ကြားဖြတ်သတင်း

မြန်မာပြည်သူတွေဘက်က အာဆီယံရပ်တည်မလား

မြန်မာနိုင်ငံအရေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝင်ထွက်သွားလာ ချိတ်ဆက်ဆောင်ရွက်နိုင်မှု ရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံရေးနည်းလမ်းကို စွန့်ပယ်လိုက်ခြင်းက ဆုံးရှုံးမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ အာဆီယံခေါင်းဆောင်တွေက တာဝန်ပေးထားတဲ့ အာဆီယံရဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းဗဟိုဌာန(AHA Centre)က မြန်မာနိုင်ငံမှာ အကူအညီ အလွန်အမင်းလိုအပ်နေသူကို ထိရောက်တဲ့အကူအညီတွေ မပေးနိုင်ခဲ့ပါဘူး။ စစ်ကောင်စီက ဝင်ထွက်သွားလာခွင့်တွေကို ဆက်ပြီးကန့်သတ်ထားတဲ့အပြင် စစ်အုပ်စု ခွင့်ပြုတဲ့အုပ်စုတွေဆီကိုသာ အကူအညီတွေ ပေးအပ်ခွင့်ပြုလိမ့်မယ်လို့ ယူဆရပါတယ်။

Admin 11 Nov 2022

ဓာတ်ပုံ - AP

DMG ၊ နိုဝင်ဘာ ၁၁

နိုင်ငံရေးအကျပ်အတည်းတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်တာက အောင်မြင်မှုတစ်ခုအဖြစ် သက်သေထူနိုင်မယ့် အကောင်းဆုံးအလားအလာ တစ်ခုအဖြစ် အစိုးရတွေက များသောအားဖြင့် ယူဆထားကြပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ကလည်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမယ့် ကြိုးစားမှုတွေက မြင်သာထင်သာအရှိဆုံး ကြိုးပမ်းမှုအဖြစ် ကင်ပွန်းတပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအရေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝင်ထွက်သွားလာ ချိတ်ဆက်ဆောင်ရွက်နိုင်မှု ရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံရေးနည်းလမ်းကို စွန့်ပယ်လိုက်ခြင်းက ဆုံးရှုံးမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ အာဆီယံခေါင်းဆောင်တွေက တာဝန်ပေးထားတဲ့ အာဆီယံရဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းဗဟိုဌာန(AHA Centre)က မြန်မာနိုင်ငံမှာ အကူအညီ အလွန်အမင်းလိုအပ်နေသူကို ထိရောက်တဲ့အကူအညီတွေ မပေးနိုင်ခဲ့ပါဘူး။ စစ်ကောင်စီက ဝင်ထွက်သွားလာခွင့်တွေကို ဆက်ပြီးကန့်သတ်ထားတဲ့အပြင် စစ်အုပ်စု ခွင့်ပြုတဲ့အုပ်စုတွေဆီကိုသာ အကူအညီတွေ ပေးအပ်ခွင့်ပြုလိမ့်မယ်လို့ ယူဆရပါတယ်။

ကမ္ဘာ့ဘေးအန္တရာယ် ကျရောက်မှုအများဆုံး ဒေသတစ်ခုဖြစ်တဲ့ အာဆီယံမှာ AHA Centre ဟာ လက်မလည်အောင် အလုပ်လုပ်နေရတဲ့ ဌာနတစ်ခုလည်း ဖြစ်ပါတယ်။ AHA Centre ကရင်ဆိုင်နေရတဲ့ ရှုပ်ထွေးမှုတွေကို ရာသီဥတုဖောက်ပြန်မှုနဲ့ ကမ္ဘာ့ကပ်ရောဂါဘေးတွေက ပိုပြီးရှုပ်ထွေးစေပါတယ်။ မီးလောင်ရာ လေပင့်နေသလိုပါပဲ။ AHA Centre ရဲ့ မူလတာဝန်က သဘာဝဘေးကြောင့်ဖြစ်တဲ့ အကျပ်အတည်းတွေကို အကူအညီပေးဖို့အတွက်ပါပဲ။ အခုတော့ နဂိုမူလတာဝန်ကို ထိခိုက်စေတဲ့အပြင် ရင်းမြစ်နဲ့ စွမ်းရည်ချို့တဲ့နေတဲ့ ကြားကနေ မြန်မာနိုင်ငံအကျပ်အတည်းအတွက် သူတို့ကို တာဝန်ပေးလိုက်တာက မနိုင်ဝန် ထမ်းခိုင်းလိုက်တာပါပဲ။ ဒါ့အပြင် စွန့်စားလုပ်ကိုင်ရမယ့် အန္တရာယ်တွေကလည်း ရှိနေပါသေးတယ်။

