ကြားဖြတ်သတင်း

မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့တုံ့ပြန်မှုက အံ့ဩစရာကောင်းအောင် တိတ်ဆိတ်နေ

IPI ကော်မတီအဖွဲ့ဝင်များသည် ထိုင်း-မြန်မာနယ်စပ်တွင် အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ဖွဲ့စည်းခဲ့ကြပြီး ၎င်းအဖွဲ့တွင် ယခုမူရင်းဆောင်းပါးရေးသူလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ အဆိုပါအဖွဲ့အနေဖြင့် မဲဆောက်တွင် ဒါဇင်နှင့်ချီသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအရုံး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ကြသည်။

Admin 25 Oct 2022

ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၂၅

၂၀၂၂ ခုနှစ် ဇူလိုင်လအစောပိုင်း၌ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့တစ်ဖွဲ့ဖြစ်သည့် နိုင်ငံတကာလွှတ်တော်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့(IPI)ကို ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်း၌ အရပ်သားအစိုးရကိုဖြုတ်ချပြီး မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့သော မြန်မာ့အကျပ်အတည်းအပေါ် ကမ္ဘာလုံးဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှု မရှိခဲ့ခြင်းကိစ္စရပ်များကို စုံစမ်းစစ်ဆေးခဲ့သည်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် မြန်မာပြည်သူလူထုအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေးကိစ္စရပ်တို့တွင် စိုးရိမ်ထိတ်လန့်ဖွယ်ကောင်းအောင်ပင် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများ မရရှိခဲ့ကြောင်းကို ထိုအဖွဲ့က တွေ့ရှိခဲ့သည်။

ဥရောပလွှတ်တော်၏ ဒုတိယဥက္ကဌ Heidi Hautala ဦးဆောင်သော IPI အဖွဲ့အား အာဖရိက၊ အမေရိက၊ အာရှနှင့်ဥရောပရှိ နိုင်ငံ ၇ နိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ စစ်ဆေးစုံစမ်းမှုကို ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးမြှင့်တင်ရေး ဒေသတွင်း တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းတစ်ခုဖြစ်သည့် လူ့အခွင့်အရေးအတွက် အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(APHR)ကလည်း ကူညီပံ့ပိုးပေးထားသည်။

IPI သည် မြန်မာနှင့် အခြားနိုင်ငံများမှ သံတမန်များ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ နှင့်အတူ အနည်းဆုံးအနေဖြင့် လူသိရှင်ကြား နှုတ်ဖြင့်ကြားနာပွဲ ၆ ပွဲနှင့် အလားတူ အထူးကြားနာမှု ၂ ခု နှင့် တံခါးပိတ်ကြားနာမှု ၃ ခုတို့ကို ပြုလုပ်ခဲ့သည်။ ထိုကြားနာပွဲများအတွင်း ပါဝင်ဆွေးနွေးခဲ့ကြသူ ဒါဇင်များစွာတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီယယ်လ်နှင့် ဒဲရစ်မစ်ချယ်လ်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် တို့ပါဝင်ခဲ့ကြသည်။

IPI ကော်မတီအဖွဲ့ဝင်များသည် ထိုင်း-မြန်မာနယ်စပ်တွင် အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ဖွဲ့စည်းခဲ့ကြပြီး ၎င်းအဖွဲ့တွင် ယခုမူရင်းဆောင်းပါးရေးသူလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ အဆိုပါအဖွဲ့အနေဖြင့် မဲဆောက်တွင် ဒါဇင်နှင့်ချီသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအရုံး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှ တက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့ကြသည်။

