ကြားဖြတ်သတင်း

စစ်ဘေးဒဏ်ခံ ကလေးတွေရဲ့ စိတ်ဒဏ်ရာကို ဘယ်လိုကုစားမလဲ

စစ်ပွဲအနိဌာရုံကို ကိုယ်တိုင်ကြုံခဲ့ရသည့် ကလေးသူငယ်များသည် အဆိုပါမြင်ကွင်းများထဲမှ လွယ်လင့်တကူ ရုန်းမထွက်နိုင်ဘဲ ကြောက်စိတ်များ ကိန်းအောင်းကာ အိပ်မက်ဆိုးများလည်း မကြာခဏ မက်နေတတ်ကြသည်။

Admin 20 Jan 2023

DMG ၊ လူမှုဘဝဆောင်းပါး

ဝင်းညွန့် ရေးသည်။ 

ညအိပ်ယာဝင်တိုင်း သူမအိပ်စက်ရာ ဘေးတစ်ဖက်စီမှာ ကွက်လပ်ဖြစ်နေသည်ကို ကြည့်ကာ အသက် ၁၂ နှစ်အရွယ် မဖြူနွယ်ဝင်းတစ်ယောက် ရင်ကွဲနေရသည်။ ယခင်က အိပ်ယာထဲတွင် နွေးထွေးမှုပေးခဲ့သည့် ရင်ခွင်တစ်စုံမှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရသည်ကို ကလေးတစ်ဦးပီပီ မဖြူနွယ်ဝင်းမှာ နားမလည်နိုင်၊ လက်ခံယုံကြည်၍မရနိုင် ဖြစ်နေသည်။

“ကျမ အိပ်ရာဝင်ချိန်ရောက်တိုင်း အမေ့ကို သတိရတယ်” ဟု မဖြူနွယ်ဝင်းက တုန်ရီနေသောအသံဖြင့် ခပ်တိုးတိုးပင် ပြောလာသည်။

မိခင်နှင့်ဖခင်တို့ကြားတွင် နေ့စဉ်အိပ်စက်ခဲ့သည့် ပဉ္စမတန်းကျောင်းသူ မဖြူနွယ်ဝင်းမှာ ယခုအခါတွင် ညအိပ်ရာဝင်တိုင်း တကိုယ်တည်းအိပ်စက်ရင်း အိပ်ပျော်နိုင်ရန် အားထုတ်နေရသည်။

“အိပ်ရင်လည်း အနားမှာ ကြွက်တွေသွားလာနေသလို ခံစားရတယ်။ အငွေ့အသက် တစ်ခုခုက ရှိနေတယ်။ ဒါကြောင့် ငိုချင်တယ်။ မေမေကို ပြန်လိုချင်တယ်” ဟုပြောကာ ရှိုက်ကြီးတငင် ငိုတော့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က ညအချိန်တွင် မြန်မာစစ်တပ်၏ စစ်ကြောင်းတစ်ခုမှ ဝင်ရောက်ခဲ့သည့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာတွင် ရွာသား ၉ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

သေဆုံးသွားသူများထဲတွင် မဖြူနွယ်ဝင်း၏ ဘေးတစ်ဖက်စီမှာ အိပ်စက်ခဲ့သော ဖခင် ဦးခင်မောင်(၅၅)နှစ်နှင့် မိခင် ဒေါ်မေနု(၅၀)နှစ်တို့လည်း ပါဝင်သွားခဲ့သည်။

မိခင်၊ ဖခင်တို့ကို ဆုံးရှုံးလိုက်ရသည့်နေ့မှစ၍ မဖြူနွယ်ဝင်းမှာ အိပ်ယာဝင်တိုင်း ငိုယိုကာ မိဘများကိုရှာဖွေတတ်ပြီး နေ့စဉ်နှင့်အမျှလည်း တစ်ကိုယ်တည်းထိုင်ကာ ငေးမှိုင်နေလေ့ရှိသည်ဟု အစ်မဖြစ်သူ မမိုးသီတာ(၂၄ နှစ်)က ပြောသည်။

