အာဆီယံကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးမည်မဟုတ်ဟု စစ်တပ်ပြောခွင့်ရ ဆို

မြန်မာအာဏာပိုင်များအနေဖြင့် အာဆီယံ အထူးကိုယ်စားလှယ် အာဝင်ယူဆော့၏ ခရီးစဉ်အား တားမြစ်ထားခြင်း မရှိကြောင်း မြန်မာစစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

15 Oct 2021

မြန်မာစစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ အောက်တိုဘာ ၁၅

မြန်မာအာဏာပိုင်များအနေဖြင့် အာဆီယံ အထူးကိုယ်စားလှယ် အာဝင်ယူဆော့၏ ခရီးစဉ်အား တားမြစ်ထားခြင်း မရှိကြောင်း မြန်မာစစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သို့သော်လည်း ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည်မှာမူ ရာဇဝတ်မှုများနှင့် တရားစွဲဆိုခြင်း ခံထားရသူ ဖြစ်သဖြင့် အာဝင်ယူဆော့ကို သူမနှင့် တွေ့ခွင့်ပြုမည်မဟုတ်ကြောင်း သူက ပြောသည်။

မြန်မာစစ်တပ်က ခန့်အပ်ရန် အဆိုတင်သွင်းထားသည့် သံအမတ်အား ကုလသမဂ္ဂက အတည်ပြုရန် နှောင့်နှေးနေခြင်းသည် နိုင်ငံရေးလိုအင်ကြောင့်သာ ဖြစ်ပြီး ကုလနှင့် အခြားနိုင်ငံများ အဖွဲ့အစည်းများသည် “နိုင်ငံတကာ ရေးရာများနှင့် ပတ်သက်လျှင် စံနှုန်းနှစ်မျိုး ဖြစ်နေခြင်းမျိုးကို ရှောင်ရှားသင့်ကြောင်း” လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

စစ်တပ်ပြောခွင့်ရ၏ မှတ်ချက်များသည် ဗုဒ္ဓဟူးနေ့ရက်စွဲဖြင့် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သဘောတူခဲ့သည့် အာဆီယံဘုံသဘောတူညီချက်ကို စစ်အုပ်စုက အကောင်အထည်ဖော်ရန် နှောင့်နှေးနေမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားများပေးနေချိန်၌ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဆီယံအစီအစဉ်အပေါ် မြန်မာစစ်အုပ်စုဘက်က တုံ့ပြန်မှုမရှိခြင်းသည် “ဘွာခတ်ပြီး နောက်ပြန်ဆုတ်သည့်သဘော သက်ရောက်နေ” ပြီး အာဆီယံအဖွဲ့ဝင် အချို့သည်လည်း ယခုလကျင်းပမည့် အာဆီယံအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ကြားဘဲ ချန်ထားခဲ့ရန် ဆွေးနွေးနေကြကြောင်း အာဆီယံအထူးကိုယ်စားလှယ် အာဝင်ယူဆော့က ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

မိမိအနေဖြင့် မြန်မာနိုင်ငံရှိ အင်အားစုများအားလုံးနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိကာ နိုင်ငံရေးဘက်လိုက်မှုများ မရှိသလို သွားရောက်လည်ပတ်နိုင်ရေးကိုသာ ဂရုစိုက်လျှက်ရှိသည်ဟု အာဝင်ယူဆော့က ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားထားသည်။

စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကမူ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်သည် လွတ်လပ်ပြီး တရားမျှတမှုရှိကာ ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိုလည်း မျှတစွာစီရင်မည်ဖြစ်သလို တရားသူကြီးချုပ်သည်လည်း ယခင်အစိုးရက ခန့်အပ်ခဲ့သူသာ ဖြစ်ကြောင်း ပြောကြားသည်။