AHA Centre အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေတာမျိုး မဟုတ်ပါဘူး။ လိုအပ်ချက် ဆိုင်ရာအတွက် အကဲဖြတ်တာနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ရာမှာ မြန်ဆန်ထိရောက်အောင် ဆောင်ရွက်တာမျိုးတွေအတွက် ဂျကာတာမှာရှိနေတဲ့ဌာနချုပ်ရုံးက အဓိကစီမံခန့်ခွဲနေပါတယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ AHA Centre ရဲ့ ကြုံရာကျပမ်း အလျဉ်းသင့်သလို ချိတ်ဆက်ဆောင်ရွက်နေတာတွေကို ရပ်ဆိုင်းပြီး စစ်ကောင်စီနဲ့ဆက်ဆံရေးကို တခြားလမ်းကြောင်းတွေကနေတဆင့် ထိန်းသိမ်းဖို့ ဆုံးဖြတ်သင့်ပါတယ်။

မြန်မာစစ်တပ်အာဏာသိမ်းခဲ့တာ လပေါင်း ၂၀ ကြာခဲ့ပြီဖြစ်တဲ့အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေ စစ်ကောင်စီကို ပေးပြီး ဆက်သွယ်ဆောင်ရွက်နိုင်မယ့် နိုင်ငံရေးနည်းလမ်းကို ဆက်ပြီး မသုံးသင့်တော့ပါဘူး။ မကြာခင်ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံကြပါလိမ့်မယ်။ အဲ့ဒီအချိန်မှာတော့ အထက်မှာပြောခဲ့တဲ့ နည်းလမ်းရဲ့ စိတ်ပျက်စရာကောင်းလောက်အောင် တိုးတက်မှုမရှိဖြစ်နေတဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အဓိပ္ပါယ်ရှိတဲ့ (နိုင်ငံရေးမဟုတ်တဲ့) လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီရဲ့ အကျိုးရလဒ်တွေ အမှတ်တကယ်ရရှိနိုင်မယ့် နောက်ထပ်ချဉ်းကပ်နည်းလမ်းတွေကို စဉ်းစားသင့်ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက် လက်ရှိအချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းသုံးခုရှိနေပါတယ်။ အဲဒီနည်းလမ်းတွေကတော့ -

၁။ နိုင်ငံတကာဦးဆောင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများတည်ထောင်ခြင်း

ယူကရိန်းမှာဆောင်ရွက်နေသလိုပဲ အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နဲ့ နောက်ထပ်ကျန်နေသေးတဲ့ လူသားချင်းစာနာ ထောက်ထားအကူအညီပေးရေး မိတ်ဘက်တွေပူးပေါင်းပြီး လူသားချင်း စာနာမှုစင်္ကြန်တွေတည်ထောင်ဖို့ ညွှန့်ပေါင်းအဖွဲ့တစ်ခုဖွဲ့ဖို့ အများစုက အကြံပေးထားပါတယ်။

အာဆီယံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေပေးနိုင်ဖို့ စစ်ကောင်စီနဲ့ညှိနှိုင်းပြီး ပဋိပက္ခကို ခဏရပ်ဆိုင်းထားဖို့နဲ့ ကူညီကြမယ့် ဝန်ထမ်းနဲ့ အရပ်သားတွေ ဘေးကင်းကင်းဖြတ်သန်းသွားလာဖို့ ခွင့်ပြုပေးရပါမယ်။ ဒါ့အပြင် အကူအညီတွေ ဘေးကင်းကင်းပို့ဆောင်နိုင်ဖို့အရေး တောင်းဆိုရပါမယ်။

၂။ အားလုံးပါဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ချိတ်ဆက်ပူးပေါင်းရေး ဖိုရမ်တည်ထောင်ခြင်း

NUG ၊ လူသားချင်းအကူအညီနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့က EROs တချို့နဲ့ပူးပေါင်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် ဇူလိုင်အထိ လိုအပ်မှုဆန်းစစ်ချက် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ နယ်စပ်ဖြတ်ကျော်အကူအညီတွေ နောက်ထပ်ပေးအပ်ဖို့ အကြံပြုထားပြီး အရင်အကျပ်အတည်းကာလတွေက တည်းက လက်မနှေးဘဲ တုန့်ပြန်ဆောင်ရွက်နေကြသူတွေက ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အလုပ်တွဲလုပ်နေကြတဲ့ ဒေသခံအရပ်ဘက်အဖွဲ့ အစည်းတွေဖြစ်တယ်ဆိုတဲ့အချက်ကို အလေးအနက် ထောက်ပြထားပါတယ်။ ဒါ့အပြင် AHA Centre ရဲ့လုပ်ငန်းတွေမှာ အားဖြည့်ကူညီနိုင်ဖို့ အားလုံးပါဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ချိတ်ဆက်ပူးပေါင်းရေး ဖိုရမ်တည်ထောင်ဖို့ အစီရင်ခံစာမှာအကြံပြုထားပါတယ်။ နောက်ပြီး ဝင်ထွက်သွားလာခွင့်ပြုဖို့ စစ်ကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေ အကြား သဘောတူစာချုပ်ချုပ်ဆိုဖို့ အဆိုပြုထားပါတယ်။ ဒီနည်းလမ်းကိုတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ ကအကြံပြု ထားပါတယ်။

၃။ ဒေသခံတွေဦးဆောင်တဲ့ လူသားချင်းစာနာမှုပလက်ဖောင်း တည်ထောင်ခြင်း

ဒီနည်းလမ်းကတော့ စစ်ကောင်စီကိုဘေးဖယ်ထားတဲ့ နည်းလမ်းပါပဲ။ ဒီနည်းလမ်းကိုသုံးမယ်ဆိုရင် NUG အပြင် ERO အားလုံးနဲ့ တော်လှန်ရေးအဖွဲ့တွေအားလုံးက ညီညီညွတ်ညွတ် အားထုတ်ဖို့လိုပါတယ်။ ဒီလို ပလက်ဖောင်းမျိုးသာ တည်ထောင်နိုင်မယ်ဆိုရင် မှတ်ပုံမတင်ရသေးတဲ့ ဒေသခံအကူအညီပေးရေးအဖွဲ့တွေကို တရားဝင်မှတ်ပုံတင်ပေးတဲ့ နည်းလမ်းတစ်မျိုးလို ဖြစ်ထွန်းလာပါလိမ့်မယ်။ အလှူရှင်တွေရဲ့ ယုံကြည်မှုလည်း တိုးလာပါမယ်။ ဒီနည်းလမ်းမှာ အကူအညီစီမံချက်ရေးဆွဲတာနဲ့ အကူအညီပေးဝေတာတွေမှာ ဒေသခံအဖွဲ့တွေက တိုက်ရိုက်စီမံခန့်ခွဲနိုင်အောင် လွတ်လွတ်လပ်လပ် စီမံဆောင်ရွက်ခွင့်ပေးရပါမယ်။ အလှူငွေတွေနဲ့ လက်နက်ဝယ်မှာစိုးရိမ်နေတဲ့ အလှူရှင်တွေအတွက်လည်း ဒေသခံအဖွဲ့တွေကို လွတ်လွတ်လပ်လပ် ခန့်ခွဲစေတာမျိုးက ပိုပြီးလက်ခံနိုင်စရာ ရှိပါတယ်။

