ကြားဖြတ်သတင်း

မေမေ့ထံသို့ ပေးစာတစ်စောင်

ဒီနေရာကတော့ အမေ့အိမ်လိုတော့ ဘယ်နွေးထွေးပါ့မလဲ.. အမေ။ စားချိန်တန်စား… အိပ်ချိန်တန်အိပ်ရပြီး ဘာအပူအပင်မှ မရှိတဲ့ အမေ့အိမ်လောက်တော့ ကမ္ဘာပေါ်မှာ ဘယ်အိမ်မှမကောင်းဘူးဆိုတာ သား သိပါတယ်။ ဒါပေမယ့်… အမေ့ဆုံးမစကားလိုပဲ အနာမခံရင် အသာမစံရဘူးဆိုတဲ့အတိုင်း ခက်ခဲကြမ်းတမ်းမှုကို မဖြတ်ကျော်ဘဲ ဘယ်အရာများ အောင်မြင်ပါ့မလဲ..။ သားကိုယ်သား နှစ်သိမ့်ဖေးမတယ်..။ အားတင်းထားတယ်..။ ဆန်ကြမ်းကို မစားတတ်တဲ့သား ခုတော့ ငါဘာလို့ မစားနိုင်ရမလဲဆိုတဲ့ စိတ်မွေးပြီး ထမင်းတစ်ပန်ကန်ကို ကုန်အောင်စားဖို့ကြိုးစားတယ်..။

Admin 22 Oct 2022

DMG ၊ အောက်တိုဘာ ၂၂

(ရသဆောင်းပါး)

သို့……. မေမေ….
ဒီစာကို တောတွင်းတစ်နေရာက သား ရေးလိုက်ပါတယ်…။ မေမေ…နေကောင်းရဲ့လား..။ သားကို စိတ်ပူနေလား..။ သားကို သတိရနေလား..။ ညအိပ်ရာဝင်တိုင်း သားအတွက် ဆုတောင်းမေတ္တာပို့သနေ သလား..။ အိပ်ရာထဲမှာ သားအကြောင်းကိုတွေးပြီး အိပ်မပျော်ဖြစ်နေလား…။ ထမင်းဝိုင်းမှာ သား မရှိတဲ့အတွက် အမေ စိတ်မကောင်းဖြစ်နေလား…။ သား သူငယ်ချင်းတွေ အိမ်လည်လာတိုင်း သားကို အမေ မြင်ယောင်နေလား…။

မေမေ သားကို စိတ်ပူသလို သားလည်း မေမေ့ကို ထပ်တူထပ်မျှ စိတ်ပူပါတယ်..မေမေ..။ သားကို လွမ်းလို့ အမေ ပိန်နေသလား..။ နေ့တိုင်း အမေ့ကို သတိရပါတယ်..လွမ်းမိပါတယ်..။ အမေတစ်ယောက်တည်းကိုထားပြီး သား အိမ်ကထွက်ခွာလာရတာကို နေ့တိုင်း စိတ်မကောင်းဖြစ်ရပါတယ်..။ ဖြစ်နိုင်ရင် အမေ့ဘေးနားမှာ တစ်သက်လုံးမခွဲဘဲ အတူနေချင်ပါတယ်.. မေမေ။ တစ်သက်မှာ အမေတစ်ခု သားတစ်ခုပဲမို့ အမေ့ကိုစွန့်ခွာပြီး သား ထွက်ခွာလာခဲ့ရတာ သားအတွက် ခက်ခဲပါတယ်။ ဝမ်းနည်းမိပါတယ်..အမေ။ ဒါပေမယ့်.. အခြေအနေတစ်ခု၏ လိုအပ်ချက်အရ မဖြစ်မနေ သား ထွက်ခွာလာရတာကို အမေ နားလည်မယ်လို့ သား မျှော်လင့်ပါတယ်..အမေ။ အမေ့ကို အသိမပေးဘဲ ထွက်ခွာလာရလို့ သား ဒီကနေ ရှိခိုးကန်တော့လိုက်ပါတယ် အမေ။

