- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ခေတ်သစ်ပိုးလမ်းမ OBOR (သို့မဟုတ်) တရုတ်၏ အိမ်မက်
၎င်းစီမံကိန်းကြီးသည် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်သော်ငြားလည်း စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအရ စိန်ခေါ်မှုများစွာ ရှိနေသည်။ အထူးသဖြင့် အနောက်ကမ္ဘာ အုပ်စုက OBOR စီမံကိန်းတွင် ပါဝင်မည့် နိုင်ငံများသည် တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက်နှင့် ၎င်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေဂုဏ်သိက္ခာ ထိခိုက်လာမည်ကို စိုးရိမ်ကြသည်။
11 Dec 2018
- ထွန်းထွန်းနိုင် ရေးသားသည်။
ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၈ ခုနှစ် / DMG ။ ။ One Belt & One Road ( OBOR) ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြီးကို “New Silk Road Economic Belt” ကုန်းတွင်းပိုးလမ်းမနှင့် “21st Century Maritime Silk Road” ပင်လယ်ရေကြောင်း ပိုးလမ်းမနှစ်ခုကို ပေါင်းစပ်လျက် “One Belt One Road” ( OBOR) or “Belt and Road Initiative”( BRI) ဟု ခေါဝေါ်ကြပါသည်။ ဤ OBOR (ခေါ်) ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြီးသည် နိုင်ငံပေါင်း ၆၈ နိုင်ငံခန့်ကို ချိတ်ဆက်မည့် အမြန်ရထားလမ်းများ၊ ရေနက်ဆိပ်ကမ်းများ၊ ဆက်သွယ်ရေး ကွန်ယက်စနစ်များ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်မည့် အစီအမံများ ပါရှိသည်။
တရုတ်အစိုးရသည် ၎င်းစီမံကိန်းကြီးအတွက် အမေရိကန်ဒေါ်လာ (၈) ထလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ကမ္ဘာလူဦးရေ၏ ၇၀ ရာခိုင်နှုန်း၊ ကမ္ဘာကုန်သွယ်ရေး၏ ၃၅ ရာခုန်နှုန်းခန့် ၊ ကမ္ဘာ့ GDP ၏ ၃၁ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်လိမ့်မည်ဟု ခန့်မှန်ထားပါသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ကာဇစ္စတန်နိုင်ငံသို့ အလည်ပတ် ခရီးသွားရောက်စဉ် မြို့တော် အက်စတာနာရှိ ( NazarBaev University) တွင် မိန့်ခွန်းပြောကြားရာတွင် “Silk Road Economic Belt” တည်ဆောက်ရန် ထည့်သွင်းပြောကြားခဲ့ပါသည်။ နောက်တစ်လအကြာတွင် အင်ဒိုနီးရှားနိုင်ငံသို့ သမ္မတရှီ အလည်အပတ်ခရီးသွား ရောက်စဉ်အတွင်း အင်ဒိုနီးရှားပါလီမာန်တွင် မိန့်ခွန်းပြောကြားစဉ် “21st Century Maritime Silk Road” ဖော်ဆောင်ရန် အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
OBOR ခေတ်သစ်ပိုးလမ်းမ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကုန်းတွင်းပိုးလမ်းမသည် အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို ဆက်သွယ်မည့် စီပွားရေး စင်္ကြန်လမ်း ၆ ခု ပါဝင်ပြီး၊ ၎င်းတို့မှာ ယူရေးရှား ကုန်းလမ်းပေါင်းကူး စီးပွားရေးစင်္ကြန်သစ်၊ တရုတ်-မွန်ဂိုလီးယား- ရုရှား စီးပွားရေး စင်္ကြန်လမ်း၊ တရုတ်- ဗဟိုအာရှ-အနောက်အာရှ စီးပွားရေး စင်္ကြန်လမ်း၊ တရုတ်- အင်းဒိုချိုင်းနားကျွန်းဆွယ် စီးပွာရေးစင်္ကြန်၊ တရုတ်-ပါကစ္စတန် စီပွားရေး စင်္ကြန်နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်- အိန္ဒိယ- မြန်မာ စီးပွားရေး စင်္ကြန်တို့ဖြစ်သည်။
