ကြားဖြတ်သတင်း

၂၀၂၂ ရခိုင်ပြည် အနှစ်ချုပ်

၂၀၂၂ ခုနှစ်ကုန်ဆုံး၍ ၂၀၂၃ ကို နှစ်သစ်ကူးခဲ့ပြီ။ ရခိုင်ဒေသတွင်လည်း တနိုင်ငံလုံးရှိ ပြည်နယ်များနည်းတူ ပြီးခဲ့သည့်တစ်နှစ်တာအတွင်း သွေးမြေကျမှုများ၊ အခက်အခဲ၊ အကျပ်အတည်းများစွာကို ကြုံတွေ့ခဲ့ရသည်။

Admin 02 Jan 2023

DMG (REVIEW)

၂၀၂၂ ခုနှစ်ကုန်ဆုံး၍ ၂၀၂၃ ကို နှစ်သစ်ကူးခဲ့ပြီ။ ရခိုင်ဒေသတွင်လည်း တနိုင်ငံလုံးရှိ ပြည်နယ်များနည်းတူ ပြီးခဲ့သည့်တစ်နှစ်တာအတွင်း သွေးမြေကျမှုများ၊ အခက်အခဲ၊ အကျပ်အတည်းများစွာကို ကြုံတွေ့ခဲ့ရသည်။ တစ်နှစ်တာအချိန်ကို ယေဘုယျ ပိုင်းခြားကြည့်သော် ရခိုင်ပြည်သူများမှာ ‘ရေမှုတ်တစ်ဖက် မီးစတစ်ဖက်’ ကကွက်များကြားတွင် အပူမီးများ ပိုမိုတောက်လောင်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။

ဂျပန်နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးကြောင့် ရခိုင်စစ်ရေးပဋိပက္ခမှာ ကာလအပိုင်းအခြား တစ်ခုအထိ ရပ်တန့်နေခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် စစ်ရေးတင်းမာကာ တကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့သည်ကို တွေ့ရသည်။ တိုက်ပွဲမဖြစ်ခင်ကလည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှာ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့်ကဏ္ဍတို့တွင် အကြိတ်အနယ် အားပြိုင်ခဲ့မှုများကို မြင်တွေ့ခဲ့ရသည်။

“ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၂ မှာ နှစ်ဝက်လောက်ပဲ တည်ငြိမ်ခဲ့တယ်။ ဒီလို တည်ငြိမ်တယ်ဆိုပေမယ့်လည်း သေနတ်တစ်ခုသာ မဖောက်တာ။ နိုင်ငံရေးအားပြိုင်မှုတွေ ဖြစ်ခဲ့တယ်”ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဉီးဉီးထွန်းဝင်းက ဆိုသည်။

၂၀၂၂ အစောပိုင်းကာလ

၂၀၂၂ ခုနှစ် စာမျက်နှာသစ်အဖြစ် AA ကဉီးစီးပြီး ရခိုင်နှင့် မွတ်ဆလင် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ကျောက်တော်မြို့နယ်၊ ဗိုလ်မင်းရွာတွင် ဇန်နဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည်။ ရခိုင်နှင့် မွတ်ဆလင်တို့သည် နှစ်ဘက်အသိုင်းအဝိုင်းကြားတွင် သဟဇာတ ဖြစ်လာခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး ယင်းမှာ AA ခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုကြောင့်ဟု မွတ်ဆလင်တို့က လက်ခံခဲ့ကြသည်။

“၂၀၁၇ ခုနှစ်မှာ တပ်တော်ရောက်လာပြီးနောက် တပ်တော်စစ်ဉီးစီးချုပ်က ရခိုင်မှာ မွတ်ဆလင်ရှိတာကို လက်ခံတယ်။ အခေါ်အဝေါ်ကိစ္စကို နောက်မှ ဖြေရှင်းမယ်။ အတိအလင်းပြောတယ်။ ဒါကြောင့် သင့်မြတ်လာကြတယ်” ဟု မွတ်ဆလင်တစ်ဉီးဖြစ်သည့် (ဘာသာပြန်)စာရေးဆရာ ဉီးအောင်ခင်ကပြောသည်။

