ကြားဖြတ်သတင်း

ကားလမ်းနံဘေးက သွေးပျက်ဖွယ်ည

ညနေ ၇ နာရီခန့်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် ရွာမှထွက်ခွာသွားကြသည်။ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် မည်သူတစ်ဦးတစ်ယောက်ကမျှ ရွာထဲသို့မဝင်ရဲကြတော့ပေ။ နီးစပ်ရာ ကျေးရွားများကိုသာ ထွက်ပြေးကြရတော့သည်။ နောက်တစ်နေ့ နံနက်ပိုင်းတွင် ရွာသားတစ်ချို့ သွားရောက်ကြည့်ရှုကြရာတွင် ဒဏ်ရာဗရဗွနှင့် သေဆုံးနေကြသည့် အလောင်းများကိုသာ တွေ့ရတော့သည်။

Admin 17 Nov 2022

DMG ၊ နိုဝင်ဘာ ၁၇

(ဆောင်းပါး)

မီးဟုန်းဟုန်း တောက်လောင်နေသည့် ရွာထဲသို့ဝင်သွားသော လင်ယောက်ျားဖြစ်သူကို စိတ်မချ၊ ချန်မထားရစ်နိုင်ခဲ့သော်လည်း သားသမီးသုံးယောက်ကိုခေါ်ယူကာ ဘေးလွတ်ရာနေရာသို့ ထွက်ပြေးကြရမည့် အရေးကြုံလာသည်။ မထွက်ပြေးမီ လင်ယောက်ျားထံ ဖုန်းဆက်သွယ်သော်လည်း ဖုန်းမကိုင်တော့သဖြင့် အလွန်စိတ်ပူမိသည်။

သို့ရာတွင် မထွက်ပြေးလျှင် သားသမီးများနှင့် မိမိအတွက်ပါ အသက်အန္တရာယ်ရှိနိုင်သဖြင့် နေရပ်ကိုစွန့်ခွာရန် ဒေါ်မမြသိန်းတစ်ယောက် မဝံ့မရဲသော ဆုံးဖြတ်ချက်ကို ချလိုက်သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် ဆင်အင်းကြီးရွာနှင့် ပဒေသာကျေးရွာအကြား ရထားလမ်းကူးတွင် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ ရွာသားများမှာလည်း တိုက်ပွဲဖြစ်နေသလောဟု စိုးရိမ်မှုကိုယ်စီဖြင့် ရှိနေ၏။ နောက်မှသိလိုက်ရသည်က မြန်မာစစ်တပ်၏ ယာဉ်တန်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်သည်။

မကြာမီတွင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခလရ ၅၅၀ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုများ ရှိလာသကဲ့သို့ ရဟတ်ယာဉ်များဖြင့်လည်း ရွာအနီးပတ်ဝန်းကျင်ကို တရစပ် ပစ်ခတ်နေတော့သည်။ ထို့ပြင် မြန်မာစစ်တပ် စစ်ကြောင်းတစ်ခုလည်း စစ်တွေ-ရန်ကုန် ပြည်ထောင်စုကားလမ်းမကြီးဘေးတွင်ရှိသည့် ဆင်အင်းကြီးရွာသို့ ဦးတည်ချီတက်လာသည်။

သို့သော် လက်နက်ကြီးပစ်ခတ်မှုများ ရှိနေသဖြင့် ယင်းစစ်ကြောင်း ပြန်လှည့်ထွက်သွားသောအခါ အန္တရာယ် ကြီးကြီးမားမားမရှိနိုင်တော့ဟု ရွာသားများ စိုးရိမ်မှုအနည်းငယ် လျှော့ကျသွားသည်။ နောက်နာရီအနည်းငယ်တွင် မည်သို့စိတ်ကူးပေါ်လာသည်မသိ၊ အဆိုပါစစ်ကြောင်းသည် ရွာဘက်သို့ ပြန်လှည့်လာသည်။

လက်နက်ကြီးပစ်ခတ်မှုသာမက စစ်ကြောင်းလည်းလာနေသောအခါ ရွာသားများမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ရွာပြင်ရှိဘုန်းကြီးကျောင်းသို့ ခိုလှုံရန်ထွက်ပြေးကြသည်။ ရွာထဲတွင် သက်ကြီးရွယ်အိုများနှင့် လူကြီးပိုင်းများသာ အိမ်စောင့်အဖြစ် ကျန်လိုက်ကြသည်။