“အိမ်နေရင်းနဲ့လည်း ‘အမေ…ဒီနားမှာလာအိပ်ပါ’ ဆိုပြီးတော့ ခဏခဏယောင်ပြီး လန့်နိုးတတ်တယ်။ နိုးလာရင်လည်း ငေးမှိုင်ပြီးတော့ မေမေကို သတိရတယ်လို့ပြောတယ်” ဟု မမိုးသီတာက သူ့ညီမ၏အဖြစ်ကို ပြောပြသည်။

၎င်းတို့တွင် ညီအစ်ကိုမောင်နှမ စုစုပေါင်း ၆ ဦးရှိသည့်အနက် မဖြူနွယ်ဝင်းမှာ အထွေးဆုံးဖြစ်သည့်အလား မိခင်ဖြစ်သူ ဒေါ်မေနု၏ အချစ်ဆုံးလည်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် မဖြူနွယ်ဝင်းမှာ အစ်မဖြစ်သူ မမိုးသီတာတို့ မိသားစုနှင့်အတူ နေထိုင်နေသည်။

မိခင်နှင့် ဖခင်တို့ကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရ၍ ခံစားနေရသည့် မဖြူနွယ်ဝင်း၏ အနာဂတ်အတွက်တွေးကာ စိတ်မကောင်းဖြစ်နေရသည်ဟု အစ်မဖြစ်သူ မမိုးသီတာကပြောသည်။ ညီမဖြစ်သူ စိတ်ဒဏ်ရာများ သက်သာပြေပျောက်စေရန်အတွက် သူမ ပျော်ရွှင်စေမည့်အရာများကို လုပ်ကြံဖန်တီးကာ ချော့မော့ပေးနေရသည်ဟုလည်း ဆိုသည်။

ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မဖြူနွယ်ဝင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသည့် ကလေးအများအပြား ရှိခဲ့သလို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသည့် ကလေးများလည်းရှိခဲ့သည်။

ဆင်အင်းကြီးဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေ့ နံနက်ပိုင်းက မြန်မာစစ်တပ်၏ ကားတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က အနီးပတ်ဝန်းကျင်နေရာများကို လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ငှက်ကြီးကျွန်းကျေးရွာသို့ လက်နက်ကျည်များကျရောက်ကာ အသက်(၁၃)နှစ်အရွယ် သတ္တမတန်းကျောင်းသား မောင်ခင်မောင်ထွန်း၏ ဘယ်ဖက်ဒူးတွင် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

“အဲဒီနေ့က ကျနော်အိမ်ထဲမှာရှိနေတုန်း ဒရုန်းကပစ်တဲ့ လက်နက်ကျည်စက ကျနော့်ဒူးမှာလာထိတယ်။ ကျနော်တအား ကြောက်သွားတယ်” ဟု မောင်ခင်မောင်ထွန်းက ထိုနေ့က အဖြစ်အပျက်ကို ပြောပြသည်။

ယနေ့အထိလည်း မောင်ခင်မောင်ထွန်းမှာ ကြောက်လန့်စိတ်များဖြစ်ပေါ်နေကာ အခြေအနေ ဆိုးဝါးလာမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။

“အခုတောင် ဒီလောက်ကြောက်နေတယ်။ ကြာလာရင် သူတို့ဦးနှောက်တွေက ပျက်သွားနိုင်တဲ့ အခြေအနေရှိတယ်။ ကြောက်စိတ်တွေပဲဝင်နေရင် စာလည်း စိတ်မဝင်စားတော့ဘူး။ မိဘတွေအနေနဲ့ သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်မှုရှိတယ်” ဟု မောင်ခင်မောင်ထွန်း၏ ဉီးလေးဖြစ်သူ ဦးစံရွှေမောင်ကပြောသည်။