ပင်လယ်ရေကြောင်းပိုးလမ်းမ [21st Century Maritime Silk Road] ကို တောင်တရုတ်ပင်လယ် ၊ တောင် ပစိဖိတ်သမုဒ္ဒရာ နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဖြတ်သန်းကာ အရှေ့တောင် အာရှ၊ အာဖရိကနှင့် Oceania တို့ကို သွယ်တန်းမည် ဖြစ်သည်။ ပင်လယ်ရေကြောင်း ပိုးလမ်းမတစ်လျောက်တွင် Kuantan ( မလေးရှား)၊ ကျောက်ဖြူ (မြန်မာ)၊ Jakarta and Batam Island (အင်ဒိုနီးရှား)၊ Colombo and Hambantota (သီရိလင်္ကာ)၊ Gwadar (ပါကစ္စတန်) ၊ Djibouti (ပင်လယ်နီအနီး)၊ Mombasa (ကန်ညာ) နှင့် Piraeus (Greece) တို့သည် အဓိက ရေနက်ဆိပ်ကမ်းမြို့များ ဖြစ်ကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကြီးမားလှသော OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးသည် ကုန်သွယ်မှု မြန်ဆန်စေရန် ၊ ရေရှည် စီးပွားရေးတိုးတက်စေရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်သည်။ ၎င်းစီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများအားလုံးက အကျိုးအမြတ် ဖြစ်ထွန်းစေရန် ရည်ရွယ်ထားသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ OBOR မဟာစီမံကိန်းကြီးကို နိုင်ငံတကာအသိုင်းအဝန်းကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ရှိနေကြသည်။
လေ့လာသုံးသပ်သူများကြား အမြင် ၂ မျိုး ရှိကြသည်။ ပထမအမြင်တစ်ခုက OBOR ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြီးသည် Eurasia နှင့် တစ်ခြားနိုင်ငံများကို စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးနိုင်ရေးအတွက် သေနင်္ဂမဟာဗျူဟာ ဖြစ်သည်။ ၎င်း OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးသည် အာရှ-ပစိပိတ်ဒေသတွင်း အမေရိကန်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်ထိန်းညှိရန်နှင့် အိန္ဒိယအစိုးရ၏ တစ်နေ့တစ်ခြား ကြီးထွားလာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ပထဝီနိုင်ငံရေးအရ မျော်မှန်းချက် ဖြစ်သည်။
ဒုတိယအမြင်တစ်ခုက တရုတ်အစိုးရသည် ကမ္ဘာ့စီးပွားရေး အုပ်ချုပ်မှု ( Global Economic Governance) ကို ပြန်လည်ပုံဖော်ခြင်း နှင့် တရုတ်လွှမ်းမိုးသော အာရှနိုင်ငံများအဖြစ် ပြန်လည် မွေးဖွားခြင်းဆီကို ဦးတည်နေသည်ဟု မြင်ကြပါသည်။
တရုတ်အစိုးရ၏ OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီး တစ်လျှောက်မှနိုင်ငံများ အထူးသဖြင့် ဗဟိုအာရှ (၅) နိုင်ငံမှ တက်တက်ကြွကြွဖြင့် အကောင်းမြင်ကြသော်လည်း အရှေ့တောင်နှင့် တောင်အာရှနိုင်ငံများသည် ၎င်းစီမံကိန်းကြီးအပေါ် စိုးရိမ်မှုများ ရှိနေကြသည်။ အထူးသဖြင့် OBOR ပိုးလမ်းမစီမံကိန်းကြီးသည် ခေတ်သစ် ကိုလိုနီပြုခြင်းနှင့် OBOR စီမံကိန်းတွင် ပါဝင်သော နိုင်ငံများကို နိုင်ငံရေးသြဇာ ဖြန့်ကျက်လွှမ်းမိုးမည့် စီမံကိန်း ဖြစ်သည်ဟု အနောက်နိုင်ငံများမှ သံသယရှိကြသည်။
ဥပမာအားဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က မလေးရှားဝန်ကြီး မဟာသီယာ မိုဟာမက်က တရုတ်အစိုးရ ငွေကြေးဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းကို ဖျက်သိမ်းလိုက်သည်။ ၎င်း စီမံကိန်းကြီးသည် ခေတ်သစ်ကိုလိုနီ ပြုခြင်းဖြစ်သည်ဟု စွပ်စွဲ ပြစ်တင်ခဲ့သည်။