“ငါတို့သက်ကြီးရွယ်ကိုတွေကိုတော့ ဒီလိုမလုပ်လောက်ပါဘူး။ သူတို့ကိုလည်း ဖျောင်းဖြရင် နားလည်မှာပါဆိုပြီး ကျန်လိုက်ကြတာ”ဟု ဦးမောင်မောင်သိန်း၏ ယောက်ဖဖြစ်သူက ပြောသည်။

အချိန်အားဖြင့် ညနေ ၅ နာရီခန့်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ ရွာသို့ရောက်နှင့်ပြီးဖြစ်သည်။ မကြာမီတွင် မီးခိုးများ အလိပ်လိပ်ထွက်ပေါ်လာသည်။ ရွာထဲတွင် ကျန်ရစ်ခဲ့သော လူတစ်ဦးသည် အမြန်ပြေးလွှားလာပြီး “နေအိမ်နှစ်အိမ် မီးရှို့ခံလိုက်ရပြီ”ဟု ပြောလာသည်။

ထို့ကြောင့် ဦးမောင်မောင်သိန်းမှာ အခြေအနေကိုသွားကြည့်ရန်ဟုဆိုကာ ဦးမောင်စံလှနှင့်အတူ ထွက်သွားရန်ပြင်သည်။ ရွာသားများကလည်း အန္တရာယ်ကြီးမားသည်ဟုဆိုကာ မသွားရန် ဟန့်တားကြသည်။

မည်သို့ပင်ဟန့်တားစေကာမူ မိမိနေအိမ်နှင့်တကွ တခြားနေအိမ်များ မည်သို့မည်ပုံဖြစ်ပျက်နေသည်ကို သွားကြည့်ချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့။ ၄င်းတို့နှစ်ဦး ရွာထဲသို့ ဝင်သွားကြသည်။ ရွာထဲတွင် သေနတ်ပစ်ခတ်သံများ အဆက်မပြတ်ဖြစ်ပေါ်နေသည်။

“အိမ်တွေကို မီးတွေရှို့နေတော့ ကျနော်တို့အဖေလည်း ရွာကိုဝင်တော့တယ်။ အဲဒီကနေ ဖုန်းခေါ်လို့ မရတော့ဘူး”ဟု ဦးမောင်မောင်သိန်း၏သား အသက် ၁၈ နှစ်အရွယ် မောင်မောင်(အမည်လွှဲ)က ငိုသံကိုထိန်းချုပ်ရင်း ဆို့နင့်စွာပြောပြသည်။

ဒေါ်မမြသိန်း(အမည်လွှဲ)မှာလည်း လင်ယောက်ျား ဦးမောင်မောင်သိန်းအတွက် စိတ်ပူပန်သည်။ မီးဟုန်းဟုန်း တောက်လောင်နေသည့်အပြင် သေနတ်ပစ်ခတ်သံများလည်း ကြားနေရသောကြောင့် တခြားရွာသားများမှာလည်း အလားတူ စိုးရိမ်စိတ်များဖြစ်ပေါ်နေသည်။

ညနေ ၇ နာရီခန့်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် ရွာမှထွက်ခွာသွားကြသည်။ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် မည်သူတစ်ဦးတစ်ယောက်ကမျှ ရွာထဲသို့မဝင်ရဲကြတော့ပေ။ နီးစပ်ရာ ကျေးရွားများကိုသာ ထွက်ပြေးကြရတော့သည်။ နောက်တစ်နေ့ နံနက်ပိုင်းတွင် ရွာသားတစ်ချို့ သွားရောက်ကြည့်ရှုကြရာတွင် ဒဏ်ရာဗရဗွနှင့် သေဆုံးနေကြသည့် အလောင်းများကိုသာ တွေ့ရတော့သည်။

“ပထမနှစ်လောင်းကို ရွာအဝင်ဝမှာ တွေ့ပါတယ်။ ထိုင်းခိုင်းခဲ့တယ် ထင်တယ်။ သူတို့နှစ်ယောက်ကတော့ ထိုင်လျက်သေနေကြတာ။ တစ်ယောက်ကတော့ မျက်နှာကိုမှောက်ပြီး လဲလျက် သေနေတယ်။ နောက်တစ်ယောက်ကတော့ ထိုင်ပြီးတော့ နောက်ကိုလှန်ပြီး သေနေတယ်။ လည်ပင်းကိုပစ်လိုက်တာ ထင်ပါတယ်။ နှစ်ယောက်လုံး လည်ပင်းမှာ သွေးတွေထွက်နေတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကဆိုသည်။