အမေပဲ..ပြောခဲ့တယ်လေ။ လူဆိုတာ လူပီသဖို့လိုတယ်တဲ့..။ ကိုယ့်ရပ်ကိုယ့်မြေ၊ ကိုယ့်လူမျိုးအတွက် ပေးဆပ်ရမယ့် အချိန်ရောက်လာရင် မငြင်းဆန်ဘဲ၊ မတွန့်ဆုတ်ဘဲ တာဝန်ထမ်းဆောင်ရမယ်ဆို..။ ကိုယ့်မိသားစု၊ ကိုယ့်လူမျိုးအတွက်မှ တာဝန်မကျေပွန်ဘူးဆိုရင် လူ မပီသဘူးလို့ အမေ ပြောခဲ့တယ်..။ သားလည်း အမေပြောသလို လူပီသချင်လို့၊ ပြီးတော့ ကိုယ့်လိပ်ပြာကိုယ်လုံချင်လို့ သား ဒီနေရာကို ရောက်လာခဲ့တာပါ..။ သားထက် အရင်ရောက်နေတဲ့ သူငယ်ချင်းတွေကို အားနာတာတစ်ကြောင်း၊ နောက်ပြီး ကိုယ့်လူမျိုးအတွက် တာဝန်မကျေခဲ့ဘူးဆိုတဲ့ နောင်မှာ နောင်တရမှာစိုးလို့ ထွက်ခွာခဲ့တာပါ..။ ခု..အမေမရှိတဲ့ ဒီနေရာမှာ အမေ့ကို လွမ်းပေမယ့် လွမ်းရေးထက် ပြည်အရေးက ခက်တဲ့အခါ သား ပျော်အောင်နေတယ်.. အမေ..။ အိမ်လွမ်းစိတ်တွေကို ခဏအောင့်အီးသည်းခံပြီးတော့ ပေးလာတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေတယ်..။

ဒီနေရာမှာ သားလို စိတ်တူကိုယ်တူ သူငယ်ချင်း ရဲဘော်ရဲဘက်တွေရှိတယ်..။ အချင်းချင်း ဖေးမဝိုင်းကူတတ်တဲ့ အိုးစားဖက်တွေ ရှိတယ်..။ တကယ့် ညီရင်းအစ်ကိုလို ချစ်ခင်ကြပါတယ်..။ ရဲဘော်ရဲဘက်စိတ်ဆိုတာ တကယ့်ကို ညီရင်းအစ်ကိုလို စိတ်ဓာတ်ဆိုတာ သား ဒီရောက်မှ အသေအချာသိရတယ်..။ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီတဲ့အခါရှိသလို တစ်ယောက်နဲ့တစ်ယောက် ဝေဒနာတွေ၊ ခံစားချက်တွေကို ဝေမျှခံစားတဲ့အခါလည်း ရှိတယ်..။ တစ်ယောက်ဝမ်းနည်းရင် ကျန်တစ်ယောက်လည်း မပျော်ဘူး..။ တစ်ယောက်ပျော်ရင်တော့ ကျန်တစ်ယောက်ပါ သူ့အလိုလို ဝမ်းသာပျော်ရွှင်တာမျိုးပေါ့ မေမေ။ ဒါကြောင့်လည်း သား ကျေနပ်ပါတယ်..။ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ ရဲဝံ့စွန့်စားလိုသူ အချင်းချင်း တွေ့ဆုံရတာကိုက တကယ့်ကို ပီတိဖြစ်ရပါတယ်..။ သားတစ်ယောက်သာရှိတဲ့ အမေ့အတွက် သား ဒီလိုလမ်းကို ရွေးချယ်သွားတဲ့အပေါ် အမေ ခက်ခဲနေမယ်ဆိုတာ သား နားလည်ပါတယ်..အမေ။

