်ခြေဝန်ထမ်းတွေကြောင့်လည်း အစိုးရရဲ့ ပုံရိပ်ကို ကျဆင်းစေပါတယ်။ ဒါတင်ပဲလားဆိုတော့ အများကြီးရှိပါသေးတယ်လို့သာ ဖြေရပါလိမ့်မယ်။ စမ်းသပ်ခံနေရဆဲ ပညာရေး၊ လိုငွေပြနေဆဲ နိုင်ငံခြားကုန်သွယ်မှု၊ ဝင်ရောက်မှု လျော့နည်းလာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဒါတွေကို ဖြေရှင်းဖို့ဆိုတာကတော့ အချိန်ယူရမယ်လို့ ပြောချင်ကြပါလိမ့်မယ်။ သက်တမ်းတစ်ဝက်ကျော်လာ ချိန်မှာ ပြန်ပြီးသုံးသပ်ကြည့်ရင် အစိုးရအနေနဲ့ အမှန်တကယ် အောင်မြင်မှု ရနေတာတွေ ဘယ်လောက်များများ ရှိလို့ ကျဆုံးနေတာတွေက ဘယ်လောက်ရှိနေလဲဆိုတာ မြင်တွေ့နိုင်ပါလိမ့်မယ်။

နိုင်ငံတကာက မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ ဘင်္ဂါလီအရေး ဖြေရှင်းရေးမှာလည်း ချောမွေ့ပြေပြစ်မှုမရှိ တာကို တွေ့နေရပါတယ်။ OIC  အဖွဲ့ဝင် နိုင်ငံတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် နိုင်ငံတကာက  လိုတာ ထက်ပိုပြီး စိတ်ဝင်စားပြနေတဲ့ ဘင်္ဂါလီအရေး ပြဿနာမှာ မြန်မာ့တပ်မတော်အပေါ် ဖိအားသက်ရောက်သလို အစိုးရကိုယ်တိုင်လည်း နိုင်ငံတကာရဲ့ ဖိအားကိုခံနေရတာပါပဲ။

နှစ်နိုင်ငံ သဘောတူညီမှုနဲ့ လွှဲပြောင်းပေးကြတဲ့ အရေးကိစ္စမှာ နိုင်ငံတကာက အဆင်သင့်မဖြစ်သေးဘူး ဆိုတာကလည်း နားလည်ရခက်တဲ့ အခြေအနေတစ်ခုဖြစ်သည်။ ဘင်္ဂါလီအရေးနှင့်ပတ်သက်လာရင် အစိုးရဟာ နိုင်ငံတကာမျက်နှာစာမှာ မျက်နှာပန်းမလှသလို ဒေသခံတိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးမှာလည်း အောင်မှတ် မရပါဘူး။ ပင်လယ်ထွက်ပေါက်ရှိတဲ့ မောင်တောတောင်ပိုင်းက နေရာတွေမှာ ဘင်္ဂါလီတွေကို နေရာမချထားရေး ဒေသခံတိုင်းရင်းသားတွေက အဆက်မပြတ် တောင်းဆိုလာခဲ့ကြပေမဲ့ လစ်လျှူရှုခဲ့ကြပါတယ်။ ယုံကြည်မှု ပျောက်ဆုံးနေကြတဲ့ အသိုင်းအဝန်းနှစ်ခုကို အစိုးရကအာဏာနဲ့ ဆွဲကပ်လိုက်ရုံနဲ့ ဒီပြဿနာက ပြေလေသွားဖို့ မလွယ်ကူပါဘူး။

ဆိုတော့ အသံကောင်းဟစ် ပြနေရုံလောက်နဲ့တော့ တိုးတက်လာနေပါတယ်ဆိုတဲ့ အရာတွေကို လူတွေက လက်ခံကြမှာ မဟုတ်ပါဘူး။ သိသိသာသာ ပြောင်းလဲလာတဲ့ အခြေအနေမျိုး၊ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲမျိုးကို မမြင်ရဘဲနဲ့တော့ လက်ခံ ယုံကြည်ပေးဖို့ ခက်ခဲပါလိမ့်မယ်။ အဓိက တိုင်းပြည်ရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ထဝရငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့ဘက်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေမျိုးကို မတွေ့မြင်ရဘဲ အောင်မြင်နေပါတယ်၊ တိုးတက်နေပါတယ် ဆိုတာမျိုးကို လူတွေကလက်ခံ ယုံကြည်ပေးလိုက်ဖို့ကျတော့ တော်တော်လေး ခဲယဉ်းပါလိမ့်မယ်။ သံယောင်လိုက်ပြီး လိုက်အော်နေတတ်ကြတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေအနေနဲ့လည်း အစီရင်ခံစာထဲမှာသာ အောင်မြင်နေတာ မဟုတ်ဘဲ တကယ့်လက်တွေ့မှာ တိုးတက်မှုရှိမှသာ အောင်မြင်နေပါတယ်လို့ ကြွေးကြော်ကြစေလိုပါတယ်။

 ရမ္မာကျော်စော