ထို့အပြင်ပြီးခဲ့သည့်၂၀၁၉ ခုနှစ်စက်တင်ဘာလ ၁၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ၃၉ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီမှာ အိန္ဒိယမှ တရုတ်နိုင်ငံ၏ OBOR စီမံကိန်းကြီးကို ကန့်ကွက်ခဲ့သည်။ တရုတ်-ပါကစ္စတန်စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းသည် နယူးဒေလီ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်စိုးမှု ဂုဏ်သိက္ခာအပေါ် လျစ်လျူရှုခဲ့သည်ဟု အိန္ဒိယအစိုးရဖက်က ဆိုပါသည်။
တရုတ်အစိုးရ၏ OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးကို ပြီးစီးရန် အချိန် နှစ် ၃၀ မှ ၃၅ အထိ ကြာမြင့်မည် ဖြစ်သောကြောင့် ၎င်းနှစ် ၃၀ မှ ၃၅ နှစ်အတွင်း ငွေကြေး ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ပါသည်ဟု ခန့်မှန်းထားကြသည်။ သို့သော်လည်း တရုတ်အစိုးရဖက်က စီမံကိန်းအပေါ် အကောင်းမြင်နေသည်။ ၎င်းစီမံကိန်းတစ်လျှောက် နိုင်ငံများသည် (၁၀) နှစ်အတွင်း နှစ်စဉ် ကုန်သွယ်မှုပမာဏ ၂.၅ ထလီယံ ရရှိလိမ့်မည်ဟု တရုတ်အစိုးရဖက်က ပြောကြားထားသည်။
OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးတွင် ပါဝင်သော နိုင်ငံအများကို တရုတ်နိုင်ငံက ဆက်တိုက် ငွေကြေး ချေးငှားခြင်းအားဖြင့် ဘဏ္ဍာရေး အန္တရာယ်အတွင်းသို့ ကျရောက်နိုင်သည်ဟု Center for Global Development ၏ ၂၀၁၈ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာမှာ ဖော်ပြထားပါသည်။ အထူးသဖြင့် အန္တရာယ်များသော နိုင်ငံများမှ လာအို၊ မွန်ဂိုလီးယား၊ ကာဂျစ်ကစ္စတန်၊ မော်လ်ဒိုက်၊ ဂျဘူဒီနှင့် မွန်တီနီဂရိုး တို့ ဖြစ်သည်ဟု အစီရင်ခံစာက ဆိုပါသည်။
တရုတ်အစိုးရ၏ OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးသည် အေဒီ ၂၀၀ ရာစုက ဟန်မင်းဆက် လက်ထက်တွင် တရုတ်နိုင်ငံနှင့် ဗဟိုအာရှ၊ တောင်အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းတို့ကြား အသုံးပြုခဲ့သည့် ရှေးခေတ်ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုလမ်းကြောင်းကဲ့သို့ အလားသဏ္ဍာန် တူညီသော လမ်းကြောင်းကို ပြန်လည်ဖော်ဆောင်လိုခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ မူဝါဒချမှတ်သူများသည် Silk Road ကို သမိုင်းဆိုင်ရာအရ သူတို့ပိုင်ဆိုင်သည်ဟု ခံယူထားကြပြီး၊ အမှန်စင်စစ် ၁၉၆၈-၁၈၇၂ ခုနှစ်က ဂျာမန် လေ့လာစူးစမ်းသူ Ferdinand Von Richthofen က Silk Road ဟု စတင်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့ပြီးနေုာက်ပိုင်း “တရုတ်အိမ်မက်” ( Chinese Dream) ၊ တစ်နည်းအားဖြင့် “ကြီးမားသော တရုတ်နိုင်ငံဖြစ်လာရန် ပြန်လည် အသက်သွင်း” ( the great rejuvenation of Chinese Nation) မည်ဟု ပြောဆိုပါသည်။ တရုတ်နိုင်ငံသည် ဤရာစုနှစ်တစ်ခုအတွင်း တရုတ်ကွန်မြူနှစ်ပါတီက ချမှတ်ထားသည့် သမိုင်းတွင် အကြီးမားဆုံး အောင်ပွဲခံမည့် ပန်းတိုင်နှစ်ခု ရှိနေသည်။ ၎င်းတို့မှာ ၂၀၂၁ ခုနှစ်မှာ ကျရောက်မည့် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် (၁၀၀) ပြည့် နှင့် ၂၀၄၉ ခုနှစ်တွင် ကျရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်များ ဖြစ်သည်။