DMG က ကောက်ယူထားသည့် စာရင်းအရ ၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုနှင့် မြေမြှုပ်မိုင်းထိမှန်မှုတို့ကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ကလေးသူငယ်ဦးရေ ၄၀ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၁၇.၇ %) ဖြစ်သည်။

စစ်ပွဲအနိဌာရုံကို ကိုယ်တိုင်ကြုံခဲ့ရသည့် ကလေးသူငယ်များသည် အဆိုပါမြင်ကွင်းများထဲမှ လွယ်လင့်တကူ ရုန်းမထွက်နိုင်ဘဲ ကြောက်စိတ်များ ကိန်းအောင်းကာ အိပ်မက်ဆိုးများလည်း မကြာခဏ မက်နေတတ်ကြောင်း စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။

လက်နက်ကြီး ပစ်ခတ်ခံရမှု၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု စသည့် “စစ်” ၏ ရက်စက်ကြမ်းကြုတ်မှုအပေါ်တွင် ကိုယ်တိုင်ထိခိုက်ခံစားရလျှင် ကြောက်စိတ်များမှာ တသက်လုံး ကိန်းဝပ်နေတတ်သည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးက ပြောသည်။

“ကလေးတွေမှာရတဲ့ စိတ်ဒဏ်ရာနဲ့ လူကြီးတွေ စိတ်ဒဏ်ရာက ဘယ်လိုမျိုးကွာလဲဆိုတော့ ကလေးတွေမှာရတဲ့ စိတ်ဒဏ်ရာက ပိုပြီးတော့ ကိန်းအောင်းနေတာမျိုးရှိတယ်” 

ကလေးများတွင်ရှိနေသည့် စိတ်ဒဏ်ရာကို ပပျောက်အောင် အကောင်းဖက်ကနေ နားဝင်အောင် ရှင်းပြသင့်ကြောင်း အဆိုပါ စိတ်ရောဂါ အထူးကုဆရာဝန်က ထောက်ပြသည်။

“အဓိကတော့ Negative ဘက်ကနေ ဇောင်းပေးပြီးတော့ပြောပြရင် ကလေးတွေက အဲဒီစိတ်ဒဏ်ရာကနေ မလွတ်မြောက်နိုင်ဘူး။ မလွတ်မြောက်တဲ့အပြင် ခံရသူဖက်ကနေပြီးတော့ အနိုင်ကျင့်တဲ့သူဖက်ကို အမုန်းတရားတွေဝင်နေရင် အဲဒီကလေးရဲ့စိတ်ဒဏ်ရာက လုံးဝမပျောက်ဘဲ ကိန်းအောင်းနေတတ်ပါတယ်” ဟု ဆိုသည်။

ရခိုင်တွင် စစ်ရေးတင်းမာနေချိန်အတွင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးမှုများအပြင် ဒေသခံများကို သံသယဖြင့် ဖမ်းဆီးမှုများကြောင့်လည်း ကျန်ရစ်ခဲ့သည့် သားသမီးများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံစားကြရသည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ရခိုင်ပြည်၊ ကျောက်တော်မြို့က ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းကို စစ်တပ်က လက်ထိပ်ခတ်ကာ ဖမ်းခေါ်သွားသည်ကို သား၊သမီးများက မြင်တွေ့ခဲ့ရသည်။ မိသားစုစုံလင်စွာ ထမင်းစားနေချိန်တွင် အင်အား ၄၀ ခန့်ရှိသည့် စစ်သားများက နေအိမ်သို့ဝင်ရောက်စီးနင်းကာ ကိုဇော်ဝင်းကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