“ရှေ့ကိုဆက်သွားတော့ ကွန်ကရစ်လမ်းသွယ်မှာ နောက်တစ်ယောက်လဲနေတယ်။ ထွက်ပြေးတာမှာ ပစ်ခံရတဲ့ ပုံစံမျိုးနဲ့ပါ။ ရွာဦးတည့်တည့် ရှေ့ကိုဆက်သွားတော့ ထပ်ပြီး နှစ်ယောက်သေနေတာတွေ့တယ်။ သူတို့လည်း ထွက်ပြေးတာမှာ အပစ်ခံရတဲ့ ပုံစံပါ။ မိန်းမနှစ်ယောက်နဲ့ ယောက်ကျားတစ်ယောက်ကတော့ အိမ်အောက်မှာ သေနေတယ်။ တခြားတစ်ယောက်ကိုတော့ ကျွန်တော့မကြည့်ခဲ့ရဘူး”ဟု ၄င်းက မြင်တွေ့ခဲ့ပုံကို ရှင်းပြသည်။

ရွာထဲတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသူများထဲတွင် ဒေါ်မမြသိန်း၏ လင်ယောက်ျား ဦးမောင်မောင်သိန်းလည်း ပါဝင်သည်။ ထို့ပြင် ဦးခင်မောင်(၅၅ နှစ်)၊ မောင်စံလှ (၃၈ နှစ်)၊ ဦးဇံ (၆၅ နှစ်)၊ မောင်ကျော်သိန်း (၆၅ နှစ်)၊ ဒေါ်မေနု(၅၀ နှစ်)၊ ဒေါ်မခင်သိန်းမိခင်(၉၂ နှစ်)၊ ရသေ့တောင်မြို့နယ်မှ ဆေးဆရာ တစ်ဦး (၆၀ နှစ်)၊ ဦးမှဲ့နီ (၅၆ နှစ်)တို့လည်း သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

ထို့ပြင် အိမ်ခြေ ၁၂၀ ကျော်ရှိသည့် ၄င်းတို့၏ရွာတွင် အိမ်ကြီးအိမ်ကောင်း ၇ အိမ် မီးလောင်ပျက်စီးဆုံးရှုံးသွားကာ ဝမ်းစာအဖြစ် စုဆောင်းထားသည့် စပါးများလည်း ပြာပုံအတိ ဖြစ်သွားခဲ့သည်။ ဦးမောင်မောင်သိန်း၏ သားဖြစ်သူကတော့ ဖခင်လည်း အသက်ဆုံးရှုံးသွားရသည့်အပြင် နေအိမ်လည်း မီးလောင်ပျက်စီး သွားသောကြောင့် အလွန်ဝမ်းနည်းရသည်ဟုဆိုသည်။

“ကျနော်တို့လည်း အသက်ငယ်ငယ်လေးရှိသေးတယ်။ အဖေမရှိတော့ လက်မောင်းတစ်ချောင်း ပြုတ်ထွက်သွား သလိုမျိုးပါ”ဟု ၄င်းကဆိုသည်။

ဦးမောင်မောင်သိန်းမှာ အသက် ၁၈ နှစ်အရွယ် သားကြီးအပါအဝင် အသက် ၁၃ နှစ်နှင့် ၂ နှစ်အရွယ် သားနှစ်ဦးလည်း ကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူမှာတော့ လင်ယောက်ျားလည်းဆုံး၊ နေအိမ်လည်း ပျက်စီးသွားသည့် အဖြစ်ဆိုးကြောင့် ရူးမတတ်အောင် ခံစားနေရသည်။ DMG က အင်တာဗျူးရန်ချဉ်းကပ်ခဲ့ရာတွင်လည်း “သိပ်ခံစားနေရတယ်”ဟုဆိုကာ မည်သူနှင့်မျှစကားမပြောလိုဟု ဝမ်းနည်းစွာပြောနေသည်။

“ကျနော့်အမေဆိုရင် အဖေဆုံးသွားကတည်းက မျက်ရည်မပြတ်ကျနေတုန်း။ အဖေသေနေတဲ့ဓာတ်ပုံကို အမေ့ကို မပြရဲသေးဘူး။ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့လေ။ ညီလေးတွေကိုလည်း မပြရသေးဘူး”ဟု သားကြီးဖြစ်သူက ဆိုသည်။

သေဆုံးသွားသူများအနက် ဦးခင်မောင်နှင့် ဒေါ်မေနုဆိုသည့် လင်မယားနှစ်ဦးလည်း ပါဝင်သည်။ ၄င်းတို့လင်မယားကို အိမ်ထဲတွင် သေဆုံးလျက်တွေ့သည်ဟု ဦးခင်မောင်၏ ညီဖြစ်သူ ကိုသိန်းမောင်ကဆိုသည်။ ၄င်းတို့သည်လည်း စစ်သားများကို လျှော့တွက်ကာ “သက်ကြီးပိုင်းတွေကို ဒီလိုမလုပ်လောက်ပါဘူး”ဟုဆိုပြီး ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

