မြန်မာစစ်ကောင်စီနဲ့အိန္ဒိယဆက်ဆံရေး ဘယ်အခြေအနေရှိနေသလဲ

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးယောက်ကို ကြိုးပေးကွပ်မျက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံကလည်း တခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားလာနေတဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

By Admin 20 Dec 2022

မြန်မာစစ်ကောင်စီနဲ့အိန္ဒိယဆက်ဆံရေး ဘယ်အခြေအနေရှိနေသလဲ

အိန္ဒိယဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၁၉ ခုနှစ်က နေပြည်တော်တွင်တွေ့ဆုံစဉ်။ (ဓာတ်ပုံ - seniorgeneralminaunghlaing)

DMG | ဒီဇင်ဘာ ၂၀

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးယောက်ကို ကြိုးပေးကွပ်မျက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံကလည်း တခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေ ဆိုးရွားလာနေတဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

မနှစ်ကဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်က ရက်ရက်စက်စက်ဖြိုခွဲခဲ့ပေမယ့်လည်း ပြည်တွင်းမငြိမ်သက်မှုတွေကတော့ ဆက်ပြီး ဖြစ်ပေါ်နေဆဲပါပဲ။

နိုင်ငံရေးအကျဉ်းသားလေးယောက်ကို ကွပ်မျက်ပြီး နောက်တစ်ရက်မှာတော့ အိန္ဒိယသံတမန် Vinay Kumar နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အလားအလာတွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အိန္ဒိယရှုတ်ချခဲ့ပြီး သံတမန်ဆက်ဆံရေး မှာလည်း သတိကြီးကြီးထားခဲ့ပေမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲရလဒ် တရားဝင်မှုကို အိန္ဒိယနိုင်ငံက ထပ်ပြီး အတည်ပြုတာမျိုး မရှိသေးပါဘူး။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက အစိုးရဖွဲ့ဖို့ လွှတ်တော်မှာ နေရာအလုံအလောက်ရခဲ့ပါတယ်။

“အိန္ဒိယက မြန်မာစစ်တပ်ရဲ့ ခိုင်မာတဲ့မိတ်ဆွေအဖြစ် ဆက်လက်ရှိနေပြီး မြန်မာစစ်တပ်အပေါ် အလေးအနက်ထားကြောင်း ပြသနေပါတယ်။ အထူးသဖြင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရေရှည်ဆက်ဆံရေးပါ" လို့ ရန်ကုန်အခြေစိုက် တမ္မဒီပအင်စတီကျူ့ရဲ့ ဒါရိုက်တာ ခင်ဇော်ဝင်း က DW သတင်းဌာနကိုပြောပါတယ်။

"အိန္ဒိယက စစ်ကောင်စီနဲ့ဆက်ပြီး ဆက်ဆံသွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်း ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ဒါကစိုးရိမ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယပိုင်ဆိုင်ချင်တာ ဘာလဲဆိုတာပေါ်မူတည်ပြီး ကြီးမားတဲ့တာဝန်ယူစရာတွေ ဖြစ်လာလိမ့်မယ်" လို့လည်းပြောပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလေးယောက်ကို မြန်မာစစ်ကောင်စီက ကွပ်မျက်ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မှာခိုလှုံနေတဲ့ မြန်မာအတိုက်အခံတွေ စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေကို နယူးဒေလီအစိုးရက ပယ်ဖျက်ခဲ့ပါတယ်။

“အိန္ဒိယနိုင်ငံရဲ့ အထင်ကရနေရာ ဂျန်တာမန်တာမှာ လူအင်အား ၂၀၀ လောက်နဲ့ ဆန္ဒပြဖို့ စီစဉ်ထားပေမယ့် ပယ်ချခံခဲ့ရတယ်” လို့ဆန္ဒပြသူတစ်ဦးက DW ကိုပြောပါတယ်။

မြန်မာစစ်ကောင်စီနဲ့ မပူးပေါင်းရေးလှုပ်ရှားမှု

အိန္ဒိယနိုင်ငံမှာရောက်နေတဲ့ ပြည်ပြေးမြန်မာဒုက္ခသည်အများအပြားက အကြမ်းဖက်မှုတွေ ကျူးလွန်ပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီအပေါ် သတိပြုမိအောင်နဲ့ စစ်ကောင်စီအပေါ် အိန္ဒိယရဲ့ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းနေပါတယ်။

အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်ဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ရဲ့ နယ်စပ်ခရိုင်တွေဆီကို ချင်းဒုက္ခသည်ပေါင်း ၂၀၀၀၀ ကျော် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြပါတယ်။ ချင်းဒုက္ခသည်တွေဟာ မြန်မာနိုင်ငံနယ်စပ်တလျှောက်မှာ ရှိတဲ့ ပြည်နယ်တောင်ပိုင်းခရိုင် အနှံ့အပြားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။

ဒုက္ခသည်လက်ခံရေးနဲ့ ပတ်သက်ပြီး ချင်းလူမျိုးတွေက သူတို့ရဲ့လူမျိုးစု တိုင်းရင်းသားညီအစ်ကို တွေဖြစ်တယ်လို့ ယူဆထားတဲ့ Young Mizo Associarion နဲ့ Mizo Baptist Church လို အင်အားကြီး အဖွဲ့အစည်းတွေက ကိုင်တွယ် ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံက တောင်အာရှနဲ့ အရှေ့တောင်အာရှရဲ့ တံတားတစ်စင်းသဖွယ် ဖြစ်နေပါတယ်။ အိန္ဒိယရဲ့သံတမန်ရေးရာ ရေချိန်မှာ မြန်မာနိုင်ငံက တံတားတစ်စင်း ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့အရေးပါမှုကလည်း သိသာထင်ရှားပါတယ်။

နှစ်နိုင်ငံစလုံးက ရှည်လျားတဲ့ ကုန်းမြေနယ်နိမိတ် ကီလိုမီတာ ၁၆၀၀ (၉၉၄ မိုင်) ကျော်ထိစပ်နေပြီး ဘင်္ဂလား ပင်လယ်အော်မှာလည်း ရေကြောင်းနယ်နိမိတ် ထိစပ်နေပါတယ်။ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် အရေးပါပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ လှုပ်ရှားနေတဲ့ အိန္ဒိယလက်နက်ကိုင်တွေကို နှိမ်နင်းဖို့နဲ့ ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်တွေမျှဝေဖို့ နှစ်နိုင်ငံသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားကြ ပါတယ်။

ဒါ့အပြင် နယူးဒေလီအစိုးရအတွက် အသုံးဝင်တဲ့ သဘာဝဓာတ်ငွေ့၊ ရေနံနဲ့ ရှားပါးသတ္တုတွေ အပါအဝင် သဘာဝ သယံဇာတပစ္စည်းတွေက မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ အိန္ဒိယနည်းပညာမြင့် စက်မှုလုပ်ငန်းတွေအတွက် အသုံးဝင်တဲ့ သယံဇာတတွေကြောင့် မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကိုထိန်းသိမ်းတာက အိန္ဒိယအကျိုးစီးပွားကို ထိန်းသိမ်းတာပဲလို့ နယူးဒေလီအစိုးရက ရှုမြင်ထားပါတယ်။

နိုင်ငံခြားရေးမူဝါဒတွေအပေါ် လေ့လာသုံးသပ်သူတွေကတော့ မြန်မာနိုင်ငံအပေါ် အိန္ဒိယရဲ့ ချဉ်းကပ်မှုတွေကို နားလည်နိုင်ဖို့ဆိုရင် တရုတ်နိုင်ငံရဲ့ ပြိုင်ဆိုင်မှုတွေကတဆင့် နားလည်ဖို့လိုအပ်တယ်လို့ပြောပါတယ်။

ကြားနေဖို့ကြိုးစားခြင်း

မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးမှာ အိန္ဒိယက ကြားနေဖို့ကြိုးစားနေပေမယ့် ဒါကမှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဆလိုင်းအိုက်ဇက်ခင် က DW ကို ပြောပါတယ်။

အိန္ဒိယရဲ့မြန်မာနိုင်ငံဆိုင်ရာ မူဝါဒက မြန်မာအပေါ်ထားတဲ့ တရုတ်သဘောထားနဲ့ တိုက်ရိုက်ပတ်သက်နေပြီး မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေအပေါ် ထောက်ပံ့ပေးတာမျိုးမှာ အားနည်းနေသေးတယ် လို့လည်း သူကပြောပါတယ်။

အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း စစ်ကောင်စီကို ထောက်ပံ့ပေးနေမယ်လို့ တရုတ်ဘက်က ကြေညာခဲ့ပါ တယ်။ နေပြည်တော်နဲ့ ဆက်ဆံရေးခိုင်မြဲဖို့ ဘေဂျင်းက ဆန္ဒရှိပါတယ်။ ဒါက အိန္ဒိယကို သောကမကင်းဖြစ်စေပါ တယ်။

