“လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်နေတဲ့အတွက် ကျနော်တို့ သတိထားနေထိုင်ရမယ်”

ဘူးသီးတောင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ARSA ၊ ARA ၊ RSO အဖွဲ့အစည်းများက အကျိုးစီးပွားချင်း ပူးပေါင်းကာ ရခိုင်နေအိမ်များကို မီးရှို့ဖျက်စီးနေခြင်းကြောင့် ဒေသနေမွတ်ဆလင်များမှာ ကြားညှပ်နေရသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောသည်။ 

By Admin 07 May 2024

AA အလိုမရှိကြောင်း ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ ဆန္ဒပြနေကြစဉ်။
AA အလိုမရှိကြောင်း ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ ဆန္ဒပြနေကြစဉ်။

မြတ်ဆွေ - ရေးသည်။

“ဆောက်တည်ရခက်ခဲတဲ့ လူမျိုးစုနှစ်ခုကြားမှာ ပဋိပက္ခတွေဖြစ်ပွားလာမှာကိုတော့ စိုးရိမ်မိပါတယ်” ဟု ပြောလာသူက ဘူးသီးတောင်ကနေ ရန်ကုန်မှာစစ်ဘေးရှောင်နေသည့် ရခိုင်လူမျိုး ကိုဟိန်းစိုး(အမည်လွှဲ)ဖြစ်သည်။ 

သူစစ်ရှောင်နေစဥ်အတွင်း စစ်ကောင်စီနှင့် အပေါင်းအပါများက ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ခဲ့သည့်သတင်းကို လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဒေသခံတစ်ဦးနှင့် အဆက်အသွယ်ရကာ ပထမဆုံးသိရှိခဲ့ရသည်။ နေအိမ်မီးရှို့မှုတွင် စစ်ကောင်စီက သင်တန်းပေးခဲ့သည့် မွတ်ဆလင်များလည်း ပါဝင်နေသည့်အတွက် ယခင်ကကဲ့သို့ ရခိုင်နှင့် မွတ်ဆလင် လူ့အဖွဲ့အစည်းကြား ပဋိပက္ခတွေဖြစ်ပွားလာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ရှမ်းမြောက်ဒေသက စတင်ခဲ့သည့် ညီနောင်သုံးဖွဲ့၏ (၁၀၂၇) စစ်ဆင်ရေးမှာ ပါဝင်သည့် အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် ပြောင်းလဲနိုင်ရန် အားထုတ်လျက်ရှိသည်။

လက်ရှိတွင် AA က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ‌ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ဘူးသီးတောင်မြို့နယ်တွင် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ (၁၅) တည်ရှိကာ ၎င်းဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် နည်းဗျူဟာအဖွဲ့ (၃) ဖွဲ့နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁ဝ) ရင်းရှိသည်ဟု စစ်ဘက်ဆိုင်ရာ အချက်အလက်များအရ သိရသည်။ ခြေမြန်တပ်ရင်း (ခမရ)များမှာ ဘူးသီးတောင်မြို့နယ်အတွင်း (၃၄၅)၊ (၃၄၂)၊ (၃၅၄)၊ (၅၃၅)၊ (၅၅၁)၊ (၅၅၂)၊ (၅၆၄)၊ (၅၆၅)နှင့် ရသေ့တောင်မြို့နယ်တွင် (၅၃၇)၊ (၅၃၈)တို့ ရှိကြသည်။

အာရက္ခတပ်တော် (AA)က ဘူးသီးတောင်မြို့ရှိ စကခ (၁၅) လက်အောက်ခံ တပ်ရင်းများကို သိမ်းပိုက်နိုင်ရန် ကြိုးစားလာသဖြင့် မြို့ပေါ်တွင် လက်နက်ကြီးပစ်ခတ်သံများ၊ ပေါက်ကွဲသံများနှင့်အတူ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြသဖြင့် မြို့ကိုစွန့်ခွာကြသည့် ပြည်သူများထဲတွင် ကိုဟိန်းစိုးတစ်ယောက်လည်း ပါဝင်ခဲ့သည်။