ပြီးခဲ့သောစက်တင်ဘာတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း IPI သည် နယူးယောက်သို့ရောက်ရှိခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ ဥရောပသမဂ္ဂနှင့် မလေးရှားနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံတမန်များနှင့်တွေ့ဆုံကာ မိမိတို့တင်သွင်းထားသည့် ပဏာမအစီရင်ခံစာကို ဆွေးနွေးခဲ့ပြီး မလေးရှားနိုင်ငံက IPI အဖွဲ့၏ အကြံပြုချက်များကို ထောက်ခံတင်ပြရန် ရည်ရွယ်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့သည်။ IPI ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အမေရိကန် အထက်နှင့်အောက်လွှတ်တော် ကိုယ်စားလှယ်များ၊ အထူးသဖြင့် လူ့အခွင့်အရေးဆိုင်ရာ Lanton ကော်မရှင်အဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သည်။ အလားတူပင် အမေရိကန် နိုင်ငံခြားရေးဌာနနှင့် အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူတို့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

မအောင်မြင်သော အာဏာသိမ်းမှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာကို မြန်မာစစ်တပ်က သိမ်းယူခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် မြန်မာစစ်တပ်က NLD အနိုင်ရရှိခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မသမာမှုများရှိခဲ့သည်ဟု စွပ်စွဲခဲ့သည်။ မြန်မာစစ်တပ်အာဏာသိမ်းမှုက ၂၀၁၁ ခုနှစ်မှစတင်ခဲ့သော ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတိုကို ဆုံးခန်းတိုင်စေခဲ့သည်။ မြန်မာစစ်တပ်သည် ၁၉၆၂ ခုနှစ်မှစတင်ပြီး အာဏာရရှိလာခဲ့ပြီး ပါလီမန်ရွေးကောက်ပွဲများနှင့် အခြားသော ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်ခဲ့သော်လည်း အတိုင်းအတာတစ်ခု အထိထိန်းချုပ်ထားခဲ့သည်။ လွှတ်တော်တွင် စစ်တပ်က အလိုအလျောက် ၂၅ ရာခိုင်နှုန်း ကိုယ်စားပြုနိုင်သော အတုယောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ ယင်းက စစ်ဘက်-အရပ်ဘက် အာဏာခွဲဝေရန် စီစဉ်ထားခြင်းဖြစ်သည်။

ထောင်နှင့်ချီသောလူများ လမ်းမများပေါ်ထွက်လာခဲ့ကြပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ကိုစတင်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ စစ်အာဏာရှင်အုပ်ချုပ်ရေးကို တွန်းလှန်ရန် ကတိပြုပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများက လူထုအစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြပြီး နိုင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စည်းရုံးဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ၁၉၈၈၊ ၂၀၀၇ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို အကြမ်းဖက်ဖြိုခွဲခဲ့သဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီးဖြစ်သော မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်တွင်လည်း ငြိမ်းချမ်းစွာဆန္ဒပြမှုများအား အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ခြင်းဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ အာဏာသိမ်းချိန်မှစပြီး စစ်တပ်၏ အကြမ်းဖက်ဖြိုခွဲမှုများကြောင့် ပြည်သူ ၂၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၀၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

IPI ၏ပဏာမအစီရင်ခံစာမှာတော့ အာဏာသိမ်းမှု မအောင်မြင်ခဲ့ပါဟု ဖော်ပြထားသည်။ မြန်မာလူထုက အာဏာသိမ်းမှု စတင်ချိန်ကတည်းကစပြီး ထုထည်အင်အားကြီးမားစွာဖြင့် ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော စစ်တပ်လက်စွဲပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမြင်တွင်ပင် အာဏာသိမ်းမှုက တရားမျှတမှုမရှိခဲ့ပေ။ ၎င်းအပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖယ်ရှားဖြုတ်ချခဲ့သော လွှတ်တော်ကိုယ်စားလှယ်များက “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH” ကိုဖွဲ့စည်းခဲ့သည်။ ၎င်းတို့ကပင် ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။

