ကျောက်တလုံးစခန်းမှ ဒုက္ခသည်များ ယခုရက်ပိုင်းအတွင်း နေရာသစ်သို့ပြောင်းရွေ့မည်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံးစခန်းမှ မွတ်ဆလင်ဒုက္ခသည်များမှာ လာမည့် ဧပြီလ ၂၃ ရက်နေ့မှစ၍ နေရာသစ်သို့ပြောင်းရွေ့နေထိုင်မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

By Admin 21 Apr 2023

ကျောက်တလုံးစခန်းမှ မွတ်ဆလင်ဒုက္ခသည်များပြောင်းရွေ့မည့် နေရာသစ်အား တွေ့ရစဉ်။
ကျောက်တလုံးစခန်းမှ မွတ်ဆလင်ဒုက္ခသည်များပြောင်းရွေ့မည့် နေရာသစ်အား တွေ့ရစဉ်။

DMG ၊ ဧပြီ ၂၁

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံးစခန်းမှ မွတ်ဆလင်ဒုက္ခသည်များမှာ လာမည့် ဧပြီလ ၂၃ ရက်နေ့မှစ၍ နေရာသစ်သို့ပြောင်းရွေ့နေထိုင်မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်ကောင်စီက ဒုက္ခသည်များအား ပြီးခဲ့သည့် မတ်လကုန်တွင် နေရာသစ်သို့ပြောင်းရွေ့ရန် ပြောဆိုခဲ့သော်လည်း အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်ကာလဖြစ်သဖြင့် ပြောင်းရွေ့မည့်ရက်ကို ရွေ့ဆိုင်းထားခဲ့သည်။

လက်ရှိမှာ ဥပုသ်ကာလပြီးဆုံးပြီဖြစ်၍ လာမည့် မေလ ၁၅ ရက်နေ့နောက်ဆုံးထားကာ နေရာသစ်သို့ ပြောင်းရွေ့နေထိုင်ရမည်ဖြစ်ကြောင်း ကျောက်တလုံးဒုက္ခသည်စခန်းတာဝန်ခံ ဦးမော်နီက ပြောသည်။

“နေရာသစ်မှာတော့ လုပ်ငန်းဆောင်ရွက်မှုတွေ နည်းနည်းလေး ကျန်ပါသေးတယ်။ ဒါပေမဲ့ ပြောင်းရွေ့လို့တော့ရပြီ။ လိုအပ်တာတချို့ကိုတော့ အဲဒီမှာနေထိုင်ရင်း လုပ်သွားမယ်” ဟု ဦးမော်နီက ဆိုသည်။

မွတ်လင်ဒုက္ခသည်များကို လက်ရှိနေထိုင်ရာ ကျောက်တလုံးစခန်းနှင့် ၂ ဖာလုံဝေးသည့် ဂုံးချိန်ရွာအနီး မြေနေရာတွင် ပြောင်းရွေ့နေထိုင်ရန်အတွက် စစ်ကောင်စီက စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါနေရာတွင် ဒုက္ခသည်များအတွက် မိသားစုတစ်စုလျှင် အလျားပေ ၄၀ ၊ အနံပေ ၃၀ ရှိသော နေအိမ်တစ်လုံးနှင့် ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ (သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း အမျိုးအစား) တန်ဖိုးနည်းအိမ်များကို ဆောက်လုပ်ပေးထားသည်။

ယင်းအပြင် စာသင်ကျောင်း၊ ရေလောင်းအိမ်သာ၊ ဘက်စုံသုံးဂိုဒေါင်၊ ဆေးပေးခန်းနှင့် အုပ်ချုပ်ရေးမှူးရုံး၊ ရေရရှိရေးလုပ်ငန်း၊ မီးသွယ်တန်းခြင်း၊ ဆည်ဖို့ခြင်း၊ ကျောက်ချောလမ်းခင်းခြင်း တို့ကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေရာသစ်သို့ ပြောင်းရွေ့ရမည်ဖြစ်သော်လည်း လုပ်ငန်းဆောင်ရွက်မှုများ မပြီးစီးသေးသဖြင့် အခက်အခဲဖြစ်မည်ကို စိုးရိမ်ကြောင်း ကျောက်တလုံးစခန်း အမည်မဖော်လိုသည့် မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။

“နေရာသစ်မှာ ဆည်ရှိတဲ့အတွက် ရေက အနည်းငယ်အဆင်ပြေတယ်။ မီးကတော့ ကြိုးသွယ်တန်းထားပြီ ဖြစ်ပေမယ့် နေအိမ်တွေမှာ မတင်ဆင်ရသေးဘူး။ လမ်းတွေ၊ ကျောင်းတွေကလည်း မပြီးသေးဘူး။ ဘယ်အကြောင်းကြောင့် အမြန်ဆုံး ပြောင်းရွေ့ခိုင်းတာလဲတော့ မသိဘူး။ ဒီကာလက ရာသီဥတုလည်း အရမ်းပူတော့ ကျန်းမာရေးလည်း စိုးရိမ်စရာပါ” ဟု ၎င်းက ပြောသည်။

ကျောက်တလုံးဒုက္ခသည်များ နေရာသစ်သို့ ပြောင်းရွေ့မည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကိုသိရှိရန်အတွက် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းကို DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လောလောဆယ် မသိချင်ပါနဲ့အုံး” ဟု ဖြေကြားခဲ့သည်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်အတွင်း ပဋိပက္ခဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့ရှိ အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ တမန်ချောင်းရပ်ကွက်နှင့် ပြင်ဖြူမော်ရပ်ကွက်တို့တွင် နေထိုင်ခဲ့ကြသည့် အိမ်ထောင်စု ၃၆၈ စု၊ လူဦးရေ ၁,၀၀၀ ကျော် တို့ကို ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် နေရာချပေးခဲ့ခြင်း ဖြစ်သည်။

#R010