ဒါပေမယ့် သားတို့က ရေခပ်တာမှာလည်း မပါ၊ ထင်းခွေတဲ့အခါလည်း မပါခဲ့ဘဲ စားတဲ့အချိန်မှာ ဝင်စားလိုက်ရုံနဲ့ လိပ်ပြာလုံမယ်လို့ သား မခံယူဘူး..။ အိုမင်းမစွမ်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကို ခဏထားပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေ အထူးသဖြင့် သားတို့လို လွတ်လွတ်ကင်းကင်းဖြစ်နေတဲ့ လူတွေက တိုင်းပြည်နဲ့လူမျိုးအတွက် အားတက်သရော တာဝန်ထမ်းဆောင်သင့်တယ်လို့ သား ထင်တယ်။ တချို့က မိသားစုကို တာဝန်ယူနေရလို့၊ တချို့က ရပ်ဝေးနယ်ဝေးကို ရောက်နေလို့ မပါဝင်နိုင်ပေမယ့် နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းပြီးတော့ ဝန်းရံဖို့လိုတယ်။ အခု တိုက်ပွဲက ရက္ခိုင့်တပ်တော် တစ်ခုတည်းနဲ့ဖြစ်နေတဲ့ တိုက်ပွဲမဟုတ်ဘူး။ ရခိုင်တစ်မျိုးသားလုံးနဲ့ဖြစ်နေတဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်တတ်ဖို့လည်း အရေးကြီးတယ်ထင်တယ် မေမေ။

ဒီနေရာကတော့ အမေ့အိမ်လိုတော့ ဘယ်နွေးထွေးပါ့မလဲ.. အမေ။ စားချိန်တန်စား… အိပ်ချိန်တန်အိပ်ရပြီး ဘာအပူအပင်မှ မရှိတဲ့ အမေ့အိမ်လောက်တော့ ကမ္ဘာပေါ်မှာ ဘယ်အိမ်မှမကောင်းဘူးဆိုတာ သား သိပါတယ်။ ဒါပေမယ့်… အမေ့ဆုံးမစကားလိုပဲ အနာမခံရင် အသာမစံရဘူးဆိုတဲ့အတိုင်း ခက်ခဲကြမ်းတမ်းမှုကို မဖြတ်ကျော်ဘဲ ဘယ်အရာများ အောင်မြင်ပါ့မလဲ..။ သားကိုယ်သား နှစ်သိမ့်ဖေးမတယ်..။ အားတင်းထားတယ်..။ ဆန်ကြမ်းကို မစားတတ်တဲ့သား ခုတော့ ငါဘာလို့ မစားနိုင်ရမလဲဆိုတဲ့ စိတ်မွေးပြီး ထမင်းတစ်ပန်ကန်ကို ကုန်အောင်စားဖို့ကြိုးစားတယ်..။ အမေ.. ထမင်းဝိုင်းမှာ ဆုံးမလေ့ရှိသလိုပဲ စားဖို့အတွက် အသက်ရှင်တာမဟုတ်၊ အသက်ရှင်ဖို့အတွက် စားတာလို့ သား ခိုင်ခိုင်မာမာ ခံယူတတ်လာပြီ..။ ဟင်းမကောင်းတဲ့အခါ သားအတွက် စားချင်စဖွယ် ဖွယ်ဖွယ်ရာရာလုပ်ပေးတတ်တဲ့ အမေ့လက်ရာကို တစ်ခါတစ်ခါ တမ်းတမိပေမယ့် ဒီနေရာမှာတော့ ဟင်းရွေးနေလို့ မရဘူး..အမေ။ ကြိုက်လည်း စား၊ မကြိုက်လည်း စား..။ အဓိက,က အသက်ရှင်ဖို့ပဲ.. ကျန်းမာဖို့ပဲ.. အလုပ်လုပ်နိုင်ဖို့ပဲ..လို့ သား စိတ်ဖြေတတ်လာတယ်..။

ဒီမှာကတော့ အမေ့အိမ်လို မွေ့ရာကောင်းကောင်းကို တမ်းတပြီး မအိပ်ဘဲနေလို့ မရဘူး အမေ..။ ကြမ်းခင်းထားတဲ့ ကျောချစရာနေရာတစ်ခုက သားအတွက် ကျေနပ်စရာပါပဲ…။ ခြင်ကိုက်တာလောက်များ စာမဖွဲ့တော့ဘူး.. မေမေ။ သောက်စရာရေကတော့ စမ်းချောင်းဘေးနားက ရေက အကောင်းဆုံးပဲ..။ ပြောရရင် အသက်ရှင်ဖို့က အဓိကဆိုတဲ့စိတ်ကြောင့် အစားအသောက်တွေအပေါ် ဇီဇာကြောင်တဲ့စိတ်ကို မေ့ဖျောက်ထားလိုက်ပြီ..။