ပထမ ပန်းတိုင်ဖြစ်သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် အလယ်အလတ် ချမ်းသာကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ ဒုတိယပန်းတိုင်ဖြစ်သည့် ၂၀၄၉ ခုနှစ်တွင် ချမ်းသာကြွယ်ဝသော၊ ခိုင်မာသော၊ ဒီမိုကရေစီကျသော၊ ယဉ်ကျေးမှုမြင့်မားသော၊ သဟဇာတဖြစ်သော၊ ခေတ်မီ ဆိုရှယ်လစ် လူ့အဖွဲ့အစည်း ဖြစ်ရန်ဟု ဆိုပါသည်။ ထို့ကြောင့် ၎င်းပန်းတိုင်အောင်မြင်ရန် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အမြင့်ဆုံးအဆင့်မှာ ထိန်းထားရန် လိုအပ်သည်ဟု သုံးသပ်ထားကြသည်။
OBOR ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြီး ဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ အဓိကအချက် ၂ ချက်ရှိသည်ဟု ပညာရှင် Michael Clarke က သုံးသပ်ပါသည်။ သူ၏ သုံးသပ်ချက်အရ ပထမအချက်အနေဖြင့် တရုတ်အစိုးရသည် OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆန္ဒသည် ရေရှည် ပြည်တွင်းရေး၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများကို အဖြေရှာရန်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် OBOR ခေတ်သစ်ပိုးလမ်းမသည် သေနင်္ဂမဟာဗျူဟာ ဖြစ်ပြီး၊ တရုတ်အစိုးရသည် အိမ်နီးချင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ လူသိရှင်ကြား ပြန်လည်တုန့်ပြန်မှု မပြုဘဲ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာစေရန် တရုတ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာကြာ မျှော်မှန်းချက်ပန်းတိုင် ဖြစ်သည်။ သို့သော်လည်း တရုတ်အစိုးရက OBOR ခေတ်သစ်ပိုးလမ်းစီမံကိန်းသည် Harmony, Peace and Prosperity အတွက် မျှော်မှန်းချက် ( Vision) သာဖြစ်ပြီး၊ ပထဝီနိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးအရ ပြန်လည်ခုခံခြင်း မဟုတ်ဟု ထပ်ခါတလဲလဲ ပြောသည်။
တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ် ( Peking University) မှ ပါမောက္ခ Wang Jisi သည် တရုတ်နိုင်ငံအနေဖြင့် Two Silk Roads ကို ပြန်လည်အသက်သွင်းဖို့ ပထမဆုံးပြောကြားခဲ့သည့်အပြင် အာရှ-ပစိပိတ်ဒေသမှာ အမေရိကန်နိုင်ငံနှင့် ထိတ်တိုက်တွေ့မှုကို ရှောင်ရှားပြီး၊ လွှမ်းမိုးနိုင်ရန် နည်းလမ်းသစ်တွေ ရှာဖွေသင့်သည်ဟု ၂၀၁၂ ခုနှစ်က အကြံပြုခဲ့သည်။ တရုတ်ပညာရှင် Feng WeiJian က OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းသည် ရေရှည်စီမံကိန်းတစ်ခု ဖြစ်သောကြောင့် အပိုင်း ၃ ပိုင်း ခွဲသင့်သည်ဟု တင်ပြထားပါသည်။ ပထမအပိုင်းအနေဖြင့် (၂၀၁၄ -၂၀၁၆ ခုနှစ်) ကို မဟာဗျူဟာမြောက် စည်းရုံးခြင်းကာလ၊ ဒုတိယအနေဖြင့် ( ၂၀၁၆-၂၀၂၁ခုနှစ်)ကို မဟာဗျူဟာစီမံကိန်းများ ရေးဆွဲရေးကာလနှင့် မဟာဗျူဟာမြောက် အကောင်အထည်ဖော်ခြင်း ကာလဟု သတ်မှတ်သည်။
OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းသည် ဒုတိယကမ္ဘာစစ်ပြီးနောက် ဥရောပတွင် စီးပွားရေးပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အမေရိကန်နိုင်ငံက စတင်ခဲ့သော “Marshall Plan” စီမံကိန်းနှင့် အလားသဏ္ဍန်တူသည်ဟု ဥရောပပါလီမန်၏ သုတေသနစာတမ်းတစ်ခုက နှိုင်းယှဉ်ကြသည်။ သို့သော်လည်း ထိုသို့ယှဉ်ချက်ကို ခေတ်မမီတော့သော စစ်အေးခေတ်အယူအဆနှင့် ရှုမြင်၍ မရကြောင်းကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ပမ်ယီ က ပြန်လည် တုန့်ပြန်ခဲ့သည်။