အရပ်သားများအပေါ် လက်နက်အားကိုးဖြင့် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေသော်လည်း မြန်မာစစ်တပ်က တိုင်းပြည်ကို အပြည့်အဝထိန်းချုပ်ထားခြင်းမရှိပေ။ လက်ရှိမှာတော့ အာဏာသိမ်းမှုဆန့်ကျင်သော လူတန်းစားနှင့် မတူညီသောလူမျိုးစုများကြား မကြုံစဖူးသောအဆင့်အထိ စည်းလုံးညီညွတ်လာကြသဖြင့် မြန်မာစစ်တပ်သည် စစ်မျက်နှာများစွာတွင် အဝိုင်းခံနေသည်။ မြန်မာနိုင်ငံသည် လူမျိုးစုပေါင်းစုံ နေထိုင်သောနိုင်ငံဖြစ်ပြီး ဗမာကတော့ လူများစုအဓိကတိုင်းရင်းသား လူမျိုးစုဖြစ်သည်။

ဇူလိုင်လနှောင်းပိုင်းမှာတော့ မြန်မာစစ်တပ်က တက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားလေးဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းက ၁၉၈၈ နောက်ပိုင်းကာလများတွင် တိုင်းပြည်၏ ပထမဆုံးသော တရားစီရင်ရေးဆိုင်ရာ ကွပ်မျက်မှုဖြစ်လာခဲ့သည်။ ထို့သို့သော မျက်နှာပြောင်တိုက်ပြီး လူအများဆန္ဒကို ဖီဆန်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့က စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် အပယ်ခံဖြစ်လာစေခဲ့သည်။ သို့သော် တရုတ်နှင့် ရုရှားကဲ့သို့သောနိုင်ငံများသည် စစ်ကောင်စီကိုရှုတ်ချပြီး ထောက်ခံမှုကို ရုတ်သိမ်းရမည့်အစား လက်နက်နှင့် လက်ပစ်ဗုံးများထောက်ပံ့နေပြီး သံတမန်ရေးရာအရ အသိအမှတ်ပြုမှုဖြင့် မြန်မာစစ်တပ်အပေါ် ၎င်းတို့၏ အကြီးမားဆုံးသော ပံ့ပိုးကူညီမှုများ ဖြစ်လာစေခဲ့သည်။

ယခုအချိန်မှာတော့ စစ်ကောင်စီနှင့် ခုခံတော်လှန်နေသူများအကြား အလယ်အလတ်လမ်းစဉ်ဟူ၍ လုံးဝမရှိတော့ဘဲ ပဋိပက္ခအတွက် ပြီးပြည့်စုံသော ညှိနှိုင်းဆွေးနွေး အဖြေရှာရန်အလားအလာမှာ လုံးဝမဖြစ်နိုင်တော့ပေ။ စစ်တပ်အနေဖြင့် တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် ထိန်းသိမ်းထားနိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်ဟု အမြဲပြောဆိုလေ့ ရှိခဲ့သည်။ ယင်းအချက်ကြောင့်ပင် သဘောထားကွဲလွဲမှုများ ပိုပြီးနက်ရှိုင်းလာခဲ့ခြင်း ဖြစ်သည်။ စစ်တပ်သည် ကနဦးကတည်းပင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒတစ်စုံတစ်ရာ ပြသခြင်းမျိုးမရှိခဲ့ဘဲ အတိုက်အခံများအား ချေမှုန်းရန် အင်အားတစ်ခုတည်းအပေါ် အားကိုးပြီး ရက်ရက်စက်စက်ဖြိုခွဲရန်သာ အလေးမူခဲ့သည်။

အာဆီယံ၏ကျရှုံးမှု

မြန်မာ့ပဋိပက္ခတွင် အဆုံးအဖြတ်ပေးရမည့် စီရင်သူဖြစ်ရမည့် အာဆီယံသည်လည်း ၎င်း၏အခန်းကဏ္ဍတွင် အလားတူပင် ကျရှုံးခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဧပြီလ၌ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူများ အားလုံးအကြား တွေ့ဆုံဆွေးနွေးမှုများပြုရန် အပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လက်မှတ်ရေးထိုး သဘောတူညီခဲ့ကြသည်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အဆိုပါဘုံသဘောတူညီချက် များကို ထောက်ခံခဲ့ကြသော်လည်း အဓိပ္ပါယ်ရှိသော ဆောင်ရွက်မှုများပြုလုပ်ရန် အတွက်ကိုမူ ရှောင်ရှားနေခဲ့ပြီး ဘုံသဘောတူညီချက် နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့ကြပုံပေါ်သည်။

