ကြားဖြတ်သတင်း

လယ်ယာအလုပ်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ

ရခိုင်ပြည်အတွင်းမှ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းအရွယ်များသည် အလုပ်အကိုင်အခွင့်လမ်းသစ်များကို ရှာဖွေရန် ပြည်ပနိုင်ငံသို့ ထွက်ခွာမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိနေသည်။ ထိုသို့ ပြည်ပထွက်ခွာနေကြသည့် အကြောင်းအရင်းများထဲတွင် မိမိဒေသ၌ စက်ရုံအလုပ်ရုံနည်းပါးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းတို့ အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

Admin 10 Nov 2022

DMG ၊ နိုဝင်ဘာ ၁၀

(ဆောင်းပါး)

ဗုဒ္ဓဘာသာဆရာတော် ၉ ပါးတို့သည် ကတ္တီပါယပ်တောင်တို့ကို အသီးသီးကိုင်ဆောင်ထားကြကာ တည်ငြိမ်သည့်ဟန်ဖြင့် ထိုင်ခုံများပေါ် ထိုင်လျက်ရှိနေသည်။ ရှေ့တွင်ကား တပည့်တကာ၊ တကာမများက ရိုသေကိုင်းညွတ်စွာထိုင်ကာ ဆရာတော်များထံမှ တရားစာရွတ်ဖတ်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

နေ့လည် ၂ နာရီရောက်သည်နှင့် ဆရာတော် ၉ ပါးထံမှ တရားစာရွတ်ဖတ်သံများ စတင်ထွက်ပေါ်လာတော့သည်။ ထိုဆရာတော်များမှာ “ငါးရံ့မင်းပရိတ်တော် (ဝါ) မစ္ဆရာဇသုတ္တံ”ကို ရွတ်ဖတ်ပူဇော်နေကြခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများသည် မိုးခေါင်သည့်အခါ၌ “ငါးရံ့မင်းပရိတ်တော် (ဝါ) မစ္ဆရာဇသုတ္တံ”ကို ရွတ်ဖတ်ပူဇော်လေ့ ရှိကြသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မေလ ၃၁ ရက်နေ့တွင် မုတ်သုန်လေ စတင်ဝင်ရောက်ခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့မှစ၍ မုတ်သုန်လေ စော၍ဝင်ရောက်ခဲ့သည်။ မိုးဦးကာလတွင် မိုးရွာသွန်းမှုရှိခဲ့သော်လည်း မိုးအလယ်ကာလတွင် ရက်ပေါင်း ၄၀ ခန့်တိုင်တိုင် မိုးရွာသွန်းမှု မရှိခဲ့ပေ။ ထို့ကြောင့် ရေမရရှိတော့ဘဲ ထွန်ယက်စိုက်ပျိုးပြီး စပါးပင်များ သေကြေပျက်စီးခြင်း၊ ကြဲလက်စ စပါးပင်များမှာလည်း မျိုးစပါး မအောင်မြင်သည့်အခြေအနေများကို လယ်သမားများ ရင်ဆိုင်ခဲ့ရသည်။

မင်းပြားမြို့နယ်တွင်လည်း မိုးရွာသွန်းမှုနည်းသဖြင့် လယ်ကွင်းထဲတွင် မြေများခြောက်သွေ့လာကာ ပြန်လည်ထွန်ယက်ရခြင်း၊ ချောင်းမြောင်းများမှ ရေကို ရေစုပ်စက်ဖြင့်တင်ကာ လယ်သမားများမှာ စပါးစိုက်ပျိုးခဲ့ရသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ ဆရာတော်များနှင့် တပည့်တကာ၊ တကာမများက မိုးရွာသွန်းစေရန်အတွက် “ငါးရံ့မင်းပရိတ်တော်”ကို မင်းပြားမြို့၌ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရွတ်ဖတ်ပူဇော်ကြခြင်းဖြစ်သည်။