အမှန်စင်စစ် Chinese Marshall Plan ကို စတင်သုံးစွဲခဲ့သူမှာ တရုတ်အစိုးရ၏ အကောက်အခွန်ဌာန ဒုတိယညွန်ကြားရေးမှူးဟောင်း Xu Shanda ဟု ဆိုပါသည်။ ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ် အတည်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးမှု ဖြစ်စေတာကြောင့် ဖွံ့ဖြိုးမှုနည်းသော အာရှ၊ အာဖရိကနှင့် လက်တန်အမေရိက ဒေသများတွင် ချေးငွေထုတ်ပေးခြင်းနှင့် အကြီးစား ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက် ပြန်လည်မြှင့်တင်စေရန် Chinese Marshall Plan အတွေးအခေါ်ကို တင်ပြခဲ့သည်။
နိုင်ငံခြား သတင်းဌာနများက OBOR ခေတ်သစ်ပိုးလမ်းက စီမံကိန်းကို Chinese Version of Marshall Plan ဟုလည်း သတ်မှတ်ကြသည်။ ၎င်း Marshall Plan သည် တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးသော အခန်းကဏ္ဍသုံးခုက ပါဝင်နေသည်ကို တွေ့ရသည်။ ၎င်းတို့မှာ ပြည်ပနိုင်ငံများတွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် နိုင်ငံခြားအရံငွေကြေးများကို လျော့ချခြင်း၊ တရုတ်နိုင်ငံအတွင်း ထုတ်လုပ်သော အခြေခံအဆောက်အဦးများ ပိုလျံမှုရှိသဖြင့် နိုင်ငံပြင်ပတွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် ပိုလျံထုတ်ကုန်များ လျော့ချခြင်းနှင့် တရုတ်ငွေကို နိုင်ငံတကာသုံး ငွေကြေးအဖြစ် မြှင့်တင်ခြင်းတို့ ဖြစ်သည်။ တရုတ်အစိုးရသည် OBOR စီမံကိန်းကို ရုတ်တရက် အကောင်အထည်ဖော်လိုသည့် အတွေးအခေါ်အသစ်တစ်ခု မဟုတ်ပါ။ OBOR နှင့် ဆက်စပ်သည့် စီမံကိန်းများ ဆောက်ရွက်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန အဆိုအရ OBOR စီမံကိန်းတစ်လျောက် နိုင်ငံများတွင် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံကျော်ကို ရင်းနှီးမြုပ်နှံခဲ့သည်။
OBOR ခေတ်သစ်ပိုးလမ်းမ၏ အခြေခံမူ
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က တရုတ်အမျိုးသားကောင်စီ၏ အတည်ပြုချက်ဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ( National Development and Reform Commission) က OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီး ပူးတွဲအကောင်အထည်ဖော်ခြင်းဆိုင်ရာ မျော်မှန်းချက်နှင့် လုပ်ငန်းစဉ်များ ( Vision and Actions on Jointly Building Silk Road Economic Belt and 21st Century Maritime Silk Road) ကို တရားဝင် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံမှ အကောင်အထည်ဖော်ဆောင်မည့် ဤမဟာစီမံကိန်းကြီးသည် ရှေးခေတ် နှစ်ထောင်ချီက ရှိခဲ့သော ပိုးလမ်းမ စိတ်ဓာတ် ( Silk Road Spirits) ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပွင့်လင်းမြင်သာမှုနှင့် အားလုံးပါဝင်ရေး၊ အပြန်အလှန် သင်ယူရေးနှင့် အပြန်အလှန် အကျိုးအမြတ် ဖြစ်ထွန်းရေးတို့ကို မျိုးဆက်တစ်ခုမှ တစ်ခုသိ့ု လက်ဆင့်ကမ်းနိုင်ခဲ့ပြီး၊ လူသားယဉ်ကျေးမှု တိုးတက်လာခြင်း နှင့် Skilk Road တစ်လျှောက်နိုင်ငံများ၏ ချမ်းသာကြွယ်ဝမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ထွန်းစေခဲ့သည်ဟု ဆိုပါသည်။
OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးသည် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုကို မြှင့်တင်ခြင်းအားဖြင့် ငြိမ်းချမ်းရေးနှင့် မိတ်ဆွေဖြစ်ခြင်းဆီသို့ လမ်းစဖြစ်ပြီး၊ ဘုံတူညီသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာကြွယ်ဝမှုကို တိုးမြှင့်ပေးနိုင်သော နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ဖြစ်စေသော ပူးပေါင်းဆောင်ရွက်ရေး ဖြစ်သည်။ သို့သော်လည်း ၎င်းစီမံကိန်းကြီးကို အနောက်ကမ္ဘာက သံသယကြီးစွာဖြင့် စောင့်ကြည့်နေကြ သည်ကို တရုတ်ခေါင်းဆောင်များ ကောင်းစွာ သဘောပေါက်နားလည်သည့်အတွက် မလိုလားအပ်သော သံတမန်ဆက်ဆံရေး တင်းမာမှု မဖြစ်စေရန် အခြေခံမူများကို ချမှတ်ခဲ့သည်။ တရုတ်ခေါင်းဆောင်များက OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို UN Charter ၏ အခြေခံမူ ၊ ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်မည်ဟု မူ(၅) ရပ်ကို ဆုပ်ကိုင်ထားပြီး၊ ၎င်းတို့မှာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေဂုဏ်သိက္ခာကို အပြန်အလှန် လေးစားလိုက်နာခြင်း၊ (၂) အပြန်အလှန် ရန်လိုမုန်းတီးမှု မပြုရေး၊ (၃) နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အပြန်အလှန် ဝင်ရောက်မစွက်ဖက်ရေး ၊ (၄) တန်းတူရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေး ၊ (၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်းရေးတို့ဖြစ်သည်။
OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးတစ်လျှောက်က နိုင်ငံများသည် သူတို့မှာ ကိုယ်ပိုင်အရင်းအမြစ် ပိုင်ဆိုင်မှုများ ရှိပါသည်။ ထို့ကြောင့် တရုတ်ခေါင်းဆောင်များသည် OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ဦးစားပေး ပူးပေါင်းဆောင်ရွက်ရေး အဓိက နယ်ပယ် (၅) ရပ်ကို ချမှတ်ထားကြပါသည်။ ၎င်းတို့မှာ (၁) မူဝါဒဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု (၂) အခြေခံအဆောက်အဦး ချိတ်ဆက်ဆောင်ရွက်မှု (၃) အတားအဆီးမဲ့ ကုန်သွယ်ရေး ဖော်ဆောင်မှု (၄) ငွေကြေးဆိုင်ရာ ချိတ်ဆက်ပေါင်းစည်းမှုနှင့် ( ၅) ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ ဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံသည် OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီး တည်ဆောက်ရေးကို တွန်းအားဖြစ်စေဖို့ လက်ရှိ တည်ရှိနေသည့် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု( Bilateral Cooperation)နှင့် အများပါဝင်သော ပူးပေါင်းဆောင်ရွက်မှု ( Multilateral Cooperation)များကို အပြည့်အ၀ အခွင့်ကောင်းယူပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ရေးကို ဆောင်ရွက်သွားမည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း ( Shanghai Cooperation Organization-SCO)၊ အာဆီယံ + တရုတ် ( ASEAN Plus China)၊ တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ( China- Arab States of Cooperation Fourm) နှင့် တရုတ်ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ မဟာဗျူဟာ စကားဝိုင်း ( China-Gulf Cooperation Council Strategic Dialogue)၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ( Greater Mekong Sub-Region Economic Cooperation)၊ ဗဟိုအာရှဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ( Central Asia Economic Cooperation) နှင့် ဒေသတွင်း သြဇာရှိသည့် အာဆီယံ - အီးယူ အစည်းအဝေး ( ASEAN-EU Meeting- ASEM) နှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ( Asia- Pacific Economic Cooperation- APEC) တို့ဖြစ်သည်။ BRI မဟာစီမံကိန်းကြီးတွင် ပူပေါင်းပါဝင်ဖို့ သင့်လျော်သည့် နိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာမှုနှင့် နိုင်ငံများ ပိုမို ပါဝင်လာရေးအတွက် ဆွဲဆောင်သွား မည်ဟု ဆိုထားပါသည်။