ကိုဟိန်းစိုးသည် ပြီးခဲ့သည့် မတ်လ (၁၉) ရက်နေ့က ဘူးသီးတောင်မြို့ပေါ်ကနေ ရန်ကုန်မြို့ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်။

၎င်းနေ့မှစတင်ကာ စစ်ကောင်စီက စစ်သင်တန်းပေး/လက်နက်တပ်ဆင်ပေးထားသည့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)၊ အာရကန် ရိုဟင်ဂျာတပ် (ARA)တို့လို အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မြို့ပေါ်အတွင်းရှိ ရခိုင်နေအိမ်များနှင့် အစ္စလာမ်မဟုတ်သည့် ဘာသာဝင်များ၏ နေအိမ်များကို ရက်ပေါင်း (၂၀)ခန့် ဝင်ရောက်ဖောက်ထွင်းခဲ့သည်ဟု ဘူးသီးတောင်မြို့ပေါ်ရှိ သတင်းရင်းမြစ်များထံက သိရသည်။

ထိုသို့ နေအိမ်များကို မြို့အတွင်းလှည့်ပတ်ကာ ဖောက်ထွင်းပြီး အိမ်ကပစ္စည်းများအာလုံး ကုန်သည့်အချိန် ဧပြီလ (၁၁) ရက်ကစပြီး စစ်ကောင်စီက သူတို့ သင်တန်းပေးထားသည့် မွတ်ဆလင်များနှင့်အတူ ဘူးသီးတောင်မြို့ပေါ်ရှိ ရက်ကွက်များကို ဒီဇယ်ဆီများလောင်းကာ မီးစတင်ရှို့ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ၄င်းတို့သင်တန်းပေးထားသည့် မွတ်ဆလင်တချို့၏ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်စီးမှုကြောင့် နေအိမ်များ ဆုံးရှုံးသွားရသည့်အတွက် ပဋိပက္ခပြန်လည်ဖြစ်ပွားလာမည်ကို ကိုဟိန်းစိုးက စိုးရိမ်နေခြင်းဖြစ်သည်။

“ဘူးသီးတောင်က အခြားမြို့နယ်တွေလို့ ပျက်စီးတာ မဟုတ်ဘူး။ ဒါက သတ်သတ်ကိုရည်ရွယ်ပြီး မီးရှို့တာဖြစ်တယ်။ စစ်ကောင်စီကတော့ ဒီဒေသမှာ ရခိုင်နဲ့ မွတ်ဆလင်တွေကို ရန်တိုက်ချင်တာလည်းဖြစ်တယ်။ ဆိုတော့ ကျနော်တို့က ဆောက်တည်ရခက်ခဲ့တဲ့ လူမျိုးစုနှစ်ခုကြားမှာ ပဋိပက္ခတွေဖြစ်ပွားလာမှာကိုတော့ စိုးရိမ်မိပါတယ်။” ဟု ကိုဟိန်းစိုးကပြောသည်။

ဘူးသီးတောင်မြို့တွင် စစ်ကောင်စီရှို့မီးကြောင့် ပျက်စီးသွားသည့် နေအိမ်များ။ ဓာတ်ပုံ - Soe Pyae Nyo

ဘူးသီးတောင်မြို့ပေါ်တွင် ရခိုင်လူမျိုးများအပါအဝင် မျိုးနွယ်စုဝင်များဖြစ်သည့် ခမီ၊ ဒိုင်းနက်(သက္ကမ)နှင့် မြိုလူမျိုးများ အဓိကနေထိုင်ကြသည်။ မြို့ပေါ်တွင် ရပ်ကွက် (၇) ခုရှိပြီး အဓိကဘာသာကြီး (၄) မျိုး နေထိုင်သည့် မြို့တော်တစ်ခုဖြစ်သလို ဘာသာရေးအရ ထိလွယ်ရှလွယ်ဖြစ်လွယ်သော ဒေသတစ်ခုလည်းဖြစ်သည်ဟု ဒေသခံကများက မှတ်ချက်ပြုကြသည်။

