မိုင်းနင်းမိ၍ ခြေနှစ်ဖက်ဆုံးရှုံးလိုက်ရသည့် ပလက်ဝဒေသခံ ဆေးကုသရန် အကူညီများလိုအပ်နေ

မိုင်းနင်းမိ၍ ခြေနှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသည့် ပလက်ဝမြို့နယ်မှ လူနာမှာ ဆက်လက် ဆေးကုသရန် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

By Admin 25 Nov 2022

မိုင်းနင်းမိ၍ ခြေနှစ်ဖက်ဆုံးရှုံးလိုက်ရသည့် ပလက်ဝဒေသခံ ဆေးကုသရန် အကူညီများလိုအပ်နေ

စစ်တွေ ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ဦးမောင်မောင်ယိုးအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG

DMG | နိုဝင်ဘာ ၂၅

မိုင်းနင်းမိ၍ ခြေနှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသည့် ပလက်ဝမြို့နယ်မှ လူနာမှာ ဆက်လက် ဆေးကုသရန် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အကူအညီလိုအပ်နေသူမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ရပ်ကွက် (၃ ) (ခ) ဘုံဝရွာမှ အသက် ၃၇ နှစ် အရွယ် ဦးမောင်မောင်ယိုးဖြစ်ပြီး လက်ရှိတွင် စစ်တွေဆေးရုံကြီးတွင် ဆေးဝါးကုမှုခံယူနေရသည်။

၎င်းမှာ ပြီးခဲ့သည့် (နိုဝင်ဘာလ၁၉ ရက်) နေ့ နံနက် ၈ နာရီကျော်က ရွာနှင့် ၄ ဖာလုံခန့်ဝေးသည့် ဆုတောင်းတောင်ပေါ်သို့ ရွာသားများနှင့်အတူ တောရှင်းရန်သွားစဥ် မိုင်းနင်းမိပြီး ညာခြေတစ်ဖက်လုံး ပြတ်သွားကာ ဘယ်ခြေတွင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါနေရာတွင် လွန်ခဲ့သော ၁ လကျော်က မြန်မာစစ်တပ်များ ယာယီစခန်းချနေထိုင်ခဲ့ကြောင်းလည်း ဒေသခံများကို ပြောဆိုကြသည်။

ယောက်ဖဖြစ်သူ ဦးအောင်မင်းက “ အဲဒီနေ့က ဆုတောင်းတောင်ကို လမ်းရှင်းဖို့ဆိုပြီး ရွာက ၁၉ ယောက်လောက် အတူသွားတာပါ။ သူက ရှေ့ဆုံးက ဖြစ်တာကြောင့် မိုင်းနင်းမိပြီး ညာခြေထောက် ကလုံးဝ ပြတ်သွား တယ်။ ဘယ်ခြေ ထောက်က မပြတ်တစ်ပြတ် အသားစတွေနဲ့ ကျန်ခဲ့တယ် ” ဟု DMG သို့ ပြောသည်။

ဦးမောင်မောင်ယိုးမှာ ပလက်ဝမြို့ဆေးရုံတွင် တစ်ရက် ဆေးကုသမှုခံယူပြီး ဒဏ်ရာပြင်းထန်သဖြင့် ရခိုင်သို့လာရာ ကျောက်တော်ဆေးရုံတွင် ထပ်မံပြီး တစ်ည ဆေးကုသမှုခံယူခဲ့ရာကနေ လက်ရှိတွင် စစ်တွေဆေးရုံကြီးတွင် ကုသနေခြင်းလည်း ဖြစ်သည်။

ထိုသို့ ဆေးဝါးကုသရန်အတွက် ငွေကြေးလိုအပ်ချက်ကို ရွာမှ ချေးငှား၍လာခဲ့ရပြီး ရွာမှ စစ်တွေသို့လာသည့် လမ်းစရိတ် ၁၁ သိန်း ကျော်ထိ ကုန်ကျခဲ့ကြောင်းလည်း ဦးအောင်မင်းက ပြောသည်။

“ ကျနော်တို့မှာ ငွေကြေးတတ်နိုင်တာလည်း မဟုတ်ပါဘူး။ ဆေးကုဖို့အတွက် ရွာက ငွေချေးငှားပြီး လာတာပါ။ စစ်တွေလာတာ လမ်းစရိတ် ၁၁ သိန်းနဲ့ ၅ သောင်း ကုန်ပါတယ်။ ဆမီးနဲ့ ပလက်ဝကို သုံးသိန်းခွဲ၊ ပလက်ဝနဲ့ ကျောက်တော်ကို ငါးသိန်း၊ ကျောက်တော်ကနေ ပေါက်တောကို ၂ သိန်း ၂ သောင်း၊ ပေါက်တောကနေ စစ်တွေကို ၁ သိန်း ကုန်ပါတယ်။ ဒါကြောင့် ငွေကြေး အခက်အခဲရှိပါတယ် ” ဟုသူကပြောသည်။

လက်ရှိတွင် အဆိုပါ လူနာအတွက် ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများကလည်း တစုံတရာထောက်ပံ့ လှူဒါန်းမှုများလည်း မရှိသေးသဖြင့် ပိုပြီး အခက်အခဲများဖြစ်နေရကြောင်း မိသားစုဝင်များက ဆိုသည်။

၄င်းတို့ မိသားစုမှာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးနေကြရသူများဖြစ်ကာ မိသားစုဝင် ၆ ဦးရှိ ကြောင်း သိရသည်။

ပလက်ဝ မြို့နယ်သည် မြန်မာစစ်တပ်နှင့် AA တို့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားရာဒေသတခုဖြစ်ပြီး တိုက်ပွဲများ၏ အကျိုးဆက်အဖြစ် ဒေသခံများမှာ မိုင်းနှင့် စစ်ကျန်လက်နက်များ အန္တရာယ်ကို နေ့တိုင်း စိုးရိမ်နေကြရသည်။

“ စိုးရိမ်တာပေါ့။ ဒေသခံတွေကတော့ ဘယ်မှ မသွားရဲတော့ဘူး။ ဒီမှာ တောင်ယာလုပ်ကြတာဆိုတော့ တောင်ပေါ်မှာ မိုင်းနင်းမိတော့ ဘယ်မှ မသွားရဲကြတော့ဘူး။ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ် ” ဟု ပလက်ဝမြို့နယ် ဘုံဝကျေးရွာမှ ဒေသခံ တစ်ဦး က DMG သို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ င/ပွီ ကျေးရွာမှ အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိ၍ ညာခြေတစ်ဖက်ပြတ်လိုက်ရပြီး စက်တင်ဘာလ ၁ ရက် နေ့ကလည်း ပလက်ဝမြို့နယ်၊ စည်းမဝ ကျေးရွာမှ အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးသွားသည်။

ထို့အတူဩဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။