အဆိုပါ “ငါးရံ့မင်းပရိတ်တော်”ကို ကျောက်ဖြူမြို့တွင်လည်း ဗုဒ္ဓဘာသာဆရာတော်များနှင့် တပည့်တကာ၊ တကာမများက ရွတ်ဖတ်ပူဇော်ကာ မိုးရွာသွန်းစေရန် ဆုတောင်းခဲ့ကြသေးသည်။

အလားတူ မင်းပြားမြို့နယ်၊ စမ္ဘလယ်(မွတ်ဆလင်)ကျေးရွာတွင်လည်း မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်များနှင့် ကျေးရွာသားများကလည်း ရွာအနီးရှိ လယ်ကွင်းပြင်၌ မိုးခေါ်ဆုတောင်းပွဲကို ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ သုံးရက်ကြာပြုလုပ်ခဲ့ကြသည်။

မွတ်ဆလင်များ၏ မိုးခေါင်ဆုတောင်းပွဲတွင် မွတ်ဆလင်ဘာသာရေးခေါင်းဆောင်များက အစ္စလမ်ဘာသာ၏ ကုရ်အာန်ကျမ်းတွင်ပါဝင်သည့် မိုးရွာစေသောကျမ်းစာကို ရွတ်ဖတ်ကာ ဆုတောင်းခဲ့ကြခြင်းလည်းဖြစ်သည်။

တစ်နှစ်ထက်တစ်နှစ် ရာသီဥတုဖောက်ပြန်မှုကို ရင်ဆိုင်လာရသော လယ်သမားများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ရန် လက်တွန့်လာနေကြသည်။

“ဒီနှစ်မိုးခေါင်တော့ စပါးပင်တွေ ပျက်စီးတာများတယ်။ နောက်ပြီး သွင်းအားစု ကုန်ဈေးနှုန်းဈေးကြီးတယ်။ ဒါတွေကြောင့် လယ်အလုပ်ကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တာ”ဟု အသက် ၃၈ နှစ်အရွယ် ကိုမောင်သောင်းချေ သူ့ဆုံးဖြတ်ချက်ကို သက်ပြင်းချလျက်ပြောသည်။

ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာတွင်နေထိုင်သည့် ကိုမောင်သောင်းချေတို့ ဇနီးမောင်နှံတွင် သားသမီး သုံးဦးရှိသည်။ အကြီးဆုံးသားမှာ ယခု ၂၀၂၂ ခုနှစ်တွင် ဒသမတန်းကို တက်ရောက်သင်ကြားလျက်ရှိနေပြီး ကုန်ကျစရိတ်လည်းကြီးမားသည်ဟု ကိုမောင်သောင်းချေက ပြောပြသည်။

ထိုသို့ သားသမီးသုံးဦးကို ပညာသင်ကြားနိုင်ရန်အတွက် လယ်ယာလုပ်ငန်းကို စွန့်ခွာကာ ပြည်ပနိုင်ငံသို့ အလုပ်သွားလုပ်ရန် ကိုမောင်သောင်းချေက ဆုံးဖြတ်ထားသည်။

“ထိုင်းဘက်ကို အလုပ်သွားလုပ်မယ်။ ကိုယ့်တပိုင် ထွန်ယက်စိုက်ပျိုးထားတဲ့ လယ် ၆ ဧကရှိတယ်၊ စိုက်ထားတဲ့ စပါးခင်းတွေ ရိတ်သိမ်းပေးဖို့ ဆွေးမျိုးတွေဆီအပ်ခဲ့မယ်”ဟု သူ့၏အစီအစဉ်ကို ပြောပြသည်။

လယ်ယာလုပ်ငန်းကို စွန့်ခွာကာ ပြည်ပနိုင်ငံသို့ သွားရောက်မည့် နောက်တစ်ဦးမှာ လမ်းပိုက်ခွင်ကျေးရွာမှ အသက် ၃၀ အရွယ် ကိုမောင်ကျော်လှိုင်ဖြစ်သည်။