ဘုံသဘောတူညီချက် ၅ ချက်အပေါ် မြန်မာစစ်ကောင်စီက ၎င်း၏ ကတိကဝတ်မှုများအပေါ် လေးစားလိုက်နာမှု မရှိသည်ကတော့ သိသာထင်ရှားပါသည်။ အဆိုပါ ဘုံသဘောတူညီချက် ၅ ချက်မှာလည်း အစကတည်းကပင် မြန်မာစစ်တပ်အပေါ် မျက်နှာသာပေး ရေးဆွဲထားမှန်း သိသာနေပြီး လက်ခံသဘောတူခဲ့သည်ကလည်း NUG မဟုတ်ဘဲ စစ်ကောင်စီဖြစ်နေခြင်းကြောင့် စားပွဲတွင် နေရာပေးထားခြင်းခံထားရသူမှာ မင်းအောင်လှိုင် ဖြစ်နေပြီး NUG ကတော့ ငြင်းဆိုခံနေရသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများကြားတွင်လည်း ကွဲပြားခြားနားမှုများရှိသည်။ ထို့ကြောင့်လည်း အာဆီယံအနေဖြင့် ဒေသဆိုင်ရာ ကြားဝင်ဖျန်ဖြေသူဟူသော ၎င်း၏အခန်းကဏ္ဍနှင့် လိုက်လျောညီထွေစွာ ရပ်တည်လုပ်ဆောင်နိုင်ခြင်း မရှိဘဲ သဘောထားကွဲလွဲမှုများနှင့်အတူ ပြတ်သားမှုမရှိသောကြောင့် စစ်အာဏာရှင်များကို ရဲတင်းလာစေရန် ပံ့ပိုးပေးထားလေသည်။ စစ်အာဏာရှင်များသည် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန်အတွက် အာဆီယံ၏ တွန်းအားပေးမှုကို အခွင့်ကောင်းယူထားသည်။ အာဆီယံအနေဖြင့် ၎င်းတို့မူဝါဒကျရှုံးမှုကို အသိအမှတ်ပြုလက်ခံပြီး လက်ရှိ ပုံစံဖြင့်ရှိနေသော အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို စွန့်လွှတ်သင့်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာပြည်သူပြည်သားများ၏ စစ်ပွဲသည် အဆုံးမသတ်နိုင်ဘဲ သွေးထွက်သံယိုမှုများဖြင့် ရှည်လျားစွာ ချည်နှောင်ထားသည်။ စစ်တပ်က စစ်ပွဲများ၌ ဆုံးရှုံးလာနေချိန်တွင် ခုခံတော်လှန်မှုကလည်း စစ်ပွဲကို အနိုင်မရနိုင်ဘဲ ဖြစ်နေသေးသည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း

အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဆိုးကြီးတစ်ခု ဖြစ်လာစေပြီး နိုင်ငံတကာမှ ပါဝင်လုပ်ဆောင်နေမှုများသည် အဆိုပါဘေးဆိုးကို ရင်ဆိုင်ရာ၌ ရှက်စရာကောင်းလောက်အောင်ပင် သက်ဝင်တုံ့ပြန်မှုမရှိပေ။ မြန်မာနိုင်ငံ၌ ရခိုင်ပြည်နယ်မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုနှင့်အတူ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကပ်ဘေးကြီးတစ်ခုက အစောပိုင်းကတည်းကပင် ရှိနှင့်နေပြီးဖြစ်သည်။ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များတွင် နေထိုင်လျက်ရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ အထူးသဖြင့် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် (မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်တလျှောက်)၊ ချင်းပြည်နယ် (မြန်မာနိုင်ငံအနောက်ပိုင်း၊ အိန္ဒိယနယ်စပ်တလျှောက်) နှင့် အလယ်ပိုင်းဒေသ သို့မဟုတ် အပူပိုင်းဇုန်ဟု လူသိများသော စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ပါဝင်သည်။ ယင်းဒေသများသည် စစ်အုပ်ချုပ်ရေးကို ခုခံနေသော အဓိကအချက်အချာ ဒေသများဖြစ်သောကြောင့် စစ်တပ်၏ အပြင်းထန်ဆုံးနှင့် အရက်စက်ဆုံးတိုက်ခိုက်မှုများကို ခံနေရသောဒေသများ ဖြစ်ကြသည်။

