၅၅ ရက်ကြာ နယ်စပ်စခန်းသိမ်းတိုက်ပွဲနဲ့ AA ရဲ့ ဗျူဟာမြောက်ထိုးစစ်

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာ ၈ ရက်၊ နံနက် ၉ နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် မောင်တောဒေသတစ်ခုလုံးအား AA က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။

By Admin 11 Dec 2024

မောင်တော နခခ(၅)စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ (ဓာတ်ပုံ - AA Info Desk)
မောင်တော နခခ(၅)စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဒီဇင်ဘာ ၁၁ 

မြန်မာ - ဘင်္ဂလားဒေ့်ရှ်နယ်စပ် မောင်တောမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ကြေညာသည်။ 

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာ ၈ ရက်၊ နံနက် ၉ နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် မောင်တောဒေသတစ်ခုလုံးအား AA က အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

နခခ (၅) စခန်းကို AA က ပြီးခဲ့သည့် နှစ်လခန့်ကပင် ဝိုင်းရံပိတ်ဆို့ထားပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ AA ၏ ထိုးစစ်မှာ ရက်ပေါင်း (၅၅) ရက်ခန့် ကြာမြင့်ခဲ့ပြီး အရှည်ကြာဆုံး စခန်းသိမ်းတိုက်ပွဲတစ်ခုလည်း ဖြစ်ခဲ့သည်။ 

နခခ (၅) စခန်းသည် မောင်တောမြို့၊  မြို့သူကြီးရပ်ကွက်တွင် တည်ရှိပြီး စစ်ကောင်စီ အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်သည်။ စခန်းပတ်လည်ကို သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားကြောင်း AA ၏ ဒီဇင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှ သိရသည်။ 

အချို့နေရာများ၌ ပေ (၂၀) ခန့်ကျယ်သော ရေမြောင်းများ ဖောက်လုပ်ထားပြီး စူးချွန်များ ထောင်ထားသည်။ ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်တွင် အခိုင်အမာတည်ဆောက်ထားသော ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိကာ စခန်းအတွင်း၌ ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး (၃၀) ကျော် ရှိသည်။  

သဘာဝတရား၏ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးတွင် ချောင်းတစ်ခု ကာဆီးထားပြီး AA တပ်ဖွဲ့ဝင်များအတွက် အလွယ်တကူ ဖြတ်သန်းရန် မလွယ်ကူသော အနေအထားမျိုးဖြင့် တည်ရှိနေ၍ တစ်လက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည့် စခန်းကြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။  

AA ထုတ်ပြန်သော နခခ (၅) စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းတွင်လည်း AA တပ်ဖွဲ့ဝင်များသည် စခန်းအားထိုးစစ်ဆင်ရန် မြေအောက်တွင်းကျင်းများကို တစ်ဆင့်ချင်းတူးဖော်ပြီး ထိုးစစ်ဆင်ခဲ့ရသည်ကို တွေ့ရသည်။ 

နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်းပေါင်း (၁,၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့ပြီး မိုင်းရှင်းလင်းရေးတပ်ဖွဲ့ဝင်အချို့ အသက်နှင့်ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရကြောင်း AA က ဆိုထားသည်။   

စစ်ကောင်စီသည် နခခ (၅) စခန်းထဲမှနေ၍ RSO၊ ARSA၊ ARA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၊ စစ်သင်တန်းပေးထားသည့် မွတ်ဆလင်များဖြင့် AA ထိုးစစ်ကို ခုခံတိုက်ခိုက်ခဲ့သည်။ 

ယင်းအပြင် မောင်တောဒေသနှင့် ကပ်လျက်ရှိသော အခြားသောမြို့များမှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံးသည် နခခ (၅) စခန်းထဲမှ အဆင့်ဆင့်သော မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူများဖြင့် AA ၏ ထိုးစစ်ကို အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည်။ 

နခခ (၅) ထိုးစစ်ကာလအတွင်း တပ်ဖွဲ့ဝင်များအနေဖြင့် နည်းဗျူဟာမြောက်စွာ ထိုးစစ်ဆင်နိုင်ခဲ့သည့်အပြင် တပ်မဟာအချင်းချင်း ဟန်ချက်ညီ ပူးပေါင်းထိုးစစ်ဆင်နိုင်ခဲ့၍ ဒီဇင်ဘာ ၈ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဟု AA က ဆိုသည်။ 

ထိုးစစ်အတွင်း မှတ်တမ်းနှင့် သိမ်းဆည်းရမိသော စာရင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၅၀) အထက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

အလားတူ နခခ-၅ စခန်းသိမ်းတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိအပါအဝင် စစ်ကောင်စီတပ်သား အမြောက်အမြားနှင့် RSO၊ ARSA၊ ARA နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်။ 

နခခ (၅) ထဲမှ ထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပေါင်းအပါများကို  AA တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးအရ အရေးကြီးသည့် မောင်တောမြို့နယ်တစ်ခုလုံးကို AA က စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံမှုကြားက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

နခခ (၅) စခန်းအား သိမ်းပိုက်ရရှိနိုင်ရေးအတွက် ပြင်းထန်သည့် ထိုးစစ်များအတွင်း သတ္တိပြောင်မြောက်သော တပ်ဖွဲ့ဝင်များ၊ အသက်၊ ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့ကြသော တပ်ဖွဲ့ဝင်များကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း AA က ထုတ်ပြန်ထားသည်။