ပထမနည်းလမ်းအတွက် အဓိကအတားအဆီးတွေက စစ်ကောင်စီရဲ့ အလျှော့မပေးဘဲ သဘောထားတင်းမာနေမှု၊ မြန်မာ့အရေးအပေါ် အိမ်နီးချင်းနိုင်ငံတွေရဲ့ စိတ်နှစ်ခွဖြစ်ဂနာမငြိမ်မှုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တူညီတဲ့နိုင်ငံရေးဆန္ဒ ကင်းမဲ့နေမှုတို့ ဖြစ်ကြပါတယ်။ ယူကရိန်းဥပမာလိုပဲ အားကောင်းတဲ့ နိုင်ငံတကာဖိအားနဲ့ ဖိအားကို တရားဝင်အကျိုး သက်ရောက်စေမှု၊ ခိုင်မာတဲ့နိုင်ငံရေးဆန္ဒနဲ့ လူသားချင်းစာနာမှုစင်္ကြန်အားလုံးရဲ့ ဘေးကင်းမှုကို လေးစားထိန်းသိမ်းနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေအားလုံး သဘောတူညီမှု စတဲ့အချက်တွေ ပြည့်စုံညီညွတ်မှသာ ပထမနည်းလမ်းက အောင်မြင်စရာအကြောင်းရှိပါတယ်။

ဒီနည်းလမ်းအတွက် အဓိကအကူအညီပေးမယ့် အဖွဲ့တွေတွေက UN၊ NGOs နဲ့ ICRC လို ထိပ်တန်းတရားဝင် အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံအတွင်းပိုင်းနဲ့ နယ်စပ်ဒေသတလျှောက်မှာ အကူအညီပေးနေတဲ့ ဒေသခံအကူအညီပေးရေးအဖွဲ့တွေရဲ့ အလွတ်သဘော ကွန်ရက်စနစ်ကိုထိခိုက်စေမယ့် မလိုလားအပ်တဲ့အခြေအနေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

အားလုံးပါဝင်တဲ့ဖိုရမ်ဖွဲ့စည်းရေးဆိုတဲ့ ဒုတိယနည်းလမ်းအရ ဝင်ထွက်ဖို့ခက်ခဲတဲ့ အသိုင်းအဝိုင်းတွေကို လက်လှမ်းမီလာမှာဖြစ်တဲ့အတွက် AHA Centre က စိတ်ဝင်စားကောင်းဝင်စားနိုင်ပေမယ့် AHA Centre နဲ့ NUG ၊ EROs တွေပူးပေါင်းလုပ်ကိုင်တာမျိုးကို အာဆီယံက ခွင့်ပြုမယ့်ပုံမပေါ်ပါဘူး။ ဒါ့အပြင် ဒေသခံအကူအညီပေးရေး ဝန်ထမ်းတွေနဲ့ အဲဒီဒေသရဲ့ ဒေသခံလူထုရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားမယ့်အန္တရာယ်ကလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီနဲ့ကော အကူအညီပေးရေးဝန်ထမ်းတွေနဲ့ပါ အတူတွဲပြီး အလုပ်လုပ်ကိုင်ပေးမှာ မဟုတ်ဘူးဆိုတာ ဒေသခံအကူအညီပေးရေးအဖွဲ့တွေက ထပ်ခါတလဲလဲ ပြောဆိုထားပြီး ဖြစ်ပါတယ်။

