မြန်မာ့အရေး အာဆီယံအားထုတ်မှု မအောင်မြင်ခဲ့ဟု အာဆီယံအစည်းအဝေးက မှတ်ချက်ပြု၊ မိမိမပါဝင်သည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို မလိုက်နာနိုင်ဟု မြန်မာဘက်က တုံ့ပြန်

မြန်မာ့အရေးကို ကူညီဖြေရှင်းရန် အာဆီယံအဖွဲ့ကြီး၏ အားထုတ်ခဲ့မှုများသည် အောင်မြင်မှုမရှိခဲ့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မှတ်ချက်ပြုလိုက်သည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများအား ရပ်တန့်ရေးအတွက် အဖွဲ့၏အားထုတ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်လည်း ဝန်ကြီးများအားလုံး သဘောတူညီခဲ့ကြသည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

By Admin 28 Oct 2022

မြန်မာ့အရေး အာဆီယံအားထုတ်မှု မအောင်မြင်ခဲ့ဟု အာဆီယံအစည်းအဝေးက မှတ်ချက်ပြု၊ မိမိမပါဝင်သည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို မလိုက်နာနိုင်ဟု မြန်မာဘက်က တုံ့ပြန်

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက် ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး။ ဓာတ်ပုံ - AP

DMG ၊ အောက်တိုဘာ ၂၈

မြန်မာ့အရေးကို ကူညီဖြေရှင်းရန် အာဆီယံအဖွဲ့ကြီး၏ အားထုတ်ခဲ့မှုများသည် အောင်မြင်မှုမရှိခဲ့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မှတ်ချက်ပြုလိုက်သည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများအား ရပ်တန့်ရေးအတွက် အဖွဲ့၏အားထုတ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်လည်း ဝန်ကြီးများအားလုံး သဘောတူညီခဲ့ကြသည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် မြန်မာ့အရေးအထူးအစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက ယခုကဲ့သို့ သဘောတူ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလအတွင်းက သဘောတူညီခဲ့သည့် မြန်မာ့အရေး ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် ပိုမိုအားထုတ်ဆောင်ရွက်ကြရန်လည်း ဝန်ကြီးများအကြား သဘောတူညီခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် အာဆီယံအဖွဲ့ကြီးသည် မြန်မာ့အရေးကို ကူညီဖြေရှင်းရန် ကြိုးပမ်းသည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလအတွင် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါ ပါဝင်သည့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ လက်ရှိအချိန်အထိ မယ်မယ်ရရအောင်မြင်မှု မရှိသေးသည့် ဘုံသဘောတူညီချက် ငါးရပ်အား အဆိုပါအစည်းအဝေးတွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်သည်လည်း လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့နိုင်ငံရေးနယ်ပယ်မှ အရေးပါသော အင်အားစုများနှင့် တွေ့ဆုံခွင့် မရသေးပေ။

အခြားတစ်ဘက်တွင်လည်း ဘုံသဘောတူညီချက်ငါးရပ်ကို ဆောင်ရွက်ရာတွင် မြန်မာဘက်က တစ်စုံတစ်ရာ တိုးတက်မှုမရှိသည့်အတွက် မြန်မာအာဏာပိုင်များအား အာဆီယံအဖွဲ့၏ အစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာ့နိုင်ငံရေး အခြေအနေသည် “တိုးတက်လာရမယ့်အစား ပိုမိုဆိုးရွားလာနေတယ်လို့ ပြောရပါမယ်”ဟု ပြောကြားသည်။

“အကြမ်းဖက်မှုတွေကို မရပ်တန့်ဘဲ ဒီနိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ မဖြစ်နိုင်”ဟုလည်း သူမက ပြောကြားသည်။

အာဆီယံ၏ ကြာသပတေးနေ့ အစည်းအဝေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အဆိုပါနေ့တွင်ပင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အာဆီယံသည် မြန်မာကိုမဖိတ်ဘဲ ၉ နိုင်ငံတည်းနှင့် အစည်းအဝေး ကျင်းပခဲ့ခြင်း ဖြစ်သည့်အတွက် မြန်မာအနေဖြင့် အာဆီယံ၏ ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်မည်မဟုတ်ဟု အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်ရေးသည် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သဖြင့် အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကြပ်ကိုင်ခြင်းမျိုးဖြင့် ချဉ်းကပ်လာလျှင် အကျိုးမရှိသည့်အပြင် ဆိုးကျိုးသက်ရောက်သွားနိုင်ကြောင်းလည်း မြန်မာဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