ရခိုင်ပြည်နယ်က ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ယူနန်ပြည်နယ်အထိ သယ်ယူမယ့် စီးပွားရေးစင်္ကြံစီမံကိန်းတွေက တရုတ်ရဲ့BRI အောက်မှာ ရှိနေပြီး ဒေါ်လာ ၁၀၀ ဘီလီယံတန် စီမံကိန်းတွေက မြန်မာစစ်ကောင်စီအပေါ် လွှမ်းမိုးနေပါတယ်။

မတူကွဲပြားသော ဆက်ဆံရေး

အိန္ဒိယက သူ့ရဲ့ပထဝီဗျူဟာဆိုင်ရာ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာစစ်တပ်နဲ့ သတိကြီးကြီးထား ဆက်ဆံနေရတယ်လို့ တချို့ကပြောပါတယ်။

“အိန္ဒိယမှာ မတူကွဲပြားတဲ့ဆက်ဆံရေးမျိုး ရှိနေတယ်။ တစ်ဘက်ကိုကြည့်ရင် ကွပ်မျက်တာကို ရှုတ်ချခဲ့တဲ့အပြင် မနှစ်ကပဲ မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ ရန်ကုန်မြို့ ဆိပ်ကမ်းသစ်တည်ဆောက်ရေး စီမံကိန်းကနေ Gautam Adani နှုတ်ထွက်ခဲ့တယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ ခရစ္စဆီဒိုတီက DW ကိုပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ဆိုတာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုရရှိရေးအတွက် ကူညီပေးနေတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာကျွမ်းကျင်သူများ အဖွဲ့အစည်းပါ။

“နောက်တစ်ဘက်မှာလည်း စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ နိုင်ငံရေးအရ နီးကပ်တဲ့ဆက်ဆံရေး ရှိနေတယ်။ အိန္ဒိယအတွက် အကောင်းဆုံးဖြစ်စေမယ့် အကျိုးစီးပွားက တည်ငြိမ်အေးချမ်းပြီး သာယာဝပြောတဲ့ အပြန်အလှန် ဆက်ဆံရေးမှာ တည်မှီနေတယ်” လို့လည်း ခရစ္စက ပြောပါတယ်။

အိန္ဒိယနဲ့ တရုတ်အပြင် ဂျပန်ကလည်း စစ်အာဏာရှင်တွေဘက် လက်ကမ်းခဲ့ပါတယ်။ ကမ္ဘောဒီးယားကလည်း စစ်အုပ်စုနဲ့ဆက်ဆံရေး တိုးမြှင့်ခဲ့ပါတယ်။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေမှာ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားကို အိန္ဒိယအပြင် အခြားနိုင်ငံတချို့လည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာစစ်တပ်ကို အကူအညီပေးနေရင် သူ့အပေါ် အကျပ်အတည်းတွေ ကျရောက်လာမယ် ဆိုတာကိုလည်း အိန္ဒိယကနားလည်ထားပါတယ်။ ဒါက အိန္ဒိယအတွက် ဒုက္ခသည်အကျပ်အတည်းကို ဖြစ်လာစေနိုင်တယ်လို့ နားလည်ထားပြီး ၂၀၁၇ မွတ်ဆလင်ဒုက္ခသည်အရေးအခင်းလို မျိုးနဲ့ ပုံစံဆင်တူပါလိမ့်မယ်။ စစ်တပ်က မြန်မာ့နိုင်ငံရေးကနေ ချက်ချင်းထွက်သွားမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ယုံကြည်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ အကောင်းဆုံးဆက်ဆံရေး ရရှိဖို့နည်းလမ်းက NUG ကိုလက်ခံဖို့နဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အထောက်အပံ့ပေးဖို့ပဲ ဖြစ်တယ်လို့ ဆီဒိုတီက ယုံကြည်ထားပါတယ်။

“ဒါက နိုင်ငံတော်အာဏာကို NUG ဆီပေးခဲ့ပြီး စစ်တန်းလျားဆီပြန်ဖို့ စစ်ကောင်စီကို နိုင်ငံရေးနဲ့ စီးပွားရေးအရ ဖိအားတွေဖြစ်လာစေလိမ့်မယ်” လို့ ဆီဒိုတီကဆိုပါတယ်။

ဘုန်းမောင်

DW တွင်ဖော်ပြထားသော “What is India's relationship to Myanmar’s Military junta?” ကို ဆီလျော်အောင် ရေးသားပါသည်။

ဗီဒီယိုများ