ဒီမှာကတော့ ကျန်တဲ့အရာတွေမရပေမယ့် မေတ္တာတရားတွေ သား ရတယ် မေမေ။ ရဲဘော်ရဲဘက်တွေကပေးတဲ့ မေတ္တာတရား..။ အထက်လူကြီးကပေးတဲ့ မေတ္တာတရား။ နောက်ပြီး သားတို့ စခန်းချရာနေရာအနီးက ရွာတွေက ကြည်ကြည်ဖြူဖြူပေးတဲ့ မေတ္တာတရားတွေရပါတယ်.. မေမေ။ ဒီလို မေတ္တာတရားတွေရတဲ့အခါ သား ကြုံတွေ့ရတဲ့ အခက်အခဲ၊ အဆင်မပြေမှုတွေ၊ သား ပေးဆပ်ထားရတဲ့ဘဝအပေါ် ကျေနပ်မိတယ်.. မေမေ။ ပြည်သူက ကြည်ဖြူလို့ပေးတဲ့ ငနီတူခြောက် ၅၀ သားဟာ သားတို့အတွက် ဟင်းကောင်းတစ်နပ်ပါပဲ..။

မေမေ.. တခါတခါ သားတို့ အိပ်ရေးပျက်တဲ့ ညတွေရှိတယ်..မေမေ။ ရန်သူ့သတင်းရတဲ့အခါ ညလုံးပေါက်ကင်းစောင့်ရတာ ရှိသလို တိုက်ပွဲတွေဖြစ်တဲ့အခါလည်း ကိုယ့်အသက်ကိုကာကွယ်ဖို့ တိုက်ရင်းခိုက်ရင်း မိုးလင်းသွားတဲ့ နေ့တွေလည်းရှိတယ်..။ ဒါပေမယ့် တိုက်ပွဲတစ်ခုအောင်မြင်တိုင်း ပင်ပန်းခဲ့သမျှတွေ ဘယ်ပျောက်သွားလဲ မသိဘူး..။ ပျော်ကြရတယ်..။ ငါတို့ ကြိုးစားတာ အောင်မြင်တယ်ဆိုတဲ့စိတ်က ပီတိအဖြစ်ဆုံးပါပဲ..။ တိုက်ပွဲသတင်းတွေ အမေလည်း ကြားမိမှာပါ။ ဒါပေမယ့် သားရဲ့ ညီအစ်ကိုတွေ စုံစုံလင်လင်နဲ့ စခန်းပြန်လာနိုင်တဲ့အခါရှိသလို ပြန်မလာနိုင်တဲ့အခါလည်း ရှိပါတယ်..။ အဲလို အချိန်တွေဆို ကိုယ့်လူမျိုးအတွက်ပေးဆပ်သွားရတဲ့ ရဲဘော်ရဲဘက် သူရဲကောင်းတွေအတွက် ဝမ်းနည်းရင်းနဲ့ အားတင်းထားရတယ်..။ အံကြိတ်ထားရတယ်..။ သူတို့အတွက် သား ပိုကြိုးစားရမယ်ဆိုတဲ့စိတ်က အလိုလိုဖြစ်မိတယ်..။ သူတို့ ပေးဆပ်ခဲ့ရတာ တန်အောင် ကျန်ခဲ့တဲ့သူတွေက အနိုင်တိုက်ရမယ်၊ ပိုကြိုးစားရမယ်ဆိုတဲ့စိတ်က လွှမ်းမိုးတယ်..မေမေ။

တိုက်ပွဲဆိုတာတော့ အသက်ကို လောင်းကြေးထပ်ပြီး ကစားရတဲ့ ပွဲပါပဲ..။ သူ့အသက်မသေရင် ကိုယ့်အသက်ပေးရမယ်..။ ကိုယ့်အသက်မသေချင်ရင် သူ့အသက်ကို သတ်ရတာပါပဲ…။ တကယ်တော့ တိုက်ပွဲဆိုတာ အသက်ပေးတမ်းကစားတာနဲ့ တူတယ်..မေမေ…။ ဒါပေမယ့် အသက်ပေးတာချင်းအတူတူ မွန်မြတ်သောအသက်ပေးခြင်းနဲ့ ယုတ်ညံ့တဲ့အသက်ပေးခြင်း နှစ်မျိုးတော့ ရှိမယ်ထင်တယ်.မေမေ။ ပထမတစ်မျိုးကတော့ အမျိုးသားရေးလွတ်မြောက်ရေးအတွက်၊ တန်းတူရည်တူ ကိုယ့်ကံကြမ္မာကိုယ်ရရှိဖို့အတွက် တိုက်ရတာက သေသွားရင်လည်း ပေးဆပ်ရတာတန်တယ်..။ ဒီလိုမဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ မမျှတ၊ မမှန်ကန်၊ တရားဝင်မှုမရှိတဲ့ အာဏာတည်မြဲဖို့အတွက် တိုက်ရင်းနဲ့သေပေးရတာကတော့ ဘယ်လိုမှ မတန်ဘူးလို့ ယူဆတယ်..။