ကရင်နှင့် ကရင်နီပြည်နယ်များအတွင်း ထိုင်း-မြန်မာနယ်စပ် နှစ်ဘက်စလုံးတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်နေကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) အများအပြား ရှိသော်လည်း ၎င်းတို့အနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်လျက်ရှိနေသော်လည်း ကြီးမားသည့် အတားအဆီးမှာ ထိုင်းအစိုးရဖြစ်သည်။ အပူပိုင်းဒေသများနှင့် ချင်းပြည်နယ်တို့အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် နိုင်ငံတကာ NGO များ နည်းပါးနေသေးသောကြောင့် ပို၍ခက်ခဲနေသေးသည်။

၎င်းဆောင်ရွက်ရမည့် အပိုင်းအတွက် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရှိဒေသ အများအပြားတွင် လိုအပ်လျက်ရှိနေသည့် အကူအညီများကို နယ်စပ်ဖြတ်ကျော်၍ ပေးပို့ရာတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့် အိန္ဒိယတို့ကဲ့သို့သော နိုင်ငံများက အတားအဆီးဖြစ်အောင် ဆောင်ရွက်နေကြသည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အလိုအပ်ဆုံး ဖြစ်နေသူများထံ အကူအညီများပေးပို့ရာတွင် အာမခံချက် မပေးနိုင်သကဲ့သို့ နိုင်ငံရေးတွင် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေမှုများကို ဖြေရှင်းရာတွင်လည်း ထိရောက်မှုမရှိကြောင်း ပြသခဲ့သည်။

အခြားတစ်ဘက်တွင်လည်း အမေရိကန်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများ ကဲ့သို့သောနိုင်ငံများသည် ယခင်က မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံခဲ့ကြသည်။ လက်ရှိမှာတော့ မြန်မာစစ်ဗိုလ်ချုပ်များ ထိခိုက်စေရုံမျှသာရှိသော ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခြင်းထက်ကျော်လွန်ပြီး အနည်းငယ်မျှသော လုပ်ဆောင်မှုများကိုသာ လုပ်ဆောင်လျက် ရှိနေကြသည်။

အကြံပြုချက်များ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ သိသိသာသာ တိုးမြှင့်သင့်ပေသည်။ ယေဘုယျအားဖြင့်၊ အထူးသဖြင့် စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းမရှိသော ထိုင်းနိုင်ငံ နယ်စပ်တလျှောက်တွင် ဖြစ်နိုင်သမျှသော အကူအညီများကို တတ်နိုင်သမျှ မြန်မာ့အရပ်ဘက် လူ့အဖွဲ့အစည်းလမ်းကြောင်းများမှတစ်ဆင့် ပေးပို့သင့်သည်။

နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရန်အတွက် အိမ်နီးချင်း (အထူးသဖြင့် ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်) တို့အား ဖိအားနှင့်မက်လုံးများ ပေးရန်လိုသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် ၎င်းတို့အား စည်းရုံးကူညီနိုင်ရန် အဆိုပါနိုင်ငံများသို့ သွားရောက်သင့်သည်။