ထို့အတူ ၂၀၂၂ နှစ်ဆန်းပိုင်းသည် မြန်မာစစ်တပ်နှင့် AA တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ မရှိခဲ့ဘဲ ဆက်ဆံရေး ကောင်းမွန်ခဲ့သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ ဇန်နဝါရီလတွင် မြန်မာစစ်တပ်မှပေးသည့် ကိုဗစ်ကာကွယ်ဆေးများကို AA က လက်ခံခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီလ ၁၂ ရက်က (၇၅)နှစ်မြောက် စိန်ရတုနေ့အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဦးဦးလှစော ဉီးဆောင်သည့်အဖွဲ့မှ တက်ရောက်ခဲ့ကြသည်။ ထိုနေ့က (AA)နှင့်ဆက်စပ်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသူ (၄၆)ဉီးကို မြန်မာစစ်တပ်က ပြန်လွှတ်ပေးခဲ့သည်။

ယင်းနောက် စစ်ကောင်စီက AA ကို ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် တောက်လျှောက် ဖိတ်ခေါ်ခဲ့သော်လည်း လက်ရှိစစ်ကောင်စီသည် ပြည်သူများရွေးကောက်တင်မြှောက်သည့် အစိုးရမဟုတ်ဟုဆိုကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပယ်ချခဲ့သည်။ ထို့အတူ ၂၀၂၂ ခုနှစ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)သည် မတ်လ ၅ ရက်နေ့မှစတင်ကာ လစဉ်သတင်းစာရှင်းလင်းပွဲများကို ပြုလုပ်လာခဲ့သည်။

စစ်ကောင်စီနှင့် AA တို့ တင်းမာလာမှု

စစ်ကောင်စီနှင့် AA တို့အကြား ၂၀၂၂ ခုနှစ်အတွင်း တစ်ဖြည်းဖြည်းနှင့် အထစ်အငေါ့မျိုးစုံ ရှိလာခဲ့သည်။ AA သည် သူတို့ထိန်းချုပ်ရာ ဒေသအတွင်း သင်္ကြန်ပွဲလမ်းသဘင်များ၊ စတိတ်ရှိုး စသည့်တို့ကို ပေါ်ပေါ်ထင်ထင် လုံခြုံရေးယူကာ ဉီးဆောင်ကျင်းပလာမှုကို စစ်ကောင်စီဘက်က ကြည့်မရခဲ့ပေ။ ယင်းကြောင့် စစ်ကောင်စီသည် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းလာခြင်းမှ အစပြုကာ နှစ်ဖက် တင်းမာလာခဲ့သည်။

မေလ ၆ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “တက်ကြိတ်ပစ်လိုက်မှာနော်”ဟု ပြောဆိုခဲ့သည်။ ထိုစကားမှာ တိုက်ပွဲခေါ်သံပုံစံမျိုး ဖြစ်နေကြောင်းနှင့် ပြည်သူလူထု ဒုက္ခမရောက်စေရေးအတွက် သည်းခံနေရပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက “တပ်မတော်ကို အဆိုးမဆိုရန်” စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

AA နှင့် NUG တို့ တွေ့ဆုံခြင်း

မေလ ၁၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ထိပ်ပိုင်းခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့မှုကလည်း စစ်ကောင်စီကို ပိုပြီး မခံမရပ်နိုင်မှု ဖြစ်စေခဲ့ကြောင်း ဆိုနိုင်သည်။

ထို့အပြင် AA သည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများဖြစ်သော BPLA အပါအဝင် ချင်းပြည်နယ်မှ CDF ၊ မင်းတပ် ၊ မကွေး(PDF)နှင့် ကျောင်းသားတပ်တော် စသည့်အဖွဲ့အစည်းများကိုလည်း စစ်နည်းပညာ၊ လက်နက်ခဲယမ်း စသည့်လိုအပ်ချက်များကို အကူအညီပေးခဲ့သည်။

