စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား 

တောင်ကုတ်မြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများမှာ မြို့ကို စွန့်ခွာပြီး အမ်းရိုးတောင်ကို ခြေလျင်ဖြတ်ကျော်ကာ ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။ 

By Admin 23 Nov 2024

တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားတွင် သွားလာနေသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ်။ 
တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားတွင် သွားလာနေသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ်။ 

DMG ၊ နိုဝင်ဘာ ၂၃ 

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ ဒေသခံ ၄၀ ခန့်မှာ တောလမ်းမှတစ်ဆင့် ပြည်မဘက်သို့ စစ်ဘေးရှောင်စဉ် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း သတင်းရရှိသည်။ 

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့သို့ မရောက်မီ လမ်းခုလတ်တစ်နေရာတွင် နိုဝင်ဘာလ ဒုတိယအပတ်က ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ 

“မိသားစုတွေစုပြီးသွားကြတာ။ ဗမာပြည်ပိုင်နက်ထဲအရောက်၊ ရိုးတောင်ကအဆင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေနဲ့ တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာ” ဟု DMG ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ဖမ်းဆီးခံထားရသူများမှာ တောင်ကုတ်မြို့မှ အသက် ၃၀ ကျော်အရွယ် ဒေါ်မကြည် အပါအဝင် ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၀ ခန့်ရှိပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးပေ။ 

“အဆက်သွယ်ရဖို့အတွက် ကြိုးစားနေကြတယ်။ ပြည်ဘက်ကို ရှေ့ကတစ်ဖွဲ့၊ နောက်ကတစ်ဖွဲ့ သွားကြတာ။ ရှေ့ကအဖွဲ့က စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံရတာ။ နောက်က အဖွဲ့ကတော့ ပြည်မဘက်ကို ဘေးကင်းကင်းနဲ့ ရောက်သွားကြတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

တောင်ကုတ်မြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများမှာ မြို့ကို စွန့်ခွာပြီး အမ်းရိုးတောင်ကို ခြေလျင်ဖြတ်ကျော်ကာ ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။ 

ထိုသို့ထွက်ပြေးရာတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို မကြာခဏခံနေရပြီး အချို့မှာလည်း ရောဂါအခံကြောင့် အမောဖောက်ကာ လမ်းခုလတ်၌ သေဆုံးမှုများ ရှိနေသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်မှ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးမှာ ပြည်မဘက်သို့ စစ်ဘေးရှောင်စဉ် ရိုးတောင်ပေါ်တွင် အမောဖောက်ကာ သေဆုံးသွားခဲ့သည်။ 

လက်ရှိတွင် တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ - ၅)၊ ခမရ ၃၄၆၊ ၅၄၄ တပ်ရင်းအပါအဝင် တပ်စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေသည်။