၂၀၂၃ တွင်ရွေးကောက်ပွဲကျင်းပမည် ဆိုသော စစ်တပ်၏အစီအစဉ်က အတုအယောင်မျှသာ ဖြစ်ကြောင်း ဖော်ထုတ်သင့်သည်။ ရွေးကောက်ပွဲဆိုသည်က အာဏာသိမ်းမှုအား တရားဝင်ဖြစ်စေရန် လုပ်ဆောင်ပေးရုံမျှသာ ဖြစ်သောကြောင့် ဒီမိုကရေစီရွေးချယ်မှုအဖြစ် မရှုမြင်သင့်ပေ။ သို့သော် တရုတ်နှင့် ရုရှားတို့က စစ်အုပ်စုအားဆက်ပြီး ထောက်ခံအားပေးနေပြီး အမေရိကန်၊ အီးယူ၊ ဂျပန်နှင့် နိုင်ငံတကာ အသိုက်အဝန်းမှ ထိပ်တန်းနိုင်ငံများကသာ စစ်အုပ်စုကို ဆန့်ကျင်တွန်းထုတ်ခြင်းမရှိပါက စစ်အုပ်စုအနေဖြင့် ၎င်းအား အပြစ်ပေးအရေးယူမခံရဘဲ ရှေ့ဆက်လုပ်ဆောင်ရန် အတွက် ကန့်လန့်ကာ ချသွားနိုင်ရန် အတားအဆီးတစ်ခုအဖြစ် အသုံးချသွားနိုင်သည်။

နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် စစ်အာဏာရှင်များ၏ ကိုယ်စားလှယ်များအားလုံးကို သံတမန်ရေးအရ ချုပ်ကိုင်ထားပြီး အထီးကျန်ဖြစ်စေသင့်သည်။ ထို့အတူ စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို သေချာစွာညှိနှိုင်း ဆောင်ရွက်သင့်သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ ၂၀၂၀ ခုနှစ်အစီရင်ခံစာတွင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်သည် ၁၉၉၀ မှ ၂၀၁၀ ခုနှစ်များအတွင်း စစ်တပ်ထိန်းချုပ်ထားသော လုပ်ငန်းများမှ တစ်ဆင့် သတ္တု၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်လုပ်ငန်းများမှ ဒေါ်လာ ၁၈ ဘီလီယံ အမြတ်ရရှိခဲ့ကြောင်း ဖော်ပြထားပြီး ထိုဘဏ္ဍာငွေအများစုမှာ စစ်တပ်၏ အသုံးစရိတ်အတွင်း ရောက်ရှိသွားသည်။

အမေရိကန်နှင့် အခြားဒီမိုကရက်တစ် နိုင်ငံများက NUG ကိုမြန်မာနိုင်ငံ၏ တရားဝင်အဖြစ် အသိအမှတ်ပြုပြီး ထောက်ပံ့ကူညီပေးသင့်သည်။ သို့သော် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအား NUG က မြန်မာနိုင်ငံသားများအဖြစ် တရားဝင် အသိအမှတ်ပြုသင့်သည်။ ချက်သမ္မတနိုင်ငံသည် NUG ကို ထောက်ခံအသိအမှတ်ပြုသော ပထမဆုံးသောနိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ဥရောပပါလီမန်က CRPH နှင့် NUG ကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့သည်။ အလားတူပင် စစ်ကောင်စီကို ဆန့်ကျင်နေကြသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် NUG အတွက် အုပ်ချုပ်ရေးနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ တိုးမြှင့်လုပ်ဆောင်ပေးရန် လိုအပ်သည်။

အာဆီယံကလည်း ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်ပယ်သင့်သည်။ လာမည့်နိုဝင်ဘာတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် NUG နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့်အတူ သဘောတူညီချက် အသစ်တစ်ရပ်ကို ညှိနှိုင်းရေးဆွဲသင့်သည်။ အာဆီယံအထူးသံကို အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် သတ်မှတ်ခြင်းထက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံးက ခန့်အပ်ရန်လိုအပ်သည်။ အထူးသံသည် အာဆီယံ ဥက္ကဌကိုသာမက အာဆီယံအဖွဲ့ တစ်ခုလုံးကိုကိုယ်စားပြုပြီး အဖွဲ့တစ်ခုလုံးကို တာဝန်ခံမှုရှိသင့်သည်။

ကြည်ဖြူစံ

“Rappler”တွင် ဖော်ပြထားသော ဆောင်းပါးရှင် “Tom Villarin” ၏ “Coup in Myanmar: An appalling failure of international response”ကို ဆီလျော်အောင် ရေးသားပါသည်။

ဗီဒီယိုများ