မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော

မောင်တောဒေသတွင် မွတ်ဆလင်လက်နက်ကိုင် ARSA၊ RSO၊ ARA အဖွဲ့ဝင်များနှင့် AA တပ်ဖွဲ့ဝင်များကြား ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA) က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

By Admin 11 Dec 2024

ARSA က လတ်တလော ထုတ်ပြန်ထားသော ဗီဒီယိုဖိုင်တွင် တွေ့ရသော တပ်ဖွဲ့ဝင်အချို့။ 
ARSA က လတ်တလော ထုတ်ပြန်ထားသော ဗီဒီယိုဖိုင်တွင် တွေ့ရသော တပ်ဖွဲ့ဝင်အချို့။ 

DMG ၊ ဒီဇင်ဘာ ၁၁ 

ရခိုင်ပြည်၊ မောင်တောဒေသတွင် မွတ်ဆလင်လက်နက်ကိုင် ARSA၊ RSO၊ ARA အဖွဲ့ဝင်များနှင့် AA တပ်ဖွဲ့ဝင်များကြား ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA) က ဒီဇင်ဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်ကပင် နခခ (၅) စခန်းမှလွှဲ၍ မောင်တောဒေသအတွင်းရှိ အခြားသော စစ်ကောင်စီစခန်းအားလုံးကို AA က ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း မွတ်ဆလင်လက်နက်ကိုင်များက AA တပ်ဖွဲ့ဝင်များနှင့် စခန်းများကို ခြုံခိုတိုက်ခိုက်မှုများကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်က နတ်မြစ်ကြောင်းတလျှောက်လုံခြုံရေးဆောင်ရွက်နေသည့် AA တပ်ဖွဲ့ဝင်များကို RSO အဖွဲ့က ဘင်္ဂလားဒေ့ရှ် ပိုင်နက်ရေပြင် ဂျာလီယာကျွန်း (Jaliadwip)မှ မော်တော်ဘုတ်ဖြင့် ထွက်လာပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့၍ AA တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၂၂ ရက်ကလည်း မောင်တောမြို့နယ်၊ ဂြင်းတောစခန်းအနီးတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် AA တပ်ဖွဲ့ဝင်များနှင့် ARSA အဖွဲ့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

လူမှုကူညီရေးဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်က “ARSA၊ RSO၊ ARA နဲ့ စစ်ကောင်စီ သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေက အာရက္ခတပ်တော်ရဲ့ နောက်ခြေလှမ်းတွေအတွက် အနှောင့်အယှက်တော့ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ စစ်ရေး၊ နိုင်ငံရေးအရရော၊ စစ်တဲ့စာမေးပွဲတိုင်းကို အာရက္ခတပ်တော်က အောင်မြင်လာပြီ ဖြစ်တဲ့အတွက် အကောင်းဆုံးဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။ 

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘူးသီးတောင်၊ မောင်တောဒေသရှိ မေယုတောင်တန်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စခန်းချနေထိုင်ကာ AA ကို တိုက်ခိုက်ခြင်းများအပြင် ဒေသခံများကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်။ 

ဒီဇင်ဘာ ၅ ရက်ကလည်း မောင်တောမြို့နယ်၊ ဆင်စွယ်ရကျေးရွာသို့ သေနတ်ပစ်၍ ဝင်ရောက်လာသည့် ARSA တပ်ဖွဲ့ဝင်များသည် ဒေသခံ အမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် အမျိုးသား ၅ ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။ ပြီးနောက် ၎င်းတို့ ၅ ဦးအား ရိုက်နှက်ကာ “AA အနေဖြင့် ARSA နှင့် မတိုက်ခိုက်ရန်၊ မောင်တောခရိုင်မှ တပ်ဆုတ်ခွာပေးရန်” ပြောဆိုခိုင်းပြီး ယင်းဗီဒီယိုကို လူမှုကွန်ယက်ပေါ် ထုတ်လွှင့်ခဲ့သည်။ 

အလားတူ ဒီဇင်ဘာ ၄ ရက်ကလည်း မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာမှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးမှာ ရွာအနီး နွားကျောင်းနေစဉ် ARSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ 

ထို့ကြောင့် မောင်တောခရိုင်ရှိ ဒေသခံများမှာ တစ်နေရာမှတစ်နေရာသို့ သွားရောက်ရန်၊ တောတောင်ထဲသို့ ဟင်းရှာ၊ ဝါးခုတ်၊ ထင်းခုတ် စသည်အလုပ်များကို သွားရောက်လုပ်ကိုင်ရန် စိုးရိမ်မှုများ ရှိနေကြသည်။ 

မောင်တောဒေသခံ ဦးရွှေနီမောင်က “လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်လို့ မရဘူး။ ကြိမ်ချောင်းသွားလည်း ကြောက်ရတယ်။ တခြားရွာတွေသွားလည်း လမ်းမှာတွေ့မလားဆိုပြီး ကြောက်ရတယ်။ ARSA မရှိရင် လုပ်စားလို့ အရမ်းကောင်းမှာ” ဟု ပြောသည်။