ထိုအချက်များမှာလည်း စစ်ကောင်စီနှင့် (AA)တို့အကြား ဆက်ဆံရေး ပိုမိုတင်းမာစေခဲ့သည်။ ယင်းနောက် ရခိုင်တွင် စစ်ကောင်စီက စစ်ကြောင်းလှုပ်ရှားမှုများ ရေငုပ်သင်္ဘောအပါအဝင် စစ်လက်နက်ကြီးများ ရွှေ့ပြောင်းတပ်ဆင်မှု၊ စစ်အင်အား တိုးချဲ့ချထားမှုတို့ကိုလည်း ပြည်နယ်အနှံ့တွင် ပြင်ဆင်ခဲ့သည်။

ကြိုကြားတိုက်ပွဲများ

ထိုအချိန်မတိုင်ခင်ကလည်း ရခိုင်ပြည်နှင့် ပလက်ဝတို့တွင် အလုံးစုံ အေးချမ်းတည်ငြိမ်မှုများတော့ မရှိခဲ့ပေ။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာ လက်ပံတောင်တန်း၊ ဧပြီလ ၁၃ ရက်နေ့တွင် မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာအနီး၊ မေလ ၁၅ ရက်နေ့တွင် ပလက်ဝမြို့နယ် လေးမြို့မြစ်ဖျား သံထောင်ကျေးရွာအနီးနှင့် မေလ ၂၆ ရက်နေ့တွင် ပလက်ဝမြို့နယ်၊ ရုပ်ချောင်းဖျား ဆူးပုတ်တောင်ခြေတို့တွင် တပ်မတော်နှင့် အေအေတို့ တိုက်ဖြစ်ပွားခဲ့ကြသည်။

အပြန်အလှန် လူဖမ်းပွဲများ

ထိုသို့သော ရခိုင်ပြည်အတွင်း သြဇာသက်ရောက်မှု အားပြိုင်မှုကတဆင့် မေလ ၁၁ ရက်နေ့က ကျောက်တော်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို AA တပ်ဖွဲ့ဝင်များက တန်ပြန်ဖမ်းဆီးခဲ့ခြင်းဖြင့် ရခိုင်ပြည်အတွင်း နှစ်ဖက်လူဖမ်းပွဲ စတင်လာခဲ့သည်။

မေလ ၁၁ ရက်နေ့မှ ဇွန်၊ ဇူလိုင်လများတွင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မအီ၊ စစ်တွေ စသည့်မြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သား ၄၀ ထက်မနည်းကို ရက္ခိုင့်တပ်တော်(AA)က ဆက်တိုက်ဖမ်းဆီးခဲ့သည်။ ထို့အတူ AA က ဖမ်းဆီးခဲ့သူများထဲတွင် ALP တပ်ဖွဲ့ဝင်များ၊ ဘုန်းတော်ကြီးအချို့၊ ဉီးကျော်ဇောဉီး၊ ဉီးကျော်လွင် စသည့် နိုင်ငံရေးသမားအချို့လည်း ပါဝင်ခဲ့သည်။

ထို့အတူ စစ်ကောင်စီဘက်က အပြန်အလှန်အနေဖြင့် ကျောက်တော်မှ ကိုဇော်ဝင်း၊ မြောက်ဉီးမှ ကိုရင်ဆို့၊ ကိုဖိုးသီဟ စသည့်တက်ကြွလှုပ်ရှားသူများ၊ ပရဟိတသမား၊ စီးပွားရေးလုပ်ငန်းရှင် စသည့်ဒေသခံများကို AA နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။

“အထူးသဖြင့် သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်းမြို့နယ်တွေမှာ ပြင်းပြင်းထန်ထန် ရှာဖွေဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ရခိုင်ပြည်သူပေါင်း ၃၂၄ ဦးရှိခဲ့တယ်။ အဲဒီအထဲက ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် အပြစ်မဲ့ပြည်သူ ၂၃၉ ဦးမှာ ဒီနေ့အထိ ဖမ်းဆီးချုပ် နှောင်ခံထားရဆဲဖြစ်တယ်” ဟု နိုဝင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့သည်။