လက်ရှိ ဘူးသီးတောင်မြို့အတွင်းမှာ ရခိုင်နှင့် အစ္စလာမ်မဟုတ်သော ဘာသာဝင်များ၏ နေအိမ်ထောင်နှင့်ချီပြီး မီးရှို့ခံနေရခြင်းဖြစ်သည်။

မြို့ပေါ်ရှိ အမှတ် (၃) ရပ်ကွက်ကနေ (၇) ရပ်ကွက်အတွင်းရှိ နေအိမ်များမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး (၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်တို့မှာ ဒေသနေ မွတ်ဆလင်များ၏ နေအိမ်များရှိသောကြောင့် အဆိုပါရပ်ကွက် (၂) ခု မီးလောင်မခံရခြင်းမှာ သဘောရိုးနှင့်မဖြစ်နိုင်ကြောင်း ဒေသခံများက သံသယရှိသည်။

“မြို့ပေါ်မှာတော့ ရပ်ကွက်တွေက တော်တော်များများ မီးလောင်ပျက်စီးကုန်ပြီ။ ကျန်တာကတော့ (၁) နဲ့ (၂) ရပ်ကွက်လောက်ပဲကျန်တယ်။ စစ်ကောင်စီလုပ်တာက ရခိုင်အိမ်တွေကို မီးရှို့မယ်၊ မွတ်ဆလင်နေအိမ်တွေကို ချန်ထားမယ်ပေါ့။ ဒါကြောင့် မီးရှို့ခံရတဲ့ရခိုင်တွေက မွတ်ဆလင်တွေကို မုန်းတီးလာမှာ အဲဒီလိုမျိုးလုပ်နေတာ မြင်တယ်။” ဟု ဘူးသီးတောင်မြို့ပေါ်က ထွက်ပြေးလာသည့် အမျိုးသမီးတစ်ဦးက သူမ၏အမြင်ကို ပြောပြသည်။

ဘူးသီးတောင်မြို့ပေါ်တွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်က ရာနှင့်ချီသော မွတ်ဆလင်များမှာ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်မြို့ကို ကာကွယ်ကြဆိုသည့် စာတန်းပါ ဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ မြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းသို့ဆန္ဒဖော်ထုတ်ရန်အတွက် စစ်ကောင်စီနှင့် USDP (ပြည်ခိုင်ဖြိုးပါတီ) အမတ်ဟောင်များက မွတ်ဆလင် ကျေးရွာများကို သွားရောက်ခြိမ်းခြောက်ကာ စေခိုင်းခြင်းဖြစ်ပြီး လူမျိုးရေးပဋိပက္ခဖြစ်စေရန်အတွက် မွတ်ဆလင်များကို ရှေ့သို့ပို့ဆောင်ခြင်းဖြစ်သည်ဟု မွတ်ဆလင်လူငယ်တစ်ဦးက ပြောပြသည်။

“စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မွတ်ဆလင်တွေဟာ သိပ်ကိုအကျပ်အတည်း ဒုက္ခမျိုးစုံနဲ့ နေထိုင်နေရတယ်။ စစ်တပ်က ခိုင်းတာတွေကိုမလုပ်ရင်လည်း ဖိနှိပ်တာတွေရှိနေပါတယ်။ ပြီးတော့ ကျနော်တို့ မွတ်ဆလင်လူမျိုးတွေကို စစ်ကောင်စီက အသုံးချနေတာဖြစ်တယ်” ဟု စစ်ကောင်စီက ခြိမ်းခြောက်သည့်အတိုင်း လုပ်ဆောင်နေရကြောင်းကို အဆိုပါလူငယ်က ပြောသည်။