AIIB ( Asian Infrastructure Investment Bank-အာရှ အခြေခံအဆောက်အဦး ရင်းနှီးမြုပ်နှံရေးဘဏ်)
တရုတ်နိင်ငံသည် G-20, International Monetary Fund, World Bank စသည့် ကမ္ဘာ့စီးပွားရေး အဖွဲ့စည်းများတွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အခင်းအကျင်းသစ် ( New World Order) တစ်ခုကို စတင်ဖန်တီးလာခဲ့ပါသည်။ OBOR ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြီးကို အကောင်အထည်ဖော်ရန် တရုတ်နှင့် Asian နိုင်ငံ ၂၀ တို့သည် ၎င်းးတို့နှင့် အလားသဏ္ဍာန်တူသော တရုတ်နိုင်ငံတွင် အခြေစိုက်မည့် Asian Infrastructure Investment Bank ( AIIB) ကို တည်ထောင်ရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်း AIIB ဘဏ်ကို နိုင်ငံပေါင်း (၅၈) နိုင်ငံ ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံလည်း တစ်ခုအပါအဝင် ဖြစ်သည်။ အဓိက က ရည်မှန်းချက်ပန်းတိုင်မှာ အာရှတစ်လျှောက် အခြေခံအဆောက်အဦး လိုအပ်ချက်၊ ဒေသတွင်း ချိတ်ဆက်မှု မြှင့်တင်ခြင်း၊ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း၊ ပြည်သူများ၏ လူမှုရေးဝန်ဆောင်မှုများ တိုးမြှင့်ရေးတို့ကို လုပ်ဆောင်ရန်ဖြစ်သည်။
တရုတ်နိုင်ငံသည် AIIB တွင် ရင်းနှီးမြုပ်နှံငွေ ( ၂၉.၇၈) ဘီလီယံကျော် ထည့်ဝင်ထားသောကြောင့် အကြီးဆုံး ရှယ်ယာရှင်ဖြစ်သဖြင့် မဲပေးပိုင်ခွင့် ၂၆ % ရာခိုင်နှုန်းကို ရယူထားသည်။ ၎င်း၏ သဘောတူညီမှု မရရှိပါက ဗီဒိုအာဏာ နှင့်တူသော မဲအင်အားဖြင့် ပယ်ချနိုင်သည့် အခွင့်အာဏာ ရှိနေသည်။ ယင်းအပြင် တရုတ်အစိုးရနှင့် အစိုးရပိုင်ဘဏ်များ စုပေါင်းရင်းနှီးထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံဖြင့် နောက်ထပ် ငွေကြေး အဖွဲ့အစည်းတစ်ခုဖြစ်သော ( Silk Road Fund) ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့သည်။ အဓိက စီမံကိန်းများအတွက် ငွေချေးပေးခြင်းထက် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှု ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးသည် ဥရောပ၊ အာရှ နှင့် အာဖရိက နိုင်ငံများကို ကုန်းလမ်းနှင့် ရေလမ်းကြောင်း ဆက်သွယ်ပေးမည့် တရုတ်အစိုးရ၏ ဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် နိုင်ငံခြားရေး မူဝါဒ ဖြစ်သည်။ ၎င်း ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးတွင် အမြန်ရထားလမ်းများ၊ ရေနက်ဆိပ်ကမ်းများ၊ ဆက်သွယ်ရေး ကွန်ယက်စနစ်များ၊ ကျန်မာရေး စောင့်ရှောက်မှုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်မည့် အစီအမံများ ပါရှိသည်။