ထိုသို့ ရခိုင်ပြည်ထဲက တက်ကြွလှုပ်ရှားသူ လူမှုအဖွဲ့အစည်းများနှင့် ပညာရေးဝန်ထမ်းအပါအဝင်၊ ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းမှာ စစ်ကောင်စီသည် ပြည်သူများကို အကြောက်တရားရအောင် ဖိအားပေးအကျပ်ကိုင်ခဲ့ခြင်းဟု ရခိုင့်နိုင်ငံရေးသမားများက ရှုမြင်ကြသည်။

“ဆိုလိုတာက စစ်ကောင်စီက စစ်ကို စစ်နဲ့မယှဉ်နိုင်ဘဲ ပြည်သူတွေနဲ့ မျှားပြီးခေါ်တဲ့ ဗျူဟာကိုသုံးခဲ့တယ်။ ဒီနည်းနဲ့ ပြည်သူတွေကို ဖိအားပေးအကျပ်ကိုင်ခဲ့တယ်”ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဉီးဖေသန်းကဆိုသည်။

ပြင်းထန်ခဲ့သည့် တကျော့ပြန်တိုက်ပွဲများ

တစတစ လောင်မြိုက်လာခဲ့သော ရခိုင်စစ်မျက်နှာပြင်သည် ၂၀၂၂ နှစ်လယ်ပိုင်း ဇူလိုင်ကတွင် ဒုတိယအကျော့ အနေဖြင့် အဟုန်ပြင်း ပေါက်ကွဲလာခဲ့သည်။ ဇူလိုင်လ ၄ ရက်နေ့က မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ နယ်မြေရှိ ရက္ခိုင်တပ်တော်(AA) စခန်းတစ်ခုအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားရှိခဲ့သည်။

ယင်းကြောင့် ဇူလိုင်လ ၁၈ ရက်နေ့တွင် မောင်တောမြောက်ပိုင်း ဆောင်ပညာရွာ စံကားပင်ရင်းရွာကြားနှင့် ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာကြားတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို AA က ဖမ်းဆီးနိုင်ခဲ့သည်။ ထိုတိုက်ပွဲမှာ ထိုင်း-မြန်မာနယ်စပ် (AA)တပ်စခန်းတစ်ခုကို စစ်ကောင်စီက တိုက်ခိုက်ခဲ့မှုအပေါ် လက်တုန့်ပြန်ခြင်းဟု AA က ဆိုသည်။

ထို့အတူ ဒုတိယအကျော့ တိုက်ပွဲများ၏ ထူးခြားချက်မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စသည့်နယ်စပ်များတွင် အဖြစ်များခဲ့သည်။ AA သည် နယ်စပ်ဒေသကို နယ်မြေခြေကုတ်ယူနိုင်ဖို့ ကြိုးစားနေခြင်းဟု စစ်ရေးအကဲခတ်တို့က သုံးသပ်ကြသည်။

“အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗျူဟာကုန်းတွေ၊ စခန်းတွေကို AA က ရိက္ခာဖြတ်တောက်စေခဲ့တယ်။ စစ်တပ်ကို နယ်မြေကျဉ်းသွားအောင် လုပ်ခဲ့တယ်။ အဓိကတော့ မောင်တော၊ ပလက်ဝစတဲ့ နယ်စပ်ဒေသတွေမှာ နယ်မြေစိုးမိုးမှုကို လုပ်ခဲ့တယ်”ဟု ဉီးဖေသန်းကပြောသည်။

ထိုသို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲများတွင် AA က အားသာခဲ့မှုကိုတွေ့ရပြီး စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်စခန်း ၇ ခုအထိ သိမ်းပိုက်ရရှိခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောသည်။