အလားတူ ဘူးသီးတောင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ARSA ၊ ARA ၊ RSO အဖွဲ့အစည်းများက အကျိုးစီးပွားချင်း ပူးပေါင်းကာ ရခိုင်နေအိမ်များကို မီးရှို့ဖျက်စီးနေခြင်းကြောင့် ဒေသနေမွတ်ဆလင်များမှာ ကြားညှပ်နေရသည်ဟု မွတ်ဆလင်အသိုင်းအဝန်းက ဆိုသည်။

“စစ်ကောင်စီနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေက မြို့ပေါ်မှာ သူတို့က မီးရှို့တယ်။ ဒေသက မွတ်ဆလင်တွေကို မီးရှို့တဲ့နေရာတွေကို ခေါ်သွားတယ်။ အဲဒီနေရာတွေမှာ အတင်းစေခိုင်းတာတွေရှိတယ်။ ပြီးတော့ အဲဒီမွတ်ဆလင်တွေကပဲ ဦးဆောင်သလိုမျိုးပုံစံနဲ့ စစ်ကောင်စီက သတင်းဖြန့်တာတွေရှိတယ်။ ဒါတွေက လူမျိုးနှစ်ခုကြားမှာ ပဋိပက္ခကို ဦးတည်စေတယ်။ ဒါတွေကိုတတ်နိုင်သမျှ အကြီးအကဲတွေ ထိန်းသင့်တယ်။ ပဋိပက္ခပြန်လည် ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်မိပါတယ်။” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မွတ်ဆလင်ဘာသာရေးဆရာ တစ်ဦးကပြောသည်။

ဘူးသီးတောင်မြို့ပေါ်ကို မီးရှို့မှုဖြစ်စဉ်မဖြစ်ခင်က ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရခိုင်ပြည်အတွင်းမှာ စစ်ကောင်စီသည် စစ်ရေးအရအထိနာနေပြီး နယ်မြေဆုံးရှုံးမှုများလည်း ပိုမိုများပြားလာသည်။

ဓာတ်ပုံ - Arakan Bay News

အာရက္ခတပ်တော် (AA) သည် တိုက်ပွဲ ၅ လကျော်လအတွင်းမှာ စစ်ကောင်စီထံက ရခိုင်ပြည်ရှိ မြို့နယ် (၈) မြို့နှင့် ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်များအလုံးစုံ သိမ်းပိုက်ရရှိရေးအတွက် ဆက်လက်တိုက်ခိုက်နေသည်။

ထို့အထဲတွင် ရခိုင်ပြည်အတွင်း မွတ်ဆလင်လူမျိုး အများဆုံးနေထိုင်ကြသည့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များကို အထူးစစ်ဆင်ရေးပြင်ဆင်ကာ တိုက်ခိုင်နေကြရခြင်းဖြစ်သည်ဟု AA နှင့် နီးစပ်သည့် အသိုင်းအဝန်များက ပြောဆိုသည်။

“ဘူးသီးတောင်၊ မောင်တောတွေကို တိုက်ခိုက်ယူရတာက အခြားမြို့နယ်တွေလောက် မလွယ်ကူပါဘူး။ ဒီမြို့နယ်တွေက ဘာသာရေး၊ လူမျိုးအရေးအရ အရမ်းထိလွယ်ရှလွယ်များပြားပြီးတော့ အထူးဂရုစိုက် တိုက်ခိုက်ရမဲ့ ဒေသတစ်ခုလည်းဖြစ်တယ်” ဟု ရခိုင်ပြည်စစ်ရေး လေ့လာသုံးသပ်တစ်ဦးက ပြောသည်။

လက်ရှိစစ်ကောင်စီထိန်းချုပ်ထားသည့် ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅) နှင့် တပ်ရင်းလေးခုကို AA က အပြီးတိုင်သိမ်းပိုက်ထားပြီး မောင်တောမြို့နယ်တွင် အရေးပါသည့် နယ်ခြားစောင့်တပ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်ထားသည်။

ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်ကို သိမ်းပိုက်ရရှိခဲ့သည့် ရုပ်သံမှတ်တမ်းကို မေလ ၄ ရက်နေ့တွင် AA က ထုတ်ပြန်ခဲ့သည်။ ၎င်းတပ်မဌာနချုပ်မှ လက်နက်ချ အညံ့ခံခဲ့သူများထဲတွင် စကခ (၁၅) ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ တပ်မိသားစုဝင်များအပြင် စစ်သားစုဆောင်းခြင်းခံထားရသည့် မွတ်ဆလင်များလည်း ပါဝင်သည်ကို တွေ့ရသည်။

မြို့များ၊ တပ်များ ဆုံးရှုံးမှုများပြားလာသောကြောင့် စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းမှာ သူတို့တစ်ချိန် တစ်ခါက လူမျိုးတုံးသတ်ဖြတ်ခဲ့သည့် မွတ်ဆလင်များထံကို ချဉ်းကပ်ကာ သူတို့၏ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းအတိုင်း အတင်းအဓမ္မခြိမ်းခြောက်စေခိုင်းကာ စစ်သားစုဆောင်းခြင်းများကို စတင်လုပ်ဆောင်လာတော့သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီသည် တစ်နိုင်ငံတွင် စစ်ရှုံးနေသည့်အသွင်သဏ္ဍာန်ကို ပြသရန်အတွက် နိုင်ငံတစ်ဝှမ်းရှိ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ယင်းစစ်မှုထမ်းဥပဒေသည် ရခိုင်ဒေသအတွင်းမှာ မွတ်ဆလင်လူမျိုးအတွက်သာ ဖြစ်နေသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောသည်။ 

“စစ်ကောင်စီကတော့ မွတ်ဆလင်တွေနေထိုင်တဲ့ ကျေးရွာတွေကို လာပြီးတော့ အတင်းအဓ္ဓမ စစ်သင်တန်းတက်ဖို့အတွက် ဖိအားပေးတယ်။ စစ်သင်တန်းမတတ်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုပြီးတော့လည်း ခြိမ်းခြောက်တာမျိုးတွေရှိပါတယ်” ဟု စစ်သင်တန်းတက်ရောက်ရန် ခေါ်ဆောင်ခံရသည့် မွတ်ဆလင် မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက်ပိုင်း စစ်တွေမြို့ရှိ ကျေးရွာများနှင့် ဒုက္ခသည် စခန်းများထံက မွတ်ဆလင်လူငယ် (၁၀၀၀) ကျော်ကို အတင်းအဓမ္မခေါ်ယူကာ စစ်သင်တန်းပေးပြီး စစ်မှုထမ်းခိုင်းစေသည်။ နောက်ထပ်လည်း စစ်ကောင်စီက စစ်မှုထမ်းရန် မွတ်ဆလင်လူငယ် (၁၀၀၀) ပေးရမည့်ဟု တောင်းခံထားကြောင်း သိရသည်။

အလားတူ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များက မွတ်ဆလင်လူငယ်များကိုလည်း ခေါ်ယူကာ စစ်သင်တန်းပေးပြီး တပ်စခန်းများတွင် ကင်းစောင့်ခိုင်းခြင်းနှင့် ရှေ့တန်းကို စေလွှတ်ခြင်းများရှိသည်ဟု ဒေသခံ မွတ်ဆလင်များထံက သိရသည်။

စစ်မှုထမ်းမွတ်ဆလင်များကို စစ်ကောင်စီက ရက်တိုသင်တန်းပေးပြီး ရှေ့တန်းကိုစေလွှတ်ခြင်းသည် မွတ်ဆလင်လူမျိုးများကို စစ်ကောင်စီက ထပ်မံပြီး လူမျိုးတုံးသတ်ဖြတ်နေခြင်းဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောကြားသည်။

