မြောက်ဦးမြို့နယ်တွင် ပျောက်ဆုံးနေသူများအနက် လူလေးဦး၏ ရုပ်အလောင်းကိုတွေ့ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး လူ (၁၃)ဦး ပျောက်ဆုံးခဲ့ရာ ယင်းအထဲမှ အမျိုးသားသုံးဦး၏အလောင်းကို ယနေ့ မတ်လ ၂ ရက်နေ့က တွေ့ရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

By နှင်းနွယ် 02 Mar 2020

နှင်းနွယ် | DMG

မတ် ၂ ၊မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး လူ (၁၃)ဦး ပျောက်ဆုံးခဲ့ရာ ယင်းအထဲမှ အမျိုးသားသုံးဦး၏အလောင်းကို ယနေ့ မတ်လ ၂ ရက်နေ့က တွေ့ရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ရုပ်အလောင်းများကို မြောင်းဘွေကျေးရွာမှ တစ်မိုင်ခန့်အကွာ ရှမ်းတောင်ကျေးရွာအနီးရှိ တံတားအောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ လက်သန်းချေကျေးရွာမှ ကိုမောင်ကျော်ခိုင်(၃၆ နှစ်) ၊ ကျွဲတဲကျေးရွာမှ ကိုမောင်သန်းဌေး (၃၉ နှစ်)နှင့် ဘူးတလုံးမွတ်ဆလင်ကျေးရွာမှ ဟာဘီအာလောင် (၅၂ နှစ်)တို့ ဖြစ်သည်။

“သူတို့အလောင်းတွေကို ရှမ်းတောင်မှာနေတဲ့ မွတ်စလင်တွေက စတွေ့တာ။ အလောင်းတွေက ရုပ်တွေ ပျက်နေပီ။ အလောင်းတွေကို ဓားနဲ့လည်ပင်းကိုလှီးထားတယ်။ ပြီးတော့ ရင်ဘတ်တွေမှာရော ဓားဒဏ်ရာတွေ၊ သေနတ်ဒဏ်ရာတွေနဲ့ သေနေကြတာ”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့သုံးဦးမှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ မြောင်းဘွေကျေးရွာအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲအပြီး တပ်မတော်၏ ဖမ်းဆီးမှုခံရသူများဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

၎င်းတို့အထဲက ကိုမောင်ကျော်ခိုင်မှာ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ငါး၊ပုဇွန်များကို ရန်ကုန်သို့ ပို့ဆောင်ရန်အတွက် ကျွဲတဲကျေးရွာအနီးတွင် ကားပေါ်သို့တင်နေစဉ် တပ်မတော်၏ ဖမ်းဆီးမှုခံရသူဟု လက်သန်းချေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောသည်။

အလားတူ ကျွဲတဲကျေးရွာမှ ကိုမောင်သန်းဌေးဆိုသူလည်း မိမိကျေးရွာမှ မြောင်းဘွေကျေးရွာသို့လာစဉ် လမ်းတွင်ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဟာဘီအာလောင်မှာလည်း ယင်းအနီးတစ်ဝိုက်တွင် ပျောက်ဆုံးသွားခြင်းဖြစ် ကြောင်း မိသားစုဝင်နှင့် ဒေသခံများထံက သိရသည်။

ထို့ပြင် ယမန်နေ့ မတ်လ ၁ ရက်နေ့ကလည်း ရွှေလံှကျေးရွာမှ ပျောက်ဆုံးနေသူ ဦးမောင်စောလှိုင် (၄၇ နှစ်) ၏ ရုပ်အလောင်းကို မြောင်းဘွေတံတားအနီးတွင် တွေ့ရှိခဲ့သည်ဟု မိသားစုဝင်များထံက သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်ချက်ရရှိရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဆက်သွယ် ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မြောင်းဘွေကျေးရွာအနီးတွင် တပ်မတော်ယာဉ် (၁၈)စီးကို ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲကြောင့် ဘူးတလုံး၊ အမြောက်တောင်၊ လက်သန်းချေ၊ ကျွဲတဲ၊ ရွှေလှံကျေးရွာမှ ဒေသခံ (၉)ဦး သေဆုံးသွားပြီး (၁၈)ဦးဒဏ်ရာရရှိသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုး နွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