တတိယနည်းလမ်းကတော့ ဒေသခံအကူအညီပေးသူတွေနဲ့ သူတို့ကို ထောက်ပံ့နေတဲ့ ဒေသအုပ်ချုပ်မှုအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်အပေါ် မှီခိုဆောင်ရွက်ရမယ့်နည်းလမ်းပါပဲ။ နယ်စပ်မှာလုပ်ငန်းလုပ်ကိုင်နေတဲ့ အုပ်စုတွေလို တချို့သောကြားခံ INGO တွေဟာ ဘဏ္ဍာရေးအစီရင်ခံစာ ရေးဆွဲခြင်း၊ အချိန်နှင့်တပြေးညီမြေပုံရေးဆွဲခြင်း၊ နည်းပညာအကူအညီပေးခြင်းစတဲ့ ကျွမ်းကျင်မှုဆိုင်ရာဝန်ဆောင်မှုတွေပေးပြီး နောက်ခံအထိုင်ရုံးအဖြစ် ကူညီပံ့ပိုးနိုင်ပါတယ်။

အကူအညီပေးရာမှာလည်း တာဝန်ခံမှုရှိစေရေး၊ လူ့အခွင့်အရေးအခြေပြု လူသားချင်းစာနာမှုလုပ်ငန်းကို အားပေးမြှင့်တင်နိုင်ရေး စတာတွေအတွက် ဒေသခံလူ့အခွင့်အရေးအဖွဲ့တွေ ဒါမှမဟုတ် သုတေသီအဖွဲ့လို လူသားချင်းစာနာမှုလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ သီးခြားလွတ်လပ်တဲ့ အုပ်စုတွေက လုပ်ငန်းအကောင်အထည်ဖော်မှုကို စောင့်ကြည့်စစ်ဆေးနိုင်ပါတယ်။

တတိယနည်းလမ်းကိုအကောင်အထည်ဖော်မယ်ဆိုရင် အာဆီယံရဲ့ နိုင်ငံဗဟိုပြုချဉ်းကပ်မှု ကနေ ပြည်သူဗဟိုပြုချဉ်းကပ်မှုဆီ ပြောင်းလဲနိုင်မှာ ဖြစ်တဲ့အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်နဲ့ ကိုက်ညီမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တတိယနည်းလမ်းက မြန်မာပြည်သူတွေရဲ့ ဆန္ဒအပေါ် လေးစားမှုကို ဖော်ပြနေပြီး မြန်မာလူထုရဲ့ သာယာဝပြောရေးကိုလည်း အကာအကွယ်ပေးနိုင်မယ်လို့ ယူဆစရာရှိပါတယ်။ ဒီအချက် ၂ ချက်က အာဆီယံရဲ့အဓိက ဦးစားပေးအချက်တွေဖြစ်သင့်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ထောက်ပြပြောဆိုခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေတွေက ရှုပ်ထွေးသလို အမြဲပြောင်းလဲနေပြီး ယိုင်နဲ့ယိုယွင်းလာနေပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေကို ဗျူဟာကျကျ ဟန့်တားပိတ်ဆို့နိုင်တဲ့ စိုးရိမ်စရာအချက်က အနည်းဆုံး ၃ ချက်ရှိပါတယ်။ အဲဒါတွေက လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ နိုင်ငံရေးဆန္ဒကင်းမဲ့ခြင်း၊ အကျပ်အတည်းနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့အတွက် အာဆီယံက မညီမညာပဲ့ကိုင် ထိန်းသိမ်းနေရခြင်းနဲ့ တတိယနဲ့အရေးအပါဆုံးက မြန်မာပြည်သူတွေအပေါ် တန်ဖိုးထားလေးစားမှု မရှိခြင်းတို့ ဖြစ်ကြပါတယ်။

အလုပ်ဖြစ်နိုင်မယ့် အကူအညီတွေရှာဖွေရာမှာ မြန်မာပြည်သူတွေဘက်က ရပ်တည်မလား၊ ဒါမှမဟုတ် မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ သာယာဝပြောရေးကို ဖျက်ဆီးချိုးဖောက်နေသူတွေဘက်က ရပ်တည်မလားဆိုတာ အာဆီယံက ပိုင်းခြားဆုံးဖြတ်ရမယ့်အချိန် ရောက်နေပါပြီ။

ကြည်ဖြူစံ

“FULCRUM” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “ Adelina Kamal” ရေးသားသော “Will ASEAN take the side of the Myanmar people?”ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