မြန်မာကို လေယာဉ်ဆီတင်ပို့မှု မပြုလုပ်ကြရန် ကုလလူ့အခွင့်အရေးကောင်စီ တောင်းဆို

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ရာတွင် မြန်မာစစ်ကောင်စီက လောင်စာဆီများ အသုံးပြုနေသည်ဟု ယူဆသော နိုင်ငံများအနေဖြင့် မြန်မာသို့ လေယာဉ်ဆီတင်ပို့ရောင်းချခြင်းများ မပြုလုပ်ကြရန် လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။

By Admin 05 Apr 2024

၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်၌ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် လေယာဉ်များ။ ဓာတ်ပုံ - CINCDS
၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်၌ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် လေယာဉ်များ။ ဓာတ်ပုံ - CINCDS

DMG ၊ ဧပြီ ၅

အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ရှိနေသော မြန်မာနှင့် အီရန်နိုင်ငံတို့အား လေယာဉ်ဆီ ရောင်းချခြင်း မပြုလုပ်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဧပြီလ ၄ ရက်တွင် တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ရာတွင် မြန်မာစစ်ကောင်စီက လောင်စာဆီများ အသုံးပြုနေသည်ဟု ယူဆသော နိုင်ငံများအနေဖြင့် မြန်မာသို့ လေယာဉ်ဆီတင်ပို့ရောင်းချခြင်းများ မပြုလုပ်ကြရန် လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။

ထို့အပြင် မြန်မာကို တရားမဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ ရောင်းချမှုကို ရပ်တန့်ရန်လည်း ကောင်စီက တိုက်တွန်းသည်။

မြန်မာစစ်ကောင်စီသည် တိုက်ပွဲများတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့်အတွက် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ပိုမိုတိုးမြှင့် ကျူးလွန်လာနေကြောင်း လူ့အခွင့်အရေး ကောင်စီ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပြီးခဲ့သောလအတွင်းက သတိပေးထားသည်။

လူ့အခွင့်အရေး ကောင်စီတွင် အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံရှိပြီး ယခုတောင်းဆိုချက်ကို ဘုံသဘောတူညီမှုဖြင့် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ဒါက အရေးပါတဲ့ သတင်းစကားတစ်ရပ် ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသူတွေကို လေယာဉ်ဆီတင်ပို့ပြီး ပုံမှန်အတိုင်း ဆက်ဆံဆောင်ရွက်နေတာဟာ လက်သင့်ခံနိုင်စရာ မရှိဘူးဆိုတာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတင်းစကားပေးလိုက်တာပါ” ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International) ဟု ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် အင်နီယန်အီလျန်ဂို (Iniyan Ilango) က ပြောကြားသည်။

ယခုတောင်းဆိုချက်သည် ကောင်းမွန်သော စတင်မှုတစ်ရပ် ဖြစ်သော်လည်း မြေပြင်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကို ထိထိရောက်ရောက် တားမြစ်ရန်အတွက်ကတော့ မြန်မာစစ်တပ်အတွက် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပြီး လေယာဉ်ဆီ တင်ပို့နေမှုများအားလုံးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ တားမြစ်ချက် ထုတ်ပြန်သင့်သည်ဟု သူက ပြောကြားသည်။

ဗီဒီယိုများ