“သူတို့သားသမီးတွေကို မနေ့က မနက်ပိုင်းကတည်းကနေ တခြားနေရာကို ပို့ထားခဲ့ကြတယ်”ဟု ကိုသိန်းမောင်က ဆိုသည်။

သားသမီးများ အန္တရာယ်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း သူတို့လင်မယား သေဆုံးသွားခဲ့ရသည်။ ယခုကဲ့သို့ မတရားသဖြင့် သေဆုံးသွားခြင်းအပေါ် နာကျဉ်းခြင်း၊ ဒေါသထွက်ခြင်းနှင့် ဝမ်းနည်းစိတ်များမှာလည်း ရင်ထဲတွင် ကိန်းအောင်းနေသည်။ ယခုကဲ့သို့ လူမဆန်စွာ ပြုလုပ်ခဲ့သူများမှာလည်း တစ်နေ့ ပြစ်ဒဏ်ခံစားလာလိမ့်မည်ဟု ဦးသိန်းမောင်က ယုံကြည်နေသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမပတ်အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ယင်းနောက်တွင် မည်သည့်ကတိကဝတ်မှ မပါသော နားလည်မှုသဘောဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြသည်။ သို့သော် ရခိုင်ပြည်လွတ်မြောက်ရေးကို လိုလားနေသော ရက္ခိုင့်တပ်တော်နှင့် အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးမူကို စွဲကိုင်ထားသော မြန်မာစစ်တပ်တို့ကြားတွင် အပစ်အခတ်ရပ်စဲရေးမှာ ကြာကြာမခံခဲ့ပေ။

ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်တွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးယန္တရားများကို ဆောင်ရွက်လာချိန်တွင် မြန်မာစစ်တပ်ဘက်ကလည်း ဟန့်တားမှုများ ပြုလုပ်လာသည်။ ယင်းနောက် ၂၀၂၂ ခု၊ သြဂုတ်လမှစတင်ကာ နားလည်မှုသဘောဖြင့် အပစ်အခတ်ရပ်စဲထားမှုသည် လုံးဝပျက်စီးသွားကာ တကျော့ပြန်တိုက်ပွဲဘက်သို့ ဦးတည်လာခဲ့သည်။

လက်ရှိတွင် ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး၊ အမ်းနှင့် တောင်ကုတ် စသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေသည်။ တိုက်ပွဲကြောင့် ဩဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင် ၁၆၀၀၀ တိုးလာခဲ့ပြီး ယခင်က စစ်ဘေးရှောင်ဦးရေနှင့် ပေါင်းပါက စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၉၀၀၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလက ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှု၊ မြေမြှုပ်မှိုင်းပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁ ဦးအထိရှိခဲ့ကြောင်း DMG က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

အလားတူ စက်တင်ဘာလအတွင်းတွင်လည်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးထိရှိကြောင်း DMG က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

ရခိုင်ပြည်တွင် စစ်ရေးမြင့်မားလာမှုနှင့်အတူ သေဆုံးသူနှင့် ဒဏ်ရာရရှိသူဦးရေမှာလည်း တဖြည်းဖြည်း မြင့်တက်လာကာ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သုံးရက်တာအတွင်းတွင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ဆင်အင်းကြီးရွာသားများသည် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းနှင့် ယိုးတရုတ်ကျေးရွာများသို့ ထွက်ပြေးသွားကြပြီ။ လူနေအိမ်တစ်ချို့ လည်း တစ်စစီပြိုပျက်နေသည်။ လယ်ကွင်းပြင်များတွင် စပါးများဝင်းဝါနေပြီဖြစ်သော်လည်း ရွာထဲတွင်ကား လူတစ်ယောက်မျှ မရှိတော့ဘဲ သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသည်။

“ဒီလို ရက်စက်စွာသတ်ခဲ့တဲ့လူတွေကို ပြန်လုပ်မယ့်လူတွေလည်း ရှိမှာပါ။ ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့လူတွေက ဒီထက်ဆိုးတဲ့ ပြစ်ဒဏ်တွေ ရသင့်တယ်”ဟု အစ်ကိုနှင့်မရီးတို့ သေဆုံးသွားရမှုအပေါ် မခံချိ၊မခံနိုင်ဖြစ်ကာ ကိုသိန်းမောင်က ပြောချလိုက်သည်။

နေမျိုးလင်း - ရေးသည်။

ဗီဒီယိုများ