လက်ရှိမှာ စစ်ကောင်စီသည် ၄င်းတို့ထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များက စစ်မှုထမ်းရန်အတွက် မွတ်ဆလင်လူငယ် (၅) ထောင်နီးပါး ရရှိအောင် အဓမ္မခြိမ်းခြောက်ကာ လူစုဆောင်းနေခြင်းများရှိသည်ဟု မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားနေသူများထံက သိရသည်။

“ကျနော်တို့မြေပြင်မှာ သိထားတာက စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် တစ်အိမ်ကတစ်ယောက် ပေးကိုပေးရမယ်လို့ပြောတယ်။ ခေါ်ဆောင်ခံရတဲ့ မွတ်ဆလင်တွေကလည်း ရက်တိုသင်တန်းတွေကို တက်ပြီးတော့ ရှေ့တန်းကို အပို့ခံရတယ်။ အခုဆိုရင် တိုက်ပွဲအတွင်းမှာ မွတ်ဆလင်လူငယ် အယောက် (၅၀) ကျော်လောက် အသက်ဆုံးသွားတာရှိတယ်” ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်က ပြောသည်။

တိုက်ပွဲများ ပြင်းထန်နေသည့်အချိန်တွင် စစ်ကောင်စီက ဒေသအတွင်းရှိ စစ်သင်တန်းပေးထားသည့် မွတ်ဆလင်လူငယ်များသာမက အခြားအုပ်စုများဖြစ်သည့် ARSA, ARA, RSO တို့လို အဖွဲ့များနှင့်ပူးပေါင်းကာ ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်စီးခြင်း၊ အာရက္ခတပ်တော် (AA)နှင့် တိုက်ခိုက်ခြင်းများ ရှိနေခြင်းသည် ရခိုင်နှင့်မွတ်ဆလင်ကြား လူမျိုးရေးပဋိပက္ခ ပိုမိုကြီးထွားအောင် ဖန်တီးလုပ်ဆောင် နေခြင်းဖြစ်သည်ဟု ရခိုင်နိုင်ငံရေးသမားက သုံးသပ်ကြသည်။

“အဲဒီဒေသတွေမှာ မွတ်ဆလင်လူဦးရေတွေက အရမ်းများတော့ စစ်ကောင်စီက နောက်ဆုံးစစ်ဆင်ရေး အသုံးပြုတာပေါ့။ နောက်ပြန်ဆုတ်ဖို့ခက်တဲ့ သူတို့လမ်းကြောင်းကို စစ်ကောင်စီက ရွေးချယ်ထားတာဖြစ်တယ်။ စစ်ကောင်စီက မွတ်ဆလင်နဲ့ ရခိုင်တွေကြားမှာ သွေးခွဲပြီးတော့ လူမျိုးဘာသာရေး၊ ပဋိပက္ခဖန်တီးချင်တဲ့ အားထုတ်မှုတစ်စိတ်တစ်ပိုင်းလည်းဖြစ်တယ်။” ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်မှာဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခတို့ကြောင့် ရခိုင်နှင့် မွတ်ဆလင်တို့ကြားမှာ ဆက်ဆံရေးတင်းမာမှုများရှိခဲ့သည်။ ထိုသို့ပဋိပက္ခတို့ကြောင့် ရခိုင်နှင့် မွတ်ဆလင်တို့မှာ ဒေသအတွင်းက နေရပ်စွန့်ခွာရမှုများရှိခဲ့ကြောင်းနှင့် လူမျိုးစုနှစ်ခုကြား နေအိမ်များ အပြန်အလှန်မီးရှို့ခံရမှုများရှိခဲ့သည်။