စစ်ရဲ့ အနိဌာရုံတွေကတော့ သားရဲ့ စိတ်ထဲက မထွက်နိုင်ဘူး..။ စမ်းချောင်းဘေးမှာ လူးလိမ့်နေတဲ့ သေအံ့ဆဲဆဲရန်သူတွေ… မိုင်းထိလို့ ခြေပြတ်ပြီး အော်နေတဲ့ သွေးသံတရဲရဲနဲ့ ရဲဘော်တွေ.. ။ တကယ့်ကို ရင်နာစရာကောင်းပါတယ်…။ စစ်ဆိုတာတော့ ဘယ်သူ့အတွက်မှလဲ ကောင်းကျိုးမပေးပါဘူး။ အသက်တွေ၊ ဘဝတွေ ဆုံးရှုံးရတယ်…။ ဒါဆို စစ်ပွဲတွေ ဘာကြောင့် ဖြစ်ကြသလဲ သား စဉ်းစားမိတယ်။

ဆင်းရဲမှုကြောင့် တိုက်ပွဲတွေဖြစ်ရတယ်။ တိုက်ပွဲကြောင့်လည်း ဆင်းရဲတယ်။ ဘာကြောင့် ဆင်းရဲကြသလဲ။ ဘာတွေ ဆင်းရဲကြသလဲ။ ဒီနိုင်ငံမှာတော့ အင်အားကြီးတဲ့သူတွေက စိတ်သဘောထား ဆင်းရဲကြတယ်။ ရုပ်ပိုင်းဆိုင်ရာအရသာ ခွန်အားကြီးပေမယ့် စိတ်ပိုင်းဆိုင်ရာကျတော့ တော်တော်လေးကို အင်အားနည်းတာကို တွေ့ရတယ်။ တခြားတစ်ဖက်မှာ အင်အားနည်းသူတွေက တန်းတူအခွင့်အရေး မရဘူးလို့ ခံစားရတဲ့အခါ လက်နက်ကိုင်ကြတယ်။ သဘောထားကြီးကြီးနဲ့ တန်းတူဆက်ဆံမခံရတဲ့အခါ နာကျဉ်းတယ်။ လူများစုပြောတာပဲ အမှန်၊ လူနည်းစုပြောတဲ့ဟာ လူရာသွင်းမခံရတဲ့အခါ နာကျဉ်းကြတယ်။ လူနည်းစုတွေရဲ့ တန်ဖိုးထားမှုနဲ့ မြတ်နိုးမှုကို တစ်ဖက်ကမလေးစားတဲ့အခါ အနာတရတွေ ဖြစ်ကြရတယ်…။ လူများစုနေတဲ့ ပြည်မက ဖွံ့ဖြိုးတိုးတက်ပြီး လူနည်းစုနေတဲ့(တိုင်းရင်းသား)ဒေသတွေ မဖွံ့ဖြိုးတဲ့အခါ နှိမ်ထားသလို ခံစားရတယ်။ ဒီလိုနဲ့ တန်းတူရည်တူ ဆက်ဆံမခံရမှု၊ မဖွံ့ဖြိုးမတိုးတက်မှုနဲ့ အလေးပေးမခံရမှုတို့နဲ့ ပြည်တွင်းစစ်ဟာ သံသရာလည်နေတယ်။ တိုက်ပွဲဖြစ်ရင် စစ်အနိဌာရုံတွေ ရှိတာပဲ… မေမေ။