သို့သော်လည်း ၎င်းစီမံကိန်းကြီးသည် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်သော်ငြားလည်း စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအရ စိန်ခေါ်မှုများစွာ ရှိနေသည်။ အထူးသဖြင့် အနောက်ကမ္ဘာ အုပ်စုက OBOR စီမံကိန်းတွင် ပါဝင်မည့် နိုင်ငံများသည် တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက်နှင့် ၎င်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေဂုဏ်သိက္ခာ ထိခိုက်လာမည်ကို စိုးရိမ်ကြသည်။ ထို့အပြင် အနောက်ကမ္ဘာသည် တရုတ်အစိုးရ၏ ပထဝီနိုင်ငံရေးအရ သြဇာလွှမ်းမိုးလာမှုကို စိုးရိမ်ပူပင်ကြသည်။
(ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာသုံးသပ်နေသူ တစ်ဦးဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာရေးဆွဲရေးနှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကို ရရှိခဲ့သည်။)
ကိုးကားချက် -
Arase, David ( 22 Jan 2015 ) China’s Two Silk Roads: Implications for Southeast Asia ( Amended Version) ISEAS perspective. Singapore. ISSN 2335-6677
Theresa Fallon, ( 20 July 2015) The New Silk Road: Xi Jinping’s Grand Strategy for Eurasia, American Foreign Policy Interest: The Journal of the National Committee on American Foreign Policy, 37:3, 140-147, DOI:
Grieger, G ( July 2016 ) One Belt One Road ( OBOR) : China Regional integration Initiative, European Parliamentary Research Service ( EPRS), European Parliament.
Zhao Hong ( 2016 ) China One Belt One Road: Overview of the Debate: Trend in SouthEast Asia No.6., ISEAS-Yusof Ishak Institute: Singapore. No.6. ISSN 0219-3213
Zhao Hong ( 2015 ) China’s New Maritime Silk Road: Implications and Opportunities for Southeast Asia. Trend in Southeast Asia No 3., ISEAS- Yusof Ishak Institute: Singapore. ISSN 0219-3213
Justyna Szczudlik-Tatar ( 2013) “China’s New Silk Road Diplomacy”. No.34 (82) . Policy Paper.
Jean-March F. Blanchard & Colin Flint ( 2017 ) The Geopolitics of China’s Maritime Silk Road Initiative, Geopolitics, 22:2, 223-245, DOI: 10.1080/14650045.2017.1291503
John Hurley, Scott Morris, and Gailyn Portelance ( 2018 ) “Examining the Debt Implications of the Belt and Road Initiative from a Policy Perspective.” CGD Policy Paper. Washington, DC: Center for Global Development. https://www.cgdev.org/publication/examining-debt-implications-belt-and-roadinitiative-policy-perspective.
Lee Jong-Wha ( 2014) China’s New World Order
National Development and Reform Commission ( March 2015) Vision and Action on Jointly Building Silk Road Economic Belt and 21st Century Maritime Silk Road, Ministry of Foreign Affairs and Ministry of Commerce, People’s Republic of China. Available from: http://en.ndrc.gov.cn/newsrelease/201503/t20150330_669367.html(Accessed 11 Nov 2018)
- ဤဆောင်းပါးသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် Development News Journal, Issue 98 တွင် ဖော်ပြပါရှိပြီးဖြစ်သည်။