“ကျနော့်လယ်ထဲမှာ ဓာတ်မြေသြဇာ ၅ အိတ် သုံးစွဲရမယ့်နေရာမှာ ၂ အိတ်ပဲ သုံးနိုင်တော့တယ်။ အထွက်နှုန်းက ကျဆင်းမှာ သေချာတယ်။ နောက်ပြီး စိုက်စရိတ် ငွေကြေးကုန်ကျသာများခဲ့တာ။ ဒီနှစ်က မိုးခေါင်လိုက်တော့ စပါးပင်တွေ ပျက်စီးတယ်”ဟု ကိုမောင်ကျော်လှိုင်က ယခုနှစ်လယ်ယာလုပ်ငန်းအခြေအနေကို ပြောပြသည်။

ရခိုင်ပြည်အတွင်းမှ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းအရွယ်များသည် အလုပ်အကိုင်အခွင့်လမ်းသစ်များကို ရှာဖွေရန် ပြည်ပနိုင်ငံသို့ ထွက်ခွာမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိနေသည်။ ထိုသို့ ပြည်ပထွက်ခွာနေကြသည့် အကြောင်းအရင်းများထဲတွင် မိမိဒေသ၌ စက်ရုံအလုပ်ရုံနည်းပါးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းတို့ အပြင် ရာသီဥတုဖောက်ပြန်မှုကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ရခိုင်တွင် ရာသီဥတုဖောက်ပြန်မှုများကို ယခုနှစ်အတွင်း ပိုမို၍ ကြုံတွေ့လာရသည်။ မိုးဦးကာလတွင် မိုးရွာသွန်းခဲ့သော်လည်း မိုးအလယ်ကာလတွင် မိုးရွာသွန်းမှု မရှိခဲ့ပေ။

မိုးရေချိန်တိုင်းတာရရှိမှုမှာလည်း မောင်တောမြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း မီလီမီတာ ၁၉၀၀ ကျော် ရှိသော်လည်း ယခုနှစ်တွင် ၁၄၀၀ ကျော်သာရှိခဲ့သည်။ အလားတူ မြောက်ဦးမြို့တွင်လည်း ၂၀၂၁ ခုနှစ် ဇူလိုင်လက မိုးရေချိန် ၁၀၀၀ ကျော် မီလီမီတာရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးရေချိန် မီလီမီတာ ၉၀၀ ကျော်သာ ရှိကြောင်း ရခိုင်ပြည် မိုးသေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ယခုနှစ် သြဂုတ်လတွင်လည်း ကျောက်ဖြူမြို့နယ်တွင် နှစ်ပေါင်း ၅၈ နှစ်အတွင်း မိုးရေချိန်စံချိန်တင် ရွာသွန်းကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မှတ်တမ်းတင်ခဲ့သည်။

အဆိုပါမိုးရေချိန်မှာ ယခင် ၁၉၆၄ ခုနှစ်က စံချိန်တင်ရွာသွန်းခဲ့သည့် ၂၇၂ မီလီမီတာ(၁၀ ဒသမ ၇၀ လက်မ)ကို ကျော်လွန်ပြီး ၅၀၂ မီလီမီတာ(၁၉ ဒသမ ၇၆ လက်မ)အထိ ရွာသွန်းခဲ့သောကြောင့် ယင်းဖြစ်ရပ်မှာ ရာသီဥတု ဖောက်ပြန်ခြင်းကိုပြသနေကြောင်း မိုးဇလပညာရှင်များကပြောသည်။

“ပုံမှန်မဟုတ်တဲ့ ရာသီဥတုလို့ပဲ ပြောရမှာပေါ့။ မရွာရင်လည်း မရွာဘူး။ ရွာရင်လည်း ရေကြီး၊ ရေလျှံတာတွေ များတယ်ဆိုတော့ ပုံမှန်မဟုတ်တဲ့ ရာသီဥတုပေါ့”ဟု ရခိုင်ပြည် မိုးသေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