အလားတူ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြိုနယ်ရှိ ရခိုင်နှင့် မွတ်ဆလင် အရေးအခင်းမှာ စစ်တပ်၏ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုများကြောင့် မွတ်ဆလင်ကျေးရွာများ မီးရှို့ခံရမှု၊ ရက်စက်စွာသတ်ဖြတ်ခံရမှုများနှင့်အတူ ၆ သိန်းကျော်သော မွတ်ဆလင်များမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိအချိန်ထိ ထွက်ပြေးခိုလှုံနေဆဲဖြစ်သည်။

ထိုသို့ (၁၀) စုနှစ်တစ်ခုကြာအောင် တင်းမာခဲ့ကြသည့် ရခိုင်နှင့်မွတ်ဆလင်တို့၏ ဆက်ဆံရေးသည် အာရက္ခတပ်တော် (ULA/AA) က အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်လာချိန်တွင် အဆင်ပြေလာသည့် အနေအထားဖြစ်လာခဲ့သည်။

မွတ်ဆလင်လူမျိုးများကို အာရက္ခတပ်တော် (ULA/AA) က သူတို့အကောင်အထည်ဖော်နေလုပ်ဆောင်နေသည့် တရားစီရင်ရေးအပိုင်းများတွင် ပါဝင်ကြရန်လည်း အသိပေးထားသည်။

“၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ မွတ်ဆလင်နဲ့ ရခိုင်တွေ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်ပြီး နှစ်ဖက်အသိုင်း အဝိုင်းတွေကြားမှာ တင်းမာမှုတွေ အရမ်းကိုရှိခဲ့တယ်။ အဲဒီတင်းမာမှုတွေကို (၁၀) စုနှစ်တစ်ခုကြာအောင် ဘယ်သူကမှ ပေါင်းစပ်လို့မရခဲ့ဘူး။ AA က ရအောင်ပေါင်းစပ်ပေးခဲ့တယ်။ အခုလိုမျိုး လူမျိုးနှစ်ခုကြားမှာ ဆက်ဆံရေးတွေ ကောင်းမွန်လာတဲ့အချိန်မှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားမဲ့ အရေးတွေကို ကျနော်တို့က မလိုလားပါဘူး။ ထိန်းသိမ်းသင့်တယ်။” ဟု မွတ်ဆလင်ဘာသာရေး ဆရာတစ်ဦးဖြစ်သည့် ဦးခင်မောင်ဝင်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များက အာရက္ခတပ်တော် (ULA/AA) က ဦးစီးကာ ရခိုင်နှင့် မွတ်ဆလင်များကြား ချစ်ကြည်ရေးဘောလုံးပွဲများ၊ ရခိုင်ရိုးရာကျင်ပွဲများတွင်လည်း မွတ်ဆလင်များကို ထည့်သွင်းကျင်းပခဲ့ခြင်းများ ရှိခဲ့သည်။

ပြိုင်ပွဲကျင်းပရာတွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင် မော်လဝီတို့ကို အာရက္ခတပ်တော် (AA) က တန်းတူနေရာပေးခြင်းနှင့် ဆုချီးမြှင့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ပြီး မွတ်ဆလင်နှင့် ရခိုင်တို့၏ ရန်ငြိး၊ ရန်စများမှာလည်း လျော့နည်းစေခဲ့သည်ဟု ဦးခင်မောင်ဝင်းက သုံးသပ်သည်။

AA ၏ ဆောင်ရွက်မှုကြောင့် ရခိုင်နှင့် မွတ်ဆလင်များအကြားမှာ ဆက်ဆံရေးကောင်းမွန်နေသည့် အခြေအနေကို စစ်ကောင်စီက ရိပ်မိနေလျှက်ရှိသည်။

ထို့ကြောင့် စစ်ကောင်စီက ရခိုင်ပြည်အတွင်းတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စည်းရုံးကာ သူတို့ကို တော်လှန်မည့်အရေးကို စိုးရိမ်နေသောကြောင့် အခုလို လူမျိုးစုနှစ်ခုအကြား စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်ကာ လူမျိုးရေးပဋိပက္ခများဖြစ်ပွားရန်အတွက် ဦးတည်နေခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ်က မွတ်ဆလင်တစ်ဦးက ပြောသည်။