“အဖေကို လက်ထိပ်ခတ်ပြီး ဖမ်းသွားတော့ သားသမီးတွေက ငိုယိုပြီးကျန်ခဲ့ကြတာပေါ့။ အမေတစ်ယောက်အနေနဲ့ကတော့ သားသမီးတွေကို အဲ့လိုမြင်ကွင်းမျိုးကို မမြင်စေချင်ဘူး” ဟု ကိုဇော်ဝင်း၏ဇနီးဖြစ်သူ မခင်လှဇံက ထိုနေ့ကအဖြစ်အပျက်ကို ပြောပြသည်။

ကိုဇော်ဝင်းတွင် သားနှစ်ဦးနှင့်သမီးတစ်ဦးရှိပြီး အကြီးဆုံးသားမှာ အသက်(၁၅)နှစ်အရွယ် Grade-8(စနစ်သစ်)ကို တက်ရောက်နေပြီး သမီးလတ်မှာ အသက်(၁၀)နှစ်အရွယ် Grade-3 ကို တက်ရောက်နေကာ အငယ်ဆုံးသားမှာ တစ်နှစ်နှင့်ကိုးလရှိပြီဖြစ်သည်။

“ကိုဇော်ဝင်း ဖမ်းဆီးခံရတုန်းကဆိုရင် သားငယ်လေးက တစ်နှစ်နဲ့နှစ်လပဲ ရှိပါသေးတယ်။ အခုဆိုရင် တစ်နှစ်နဲ့ဆယ်လရှိသွားပြီ။ အဖေမရှိတော့ သားအကြီးကပဲ အဖေကိုယ်စား သားငယ်ကိုလမ်းလျှောက်ပြီး ချော့သိပ်ရတယ်ပေါ့” ဟု မခင်လှဇံက ပြောသည်။

စစ်ပွဲနှင့်ဆက်စပ်ပြီး ကလေးသူငယ်များမှာ နေရပ်ကိုစွန့်ခွာကာ အသစ်အဆန်းဒေသဖြစ်သည့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရခြင်း၊ မိဘဆွေမျိုးများကို ဆုံးရှုံးရခြင်းတို့အပေါ် စိတ်ထိခိုက်မှုများ ရှိနေကြသည်ဟုလည်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

ကလေးငယ်များမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပိုမိုတွေ့ကြုံနေရသူများ ဖြစ်သဖြင့် ပံ့ပိုးကာကွယ်မှုအစီအစဉ်များ လိုအပ်သည်ဟု ရခိုင့်အမျိုးသမီးကွန်ယက်မှ ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“ကလေးတွေက အင်မတန်မှ ဝမ်းနည်းဖို့ကောင်းတဲ့ ရင်ခွင်မဲ့ ကလေးတွေပေါ့။ တချို့ကဆိုရင် ကလေးဖြစ်ပြီးတော့ မိုင်းအန္တရာယ်ကြောင့် ခြေလက်တွေ ဆုံးရှုံးလိုက်ရတယ်။ အသက်မဆုံးရှုံးဘဲ ကျန်လိုက်တဲ့ ကလေးတွေရဲ့ ဘဝရှေ့ရေးအတွက်ကျတော့ တွေးတောင်မတွေးရဲဘူး” 

မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူများထဲမှ ၄၀ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြသည်ဟု Save the Children က ထုတ်ပြန်ထားသည်။

စစ်ရေးပဋိပက္ခကြောင့်ရရှိခဲ့သည့် ကလေးသူငယ်များ၏ စိတ်ဒဏ်ရာကို အစိုးရ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ အပြင် နိုင်ငံတကာနှင့် ဒေသအတွင်း အရပ်ဘက်အဖွဲ့အစည်းများကလည်း ဖျော်ဖြေရေးအစီအစဉ်များ၊ ပွဲလမ်းသဘင်များဖြင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်အောင် အပြုသဘောဆောင်ပြီး လုပ်ပေးသင့်ကြောင်းလည်း စိတ်ပညာဆိုင်ရာကျွမ်းကျင်သူများက ပြောဆိုသည်။

ဗီဒီယိုများ