ဒီလို အနိဌာရုံတွေကြောင့် စစ်မတိုက်ရပါစေနဲ့လို့ သား အခါခါ ဆုတောင်းမိတယ်..။ သားရဲ့ အထက်လူကြီးကတော့ တန်းစီတိုင်း ခဏခဏ ပြောတဲ့စကားရှိတယ်…။ စစ်ကို ငါတို့လည်း မတိုက်ချင်ဘူး..။ မလွှဲမရှောင်သာလို့သာ တိုက်ရတာ..။ ဖြစ်နိုင်ရင် စားပွဲဝိုင်းမှာဆွေးနွေးပြီးတော့ ညှိနှိုင်းပြေလည်ချင်တယ်တဲ့…။ မင်းတို့ ငါတို့မှာ မိသားစုရှိသလို ရန်သူလို့ဆိုတဲ့ ရဲဘော်တွေမှာလည်း မိသားစုရှိတယ်တဲ့။ ဒါပေမယ့် စစ်မြေပြင်မှာတော့ သနားစိတ်ဝင်ရင် ကိုယ့်အသက်ပါ ပေးလိုက်ရမယ်..။ သူက ကိုယ့်ကိုသတ်ချင်လို့လာတာ၊ ကိုယ်မသတ်ရင် သူ သတ်သွားမယ်တဲ့..။ လက်နက်ကိုင်ထားသူ အချင်းချင်းတော့ သနားစိတ်ကို ခဏဘေးဖယ်ပြီးတော့ တိုက်ပွဲကို အနိုင်တိုက်ရတာပါပဲ..။ ဒီအကြောင်းတွေကြားရင် အမေ စိတ်မကောင်း ဖြစ်နေဦးမယ်။ ဒီလောက်ပါပဲ..။

ဒါနဲ့ မေမေ..။ မေမေ့ကို မှာရဦးမယ်..။ အိမ်ထဲကနေ လျှောက်လျှောက်ပြီးတော့ အပြင်မသွားပါနဲ့နော်..။ ညရေးညတာဆို အဖော်မပါဘဲ မသွားပါနဲ့..။ အိမ်မှာ လိုအပ်တဲ့ဆေးဝါးတွေ၊ စားစရာတွေကို လုံလုံလောက်လောက် ဝယ်ထားပါ.. မေမေ..။ တိုက်ပွဲဆိုတာ ခန့်မှန်းရခက်ပါတယ်…။  ဘယ်အချိန် ဘာဖြစ်မလဲဆိုတာ တပ်အပ် ဘယ်သူမှမပြောနိုင်ဘူး..။ တစ်ဖက်ရန်သူနဲ့ တွေ့တဲ့အခါ တိုက်ပွဲဆိုတာဖြစ်ကြတာပါပဲ..။ သတိထားပြီး သွားလာနေထိုင်ပါ မေမေ…။

မေမေ သားအတွက် စိတ်မပူပါနဲ့။ သား လုံခြုံအောင် ကြိုးစားနေထိုင်ပါ့မယ်..။ သားအတွက် ဘာပဲဖြစ်လာဖြစ်လာ သား ရင်ဆိုင်ဖို့အသင့်ပါပဲ…။ တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်ထားတဲ့ သားအတွက် စိတ်မပူပါနဲ့…။ ကောင်းတာလည်း ဖြစ်လာနိုင်သလို ဆိုးတာလည်းဖြစ်နိုင်တာပဲ..။ ဖြစ်သမျှအကြောင်း အကောင်းမှတ်ပြီး လက်ခံနိုင်အောင် သား စိတ်ကို ပြင်ဆင်ထားပါတယ်..။ မေမေကတော့ တိုက်တဲ့ပွဲတိုင်း အနိုင်ရဖို့၊ သား လုံခြုံဘေးကင်းဖို့ ဆုတောင်းမေတ္တာပို့သပေးပါ.. မေမေ။

အခါအခွင့်သင့်ရင် စာရေးဦးမယ်..မေမေ..။ မေမေ ကျန်းမာပါစေ…။

ချစ်ခြင်းများစွာဖြင့်
မေမေရဲ့ချစ်လှစွာသော သားငယ်

နေလင်းခိုင်(မြောက်ဦး)-ရေးသည်

ဗီဒီယိုများ