အဆိုပါ နယ်စပ်တိုက်ပွဲများတွင် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် နယ်စပ်မှ မွတ်ဆလင်ဒုက္ခသည်အချို့ ထိခိုက်ဒဏ်ရာခဲ့ကြသည်။ ယင်းကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့သည်။

ယင်းအချိန်မှစတင်ပြီး ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ အမ်း၊ တောင်ကုတ်၊ ပလက်ဝ စသည့်မြို့နယ်များတွင် တိုက်ပွဲများ ၅ လခန့်ကြာ နေ့တိုင်းပြင်းခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီသည် AA တပ်စခန်းများကို သွားရောက်တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နှင့် လက်နက်ကြီး ပစ်ကူများကို အဓိကထားအသုံးပြုခဲ့သည်ကို တွေ့ရသည်။

“စစ်ကောင်စီကတော့ အဓိက AA ကို မတိုက်ဘဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လှမ်းပစ်တာတွေရှိတယ်။ စစ်ပွဲနဲ့မဆိုင်ဘဲ ရမ်းသမ်းပစ်တာ၊ နေအိမ်မီးရှို့တာတွေ တောက်လျှောက်လုပ်ခဲ့တယ်”ဟု ဉီးဖေသန်းက ဝေဖန်သည်။

ထိုသို့ မြန်မာစစ်တပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြောက်ဉီးမြို့နယ်၊ ကင်းဆိပ်၊ မောင်တောမြို့နယ်၊ ဂြိတ်ချောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီး စသည့်ဖြစ်စဉ်များနှင့်အတူ ကျောက်တောမြို့နယ်တို့တွင် အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

ထိုသို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ရခိုင်ပြည်နှင့် ပလက်ဝဒေသတို့တွင် နိုဝင်ဘာလကုန်အထိ လက်နက်ကြီး၊ မြေမြုပ်မိုင်း၊ ဒရုန်း၊ သေနတ်ကျည်ဆံများကြောင့် သေဆုံးသူ ၅၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၃ ဦးအထိရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

ယင်းအပြင် တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၁ ဦးအထိရှိခဲ့သည်ဟု ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည်။

ထို့အတူ ရခိုင်တကျောပြန် စစ်ရေးပဋိပက္ခအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုတို့ကြောင့် နေအိမ် ၂၃ ဆောင် ပျက်စီးဆုံးရှုံးသွားကြောင်း DMG က ကောက်ယူထားသည့် စာရင်းများအရသိရသည်။ ယင်းအပြင် (နိုဝင်ဘာလ ၁၈ ရက်)နေ့ အမျိုးသားနေ့တွင် စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင် ၁၈ ဦးကို လွှတ်ပေးခဲ့သည်ကို တွေ့ရသည်။

ထိုသို့ တစတစပြင်းထန်လာသည့် တိုက်ပွဲများကြောင့် စစ်ကောင်စီသည် ရခိုင်ပြည်အနှံ ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်းများကို လုံးဝပိတ်ပင်လိုက်သည်။ ထို့အတူ ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ပြီး ကျေးလက်ဒေသများရှိ ဆေးရုံတချို့တွင် ဆေးဝါးပြတ်လပ်မှုဖြင့် ကြုံခဲ့ရသည်။

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု၊ စက်သုံးဆီပြတ်လပ်မှု စသည့်အခက်အခဲအကျပ်အတည်းမျာကို ပြည်သူများ ခါးသီးစွာ ခံခဲ့ရသည်။

အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ခြင်း

၂၀၂၂ ရခိုင်ပြည် ဖြစ်စဉ်များထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ခြင်းကိုလည်း ချန်ထား၍ မရပေ။ ဇူလိုင်လအတွင်းမှ စတင်ကာ နိုဝင်ဘာလအထိ ငါးလအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံ ၁၀ ထက်မနည်း ရှိခဲ့သည်။