ထို့အပြင် ယခုနှစ်တွင် မိုးလွန်ကာလဖြစ်သည့် အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော “စီတရန်”ဆိုင်ကလုန်းမုန်တိုင်းမှာလည်း ရခိုင်ပြည်အတွင်းက မြို့နယ်အချို့ကို ရိုက်ခတ်မှုရှိခဲ့သေးသည်။

ရခိုင်ပြည်သည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ပြီး တပြည်လုံးအတိုင်းအတာဖြင့် စပါးစိုက်ဧကပေါင်း ၁၂ သိန်းကျော်ရှိသည်။ ရခိုင်ပြည် မြောက်ပိုင်းဒေသတွင် ဧက ၈ သိန်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် ၄ သိန်းဝန်းကျင်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ စာရင်းအရ သိရသည်။

သို့သော် ရခိုင်ဒေသခံတောင်သူများမှာ စပါးကို မိုးရာသီတစ်ခုတည်းတွင်သာ စိုက်ပျိုးနိုင်ပြီး နွေရာသီတွင် စိုက်ပျိုးနိုင်ရန် ရေအရင်းအမြစ်မရှိခြင်း၊ မြစ်ရေတင်စီမံကိန်းများ မလုပ်ဆောင်နိုင်ခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို မြှင့်တင်နိုင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မြကပြောသည်။

“အခု မိုးလေဝသက မူမမှန်ပြန်ဘူးဆိုတော့ စပါးစိုက်ရတာ မသေချာတော့ဘူး။ မိုးရွာသင့်တဲ့အချိန်မှာ မိုးမရွာတာတွေက များလာတယ်။ ရာသီဥတုဖောက်ပြန်လို့ စိုက်ပျိုးရေးက မသေချာတော့တာလည်းပါတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ ရာသီဥတုဖောက်ပြန်လာမှုကြောင့် စီးပွားရေးကျပ်တည်းလာခြင်းမှာ ရခိုင်ဒေသမှ လူငတ်၊လူလတ်ပိုင်းများကို ပြည်ပနိုင်ငံများသို့ ထွက်ခွာပြီး အလုပ်အကိုင်သစ်များရှာဖွေရန် တွန်းအားတစ်ခု ဖြစ်လာနေသည်ဟု ဦးအောင်ကျော်မြက ရှုမြင်သည်။

ရခိုင်တပြည်လုံးအတိုင်းအတာဖြင့် ပြည်ပထွက်ခွာသည့်စာရင်းကို မသိနိုင်သော်လည်း ကျေးလက်ဒေသများတွင် အလုပ်လုပ်ကိုင်နိုင်သည့် လူလတ်ပိုင်းများ မရှိသလောက်နည်းပါးလာနေကာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ၈၀ ရာခိုင်နှုန်းခန့်မှာ ပြည်ပထွက်ခွာမှုရှိနိုင်ကြောင်း ၎င်းကခန့်မှန်းသည်။

“လုပ်နိုင်ကိုင်နိုင် အရွယ်တွေအားလုံး အစုလိုက်အပြုံလိုက် ထွက်သွားကြတော့ ဆိုးသွားတာက ပြည်တွင်းလုပ်အား ကျဆင်းသွားတယ်”ဟု ဦးအောင်ကျော်မြက လက်ရှိ ရခိုင်ဒေသတွင်းအခြေအနေကို သုံးသပ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂၀၁၀-၂၀၁၉ ခုနှစ်များအတွင်း ရာသီဥတုဖောက်ပြန်မှုဖြစ်စဉ်ကြောင့် နှစ်စဉ် ကမ္ဘာအနှံရှိ ပျမ်းမျှလူဦးရေ ၂၃ ဒသမ ၁ သန်းခန့်သည် ဆင်းရဲမွဲတည်မှုဖြစ်စေပြီး ထိခိုက်လွယ်မှု အများဆုံးကြုံနေရသည့် နိုင်ငံများမှ လူသားများသည် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းထွက်ခွာသွားကြကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အပူချိန်တိုးပြီး ရေငွေ့ပျံမှုပိုများကာ မိုးရွာသွန်းမှုပုံစံ ပြောင်းလာပြီး ရေကြီးရေလျှံမှု ချက်ချင်းဖြစ်စေသည်။ ပင်လယ်သမုဒ္ဒရာ ပူနွေးလာမှုကြောင့် အပူပိုင်းမုန်တိုင်းများ ဆိုင်ကလုန်း၊ ဟာရီကိန်း၊ တိုင်ဖွန်း မုန်တိုင်းများကြောင့် နေအိမ်အဆောက်အဦးများစွာနှင့် စိုက်ပျိုးမြေများပျက်စီးပြီး စီးပွားရေးအရ ဆုံးရှုံးမှုများ ပိုမိုသိသာလာကြောင်း UN Climate Action အစီရင်ခံစာတွင် ဖော်ပြသည်။

