- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
- ၅၅ ရက်ကြာ နယ်စပ်စခန်းသိမ်းတိုက်ပွဲနဲ့ AA ရဲ့ ဗျူဟာမြောက်ထိုးစစ်
- အမ်းက စစ်ဘေးရှောင် ၅,၀၀၀ ကျော် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
စစ်တွေတွင် ကျေးရွာ ၄ ရွာမှ ဒေသခံများကို စစ်ကောင်စီ နှင်ထုတ်
ကျေးရွာသားအများစုမှာ ယခင်ကတည်းက လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးနေကြပြီး အိမ်စောင့်အဖြစ် ကျန်နေသူအချို့သာရှိသော်လည်း ယခုအခါ အားလုံးကို စစ်ကောင်စီက နှင်ထုတ်နေခြင်းဖြစ်သည်။
09 Dec 2024
DMG ၊ ဒီဇင်ဘာ ၉
စစ်ကောင်စီထိန်းချုပ်ရာ ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာ ၄ ရွာမှ ဒေသခံများကို စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်နေကြောင်း ဒေသခံများမှ သိရသည်။
သိန်းတန်၊ ရာတန်၊ ကျားမသောက်၊ နာရီကန် စသည့်ကျေးရွာများက အုပ်ချုပ်ရေးမှူးနှင့် ရွာတာဝန်ခံများကို စစ်ကောင်စီက ဒီဇင်ဘာ ၈ ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြီး ကျေးရွာသားများအနေဖြင့် သုံးရက်အတွင်း ရွာမှ ထွက်သွားကြရန် သတိပေးခဲ့သည်။
“ဒီဇင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီးတော့ ရွာမှာ အိမ်စောင့်အဖြစ် ကျန်ရှိနေသေးတဲ့ ကျေးရွာသားတွေကို ၃ ရက်အတွင်းမှာ ရွာက ထွက်ခွာကြဖို့ ခေါ်ယူ သတိပေးထားတယ်။ မြို့တက်နေချင်ရင်နေ၊ မနေချင်ရင် ကိုယ်ကြိုက်တဲ့ နေရာကိုသွားဆိုပြီး ပြောတယ်။ ရွာသားတွေကတော့ ဘယ်ကိုသွားရမယ်ဆိုတာ မသိရသေးဘူး” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာများတွင် စစ်ကောင်စီက တပ်စွဲနေထိုင်ပြီးနောက် ဒေသခံများကို နှင်ထုတ်နေခြင်းဖြစ်သည်။ ကျေးရွာသားအများစုမှာ ယခင်ကတည်းက လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးနေကြပြီး အိမ်စောင့်အဖြစ် ကျန်နေသူအချို့သာရှိသော်လည်း ယခုအခါ အားလုံးကို နှင်ထုတ်နေခြင်းဖြစ်သည်။
နှင်ထုတ်ခံရသည့် ကျေးရွာများရှိ အရပ်သားပိုင် အိုးအိမ်များကို စစ်ကောင်စီနှင့် အပေါင်းပါ မွတ်ဆလင်များက ဖျက်ဆီးနေမှုများလည်း ရှိနေသည်ဟု ရာတန်ကျေးရွာမှ တိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။
“ကျနော်တို့ စစ်ရှောင်လာတုန်းကတော့ ရွာမှာ အိမ်စောင့်အဖြစ် အမျိုးသားတစ်ချို့ ကျန်ခဲ့ကြသေးတယ်။ အခု သူတို့ကိုလည်း ရွာက နှင်ထုတ်နေတယ်ဆိုတော့ သူတို့ဘယ်မှာသွားနေကြမယ် ဆိုတာတော့ မသိဘူး။ ရွာမှာက လူမရှိတော့တဲ့ အိမ်တွေဆိုရင် စစ်ကောင်စီက မွတ်ဆလင်တွေနဲ့ ပေါင်းပြီးတော့ အိမ်တွေကို ဖျက်ဆီးနေကြတာတွေ ရှိတယ်လို့ သိရတယ်။ တစ်ချို့ လူလုံးဝမရှိတော့တဲ့ ရွာတွေဆိုရင် အိမ်တွေတောင် မရှိတော့ဘူး” ဟု ပြောသည်။
ရခိုင်စစ်ပွဲပြင်းထန်နေမှုကြောင့် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီက နှင်ထုတ်လိုက်သည့် ကျေးရွာပေါင်း ၁၄ ရွာထက်မနည်း ရှိသည်။ နှင်ထုတ်ခံရသူများမှာ စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီနေထိုင်ကာ စားဝတ်နေရေးခက်ခဲမှုများ နှင့် ရင်ဆိုင်နေကြရသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း စစ်ကောင်စီက ရေချမ်းပြင်ကျေးရွာသားများကို နှင်ထုတ် ခဲ့သလို နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ပါဒလိတ်ကျေးရွာသားများကို နှင်ထုတ်ခဲ့သည်။
“မောင်တော AA လက်ထဲ ကျရောက်သွားတော့ ဒီတစ်ခါစစ်တွေအလှည့် ဆိုပြီးတော့ စစ်ကောင်စီက စစ်ရေးပြင်ဆင်နေတာဖြစ်တယ်။ အဓိက AA စစ်ချီလာမယ့် လမ်းကြောင်းတွေမှာ ဒေသခံတွေ မရှိအောင် ရှင်းလင်းထားတဲ့သဘော မြင်ရတယ်။ ဒါပေမဲ့ အဲဒီကျေးရွာသားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အတင်းရွှေ့ပြောင်းခိုင်းတာကတော့ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်” ဟု ရခိုင်ဒေသခံ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးက သုံးသပ်သည်။
စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်းမှာ စစ်ရေးပြင်ဆင်မှုများကို တိုးမြှင့်လုပ်ကိုင်နေပြီး ပြည်မဖက်မှ စစ်ကောင်စီတပ်သားများကို စစ်သင်္ဘောများနှင့် ပို့ဆောင်နေသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပတ်ဝန်းကျင်တစ်ခုကို ဝန်ရံပိတ်ဆို့ကာ ခံစစ်ပြင်ဆင်ထားပြီး ဒေသခံများကို စစ်တွေမြို့တွင်း တစ်ခုတည်း၌သာ လှောင်ပိတ်ထားသည်ဟု သိရသည်။