ကြားဖြတ်သတင်း

မြောက်ဦးမြို့နယ်တွင် စာသင်နေစဉ်အတွင်း အသက်ရှူကျပ်လာ၍ ကျောင်းသူ ၁၀ ဦးခန့်ကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရ

မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ ၂၃ ရက်၊နံနက် ၁၀ နာရီခန့်က စာသင်နေစဥ်အတွင်း ကျောင်းသူ ၁၀ ဦးခန့် အသက်ရှူကျပ်၍ ဆေးရုံသို့ အရေးပေါ်ပို့လိုက်ရကြောင်း သိရသည်။

Admin 23 Nov 2022

အသက်ရှူကျပ်၍ ဆေးကုသမှုခံယူနေရသော ကျောင်းသား၊ကျောင်းသူများ။ဓာတ်ပုံ- ပေးပို့

DMG | နိုဝင်ဘာ ၂၃

မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ ၂၃ ရက်၊နံနက် ၁၀ နာရီခန့်က စာသင်နေစဥ်အတွင်း ကျောင်းသူ ၁၀ ဦးခန့် အသက်ရှူကျပ်၍ ဆေးရုံသို့ အရေးပေါ်ပို့လိုက်ရကြောင်း သိရသည်။

အဆိုပါကျောင်းသူများမှာ Grade -7၊ Grade- 9၊ Grade- 10နှင့် Grade- 11 ကျောင်းသူများဖြစ်ပြီး စာသင်ခန်းထဲ၌ စာသင်နေစဉ် နေမကောင်းဖြစ်လာကြခြင်းဖြစ်သည်ဟု ယင်းကျောင်းမှ အထက်တန်းပြဆရာ ဦးရွှေထွန်းကျော်က ပြောသည်။

" ပထမတော့ တစ်ယောက် အသက်ရှူကျပ်ပြီး မွန်းလာတာပေါ့။ ကျနော်တို့အခန်းမှာက ခန္ဓာကိုယ်ကခုခံအားနည်းလို့မွန်းတတ်တဲ့ ကျောင်းသူ တစ်ယောက်၊နှစ်ယောက်လောက်ရှိပါတယ်။ အဲဒီကလေးတွေကလည်း လိုက်ပြီး မွန်းတက်လာကြတယ်။ ဒီလိုနဲ့ တယောက်ပြီးတယောက် ဖြစ်သွားတာ။ အခုဖြစ်သွားတဲ့ထဲက ကျောင်းသူတချို့ကို ကျနော်တို့ကိုယ်တိုင် ကျောင်းကနေ ဆေးရုံကို အရေးပေါ်ကားနဲ့ပို့ပေးလိုက်တယ်။ နောက်ကျောင်းသူတစ်ချို့ကတော့ မိဘတွေဆီ လွှတ်ပေးလိုက်တာဆိုတော့ အဲဒီကနေတဆင့် ဆေးရုံကိုပို့လိုက်တယ်လို့ ပြောပါတယ်" ဟု ၄င်းကပြောသည်။

လက်ရှိတွင် အဆိုပါကျောင်းသားများမှာ မြောင်းဘွေတိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရပြီး ရောဂါ အခြေနေများကို မသိရသေးကြောင်း ၄င်းက ဆက်ပြောသည်။

"အခု ဖြစ်တဲ့ကျောင်းသူတွေထဲက တချို့ကို အောက်ဆီဂျင်ရှူခိုင်းထားရတယ်လို့ ပြောတယ်။ ကျန်တဲ့ကလေးတွေကတော့ နည်းနည်း သက်သာသွားကြပြီ ပြောတယ်။ ဘာရောဂါလဲ၊ ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ မသိရသေးပါဘူး " ဟု ဆရာဦးရွှေထွန်းကျော်ကဆက်ပြောသည်။

မြောက်ဦးမြို့နယ် ၊ ကျွဲတဲ အ.ထ.က ကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူ/ သား ၅၀၀ ခန့်ရှိပြီး လက်ရှိအခြေနေများကြောင့် ဆရာ၊ဆရာမများမှာလည်း စိုးရိမ်ကာ ကျောင်းကို ယာယီပိတ်လိုက်ထားလိုက်ရကြောင်း သိရသည်။

အသေးစိတ်သိရှိနိုင်ရန်အတွက် မြောင်းဘွေတိုက်နယ်ဆေးရုံနှင့်မြောက်ဦးဆေးရုံတာဝန်ရှိသူများထံ ဆက်သွယ် လျက်ရှိသည်။

ဗီဒီယိုများ