ယင်းကြောင့် တခြားအုပ်ချုပ်ရေးမှူးတို့က ဆက်လက်တာဝန်ထမ်းဆောင်ရန် စိုးရိမ်ကာ နိုင်ဝင်ဘာလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး စုစုပေါင်း ၇၀ ကျော်နှင့် ဒီဇင်ဘာလတွင် ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၁၉) ဦးမှာ နှုတ်ထွက်စာ တင်ခဲ့ကြသည်။

ပါတီနိုင်ငံရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ

ပြီးခဲ့သည့်နှစ်၏ ပါတီနိုင်ငံရေးအကြောင်းကို ခြေရာကောက်ရာတွင် ထူးခြားမှုများကို များများစားစားမတွေ့ရပေ။ ရခိုင်ရှိ အင်အားကြီးပါတီဖြစ်သော ANP ၊ AFP ပါတီတို့က စစ်ကောင်စီက ပြင်းဆင်နေသည့် လာမည့် ရွေးကောက်ပွဲအတွက် PR စနစ် ဆွေးနွေးပွဲများကို တက်ရောက်ခဲ့မှုများရှိခဲ့သော်လည်း ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများတော့ မတွေ့ပေ။

ထိုသို့ ရခိုင်ပြည်နယ်အတွင်းရှိ ပါတီများ ငြိမ်သက်နေသော်လည်း ဒီဇင်လာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ရခိုင်က မြို့နယ်အချို့တွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ ပြုလုပ်လာနေသည်ကို မြင်ရသည်။ သို့သော်လည်း ရခိုင်လူထုအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု လုံးဝမရှိသည်ကို တွေ့ရသည်။

ယင်းကြောင့် တနှစ်လုံးတွင် ရခိုင်ဒေသသည် နိုင်ငံရေးဆွေးနွေးမှု တစုံတရာမရှိခဲ့ဘဲ စစ်ရေးအရ အပြောင်းလဲသာ ဖြစ်ခဲ့သည်။ ခြွင်းချက်အနေဖြင့် ALP က စစ်ကောင်စီနှင့် ဆွေးနွေးပွဲအကြိမ်ကြိမ် သွားနေသော်လည်း ထူးခြားသည့် ရလာဒ်မပေါ်ခဲ့သလို ပြည်သူများကလည်း ALP အပေါ် ယုံကြည်မှုမရှိသလောက်ပေ။

မီဒီယာအခြေအနေ

၂၀၂၂ ရခိုင်မီဒီယာများမှာလည်း ပြည်သူများနှင့်အတူ အကျပ်အတည်းများစွာ ကြုံခဲ့ရသည်။ ရခိုင်ပြည်အခြေစိုက် Western News သတင်းမှ အယ်ဒီတာချုပ်ဖြစ်သူ ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက်တစ်ဦးတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၁၂၄(က)ဖြင့် တရားစွဲဆိုနိုင်ရန် စစ်တပ်မှ ဗိုလ်မှူးဘုန်းမြတ်ကျော်က စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။
အကြောင်းအရင်းမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းတစ်ခု၏ တောင်ကုန်းပေါ်မှာ အလံဖြူထောင်ထားသည့်သတင်းကို ဖော်ပြခဲ့မှုကြောင့် တရားစွဲလိုက်ခြင်းဖြစ်သည်။

ထို့အတူ Narinjara သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် DMG သတင်းဌာန တာဝန်ရှိသူတချို့နှင့် ရခိုင်ပြည်က သတင်းများအချို့မှာလည်း စစ်ကောင်စီက ဖမ်းဆီးရန်ကြိုးပမ်းမှုကြောင့် လက်ရှိတွင် ရှောင်တိမ်းနေရသည်။