“AA အပေါ်မှာ မွတ်ဆလင်အချို့က ယုံကြည်မှုရှိသွားပြီ။ AA ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို မလုပ်နိုင်အောင် စစ်ကောင်စီက ဟန့်တားနေတာလို့မြင်တယ်။ တကယ်လို့ ရခိုင်မှာ စစ်ကောင်စီမရှိဘဲ AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားရင်တောင်မှ စစ်ကောင်စီက ရခိုင်ကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခဲ့မှာ သေချာတယ်။ စစ်ကောင်စီရဲ့လှည့်ကွက်တွေကို ကျနော်တို့က သတိထားဖို့လိုအပ်တယ်။” ဟု ၎င်းကဆက်ပြောသည်။

လက်ရှိမှာ အာရက္ခတပ်တော် (AA) သည် သူတို့၏ စစ်ရေးရည်မှန်းချက်အတိုင်း ရခိုင်ဒေတစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီတပ်များကို တိုက်ခိုက်လျှက်ရှိနေပြီး အောင်မြင်မှုများလည်း ရှိနေသည်။

ရခိုင်ဒေသကို ရောက်ရှိလာသည့်လူမျိုးများသည် ရခိုင်ပြည်အတွင်းတွင်နေထိုင်လျှင် ရခိုင်နိုင်ငံသားအခွင့်အရေး ရရှိမည်ဖြစ်ပြီး လူအဖွဲ့အစည်းများအကြား သဟဇာတရှိရှိ နေထိုင်မည်ဆိုလျှင်လည်း ဥပဒေနှင့်အညီ အသိအမှတ်ပြုမှုများကို လက်ခံဖို့လိုအပ်သည်ဟု အာရက္ခတပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က BBC နှင့် အင်တာဗျူးတစ်ခုမှာ ပြောကြားထားသည်။

“ရခိုင်ဒေသမှာ နိုင်ငံရေးအရ ပြိုလဲနေတဲ့အချိန်မှာ နယ်မြေအရ စိန်ခေါပြီးမှ ပြိုင်ဆိုင်တိုးဝင်လာတဲ့ ပုံစံမျိုးတော့ မလုပ်မိဖို့လိုအပ်တယ်” ဟု AA တပ်မှူးချုပ်က ပြောသည်။

ကိုဟိန်းစိုးသည် ဘူးသီးတောင်မြို့ပေါ်တွင် စက်ပစ္စည်းအရောင်းဆိုင်ဖွင့်ပြီး မွတ်ဆလင်လူမျိုးကိုများကို အဓိက ရောင်းချပေးနေသည့် ဈေးသည်တစ်ဦးဖြစ်သည်။

သူဈေးရောင်းချိန်က ရခိုင်နှင့် မွတ်ဆလင်များမှာ ဆက်ဆံရေးအဆင်ပြေစွာဖြင့် ပုံမှန်သွားလာလှုပ်ရှားနေကြပြီး လူမှုရေးသံဟဇာတဖြစ်မှုကလည်း အရင်ကထက် တိုးတက်မှုရှိခဲ့သည်ဟု ဆိုသည်။

“အိမ်နဲ့ဆိုင်ကတော့ မီးလောင်တဲ့အထဲပါသွားပြီး။ ဘာပဲဖြစ်ဖြစ် အဓိကတရားခံကတော့ စစ်ကောင်စီဖြစ်တယ်။ နောက်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဖိအားပေးခံရတဲ့ မွတ်ဆလင်တွေလည်းပါတယ်။ လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်နေတဲ့အတွက် ကျနော်တို့ သတိထားနေထိုင်ရမယ်”

ဗီဒီယိုများ