အထက်ပါ UN Climate Action အစီရင်ခံစာအရ ဘင်္ဂလားပင်လယ်အော်တွင် မှေးတင်နေသည့် ရခိုင်ဒေသသည်လည်း ရာသီဥတုဖောက်ပြန်မှုဒဏ်ကို နှစ်စဉ်ခံနေရပြီး ဒေသခံများမှာလည်း အခြားဒေသများသို့ ရွှေ့ပြောင်းအခြေချ နေထိုင်လာနေသည်ဟု ရခိုင်အရပ်ဘက်အဖွဲ့တချို့ကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းက လယ်သမားများအနေဖြင် စပါးစိုက်ပျိုးရာတွင် မိုးခေါင်ခြင်း၊ လုပ်သား ရှားပါးမှု၊ လုပ်အားခစရိတ်ကြီးမားမှု၊ စက်သုံးဆီနှင့် သွင်းအားစုမြေသြဇာဈေးနှုန်းမြင့်တက်မှုများကြားမှ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေကြရသည်ဟု ပေါက်တောမြို့နယ်မှ လယ်သမား ဦးအေးသာအောင်က ပြောသည်။

“လယ်လုပ်ရတာက ဒီနှစ်တွေမှာ ပိုဆိုး၊ ကုန်ကျစရိတ်တွေက အရမ်းကို ကြီးလွန်းတယ်။ လုပ်အားခဆိုရင်လည်း အရင်က ကောက်စိုက်ပျိုးနှုတ် တစ်ယောက်ငှားရင် ၃ ထောင် အလွန်ဆုံး ၄ ထောင်ပေါ့။ အခုက အနည်းဆုံး ၁ သောင်း ပေးငှားရတယ်။ ဒါတောင် အလုပ်သမားက ရှာရခက်တယ်”ဟု ဦးအေးသာအောင်ကဆိုသည်။

ရခိုင်ပြည်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ မသေချာသည့် အသက်မွေးဝမ်းကြောင်းသဖွယ် ဖြစ်လာနေပြီး ဒေသတွင်း လုပ်သားအင်အားကျဆင်းမှုက လာမည့်ရာစုနှစ်အတွက် ရင်လေးဖွယ်ဖြစ်လာနေသည်ဟု လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများကပြောသည်။

ထိုသို့ ရခိုင်ဒေသအတွင်း ရာသီဥတုဖောက်ပြန်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် မွေးရပ်ဌာနေကို စွန့်ခွာသွားကြသူများ နေရပ်ပြန်လာနိုင်ရေးမှာ အချိန်မည်မျှ ကြာမြင့်မည်ကို မှန်းဆ၍ မရနိုင်သေးပေ။

“ကိုယ့်ရွာမှာ ပြန်လာဖို့အချိန်ကိုတော့ ခန့်မှန်းမပြောနိုင်သေးဘူး။ လယ်လုပ်စားလို့ အဆင်ပြေနိုင်မယ့်အချိန်မှ ပြန်လာမှာ”ဟု ကိုမောင်သောင်းချေက ပြောသည်။

ဂေါင် - ရေးသည်

ဗီဒီယိုများ