စစ်ဘေးရှောင်အရေး

၂၀၂၂ ခုနှစ်တွင် စစ်ဘေးရှောင်များမှာ ပိုမိုဒုက္ခရောက်ခဲ့ကြသည်။ အကြောင်းအရင်းမှာ စစ်ရေးပဋိပက္ခကြောင့် စစ်ကောင်စီက ကုန်းလမ်းရေးလမ်း ပိတ်ဆို့မှုတို့အပြင် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံတကာနှင့် အရပ်ဘက်ဘက်အဖွဲ့အစည်းများကို ကူညီထောက်ပံ့မှု ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဉက္ကဌ ကိုအမ်းသားကြီးက “ကျနော်တို့ ပရဟိတသမားတွေကို စစ်တပ်က ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ဖမ်းဖို့ကြိုးစားတာ။ တားမြစ်တာတွေပါတယ်။ ဒါတွေကလည်း ထိရောက်အောင် လုပ်ဆောင်ဖို့ မလွယ်ကူခဲ့ဘူး”ဟု ပြောသည်။

တကျော့ပြန် တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် ဩဂုတ်လမှစတင်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေး‌ရှောင်ဦးရေ ၁၆၀၀၀ အထိရှိလာပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေနှင့် ပေါင်းလျှင် ၉၀၀၀၀ ကျော်အထိရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)မှ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် အပစ်ရပ်လိုက်သည်နှင့် စစ်ဘေးရှောင်တချို့ နေရပ်ပြန်ရန် စစ်ကောင်စီက စာရင်းကောက်ယူနေသော်လည်း လုံးဝပြန်လို့မရသေးသည့် စစ်ဘေးရှောင်များစွာ ရှိနေသေးသည်။

စစ်တွေမြို့တွင်ခိုလှုံနေသည့် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ စစ်ဘေးရှောင် ဒေါ်လှယဉ်ဦးကတော့ “အိမ်ပြန်ချင်ပေမယ့်လည်း လုံးဝ မဖြစ်နိုင်သေးဘူး။ ကျမတို့ရွာမှာ စစ်သားတွေ တပ်စွဲနေထိုင်တာတွေ။ နောက်ပြီးတော့ နေရပ်မှာ ရှင်းလင်းရေးလုပ်ပေးရမယ်။ အခုကတော့ နေအိမ်တွေမရှိတော့ဘူး။ ဆိုတော့ အပစ်ရပ်စဲထားတော့ ပြန်ချင်တယ်ဆိုပေမယ့် မဖြစ်နိုင်သေးဘူး”ဟု ဆိုသည်။

လက်ရှိ အပစ်အခတ်ရပ်စဲထားသည်ဆိုသော်လည်း ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်တို့ကလည်း စစ်ဘေးရှောင်များ၏ အိမ်ပြန်လမ်းကို ခြိမ်းခြောက်နေသေးသည်။

နှစ်ကုန်ပိုင်းကာလ

၂၀၂၂ ခုနှစ် အစောပိုင်းနှင့် အဆုံးပိုင်းကာလအထိ ရခိုင်တို့အတွက် အဆိုးနှင့်အကောင်း များစွာရှိခဲ့သည်။ သွေးမြေကျ သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများ၊ စားဝတ်နေရေး အကျပ်အတည်းများစွာကို မခံနိုင်သည့်အဆုံးတွင် စစ်မီးအရှိန်မြင့်တက်နေသည့် ရခိုင်စစ်မျက်နှာပြင်ကို နှစ်ကုန်ပိုင်း နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီနှင့် AA နှစ်ဖွဲ့လုံးက လူသားချင်းစာနာထောက်ထားမှုဖြင့် ယာယီအပစ်ရပ်သဘောတူခဲ့ကြသည်။

ရှေ့ဆက်ပြီး ရခိုင်စစ်ရေးပဋိပက္ခများသည် စစ်ပွဲရပ်ထားသော်လည်း ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးက ခန့်မှန်းရ ခက်ခဲနေသေးသည်။ အကြောင်းမှာ နှစ်ဘက်စလုံးက သံသယဖြင့် အင်အားများဖြည့်တင်းမှုများ ရှိနေသည့်အတွက် အချိန်မရွေး စစ်ဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုများရှိနေကြသည်။

ဂေါင် - ရေးသည်

ဗီဒီယိုများ