- စစ်တွေမြို့သို့ စစ်ကောင်စီက ကုန်စည်တင်သွင်းနေသော်လည်း ပြည်သူများထံ မရောက်
- သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ရှိ
- မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီ ဖျက်ဆီးနေ
- ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ AA ကို ဆန္ဒပြပြန်
- စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ကျောက်ဖြူဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
သံတွဲတိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ တစ်သောင်းကျော်ပြီ
သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းနှင့် ၁၀ မိုင်ခန့်အကွာ ကျေးရွာများအနီးတစ်ဝိုက်တွင် ဧပြီ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်။
27 Apr 2024
DMG ၊ ဧပြီ ၂၇
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူ တစ်သောင်းကျော်ထိရှိလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သံတွဲမြို့နယ် ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း စသည့်ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံများမှာ ကျေးရွာအနီးတိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် အသက်အန္တရာယ် ထိခိုက်မည်ကိုစိုးရိမ်၍ တိမ်းရှောင်နေကြခြင်းဖြစ်သည်။
“လက်နက်ကြီးတွေ ပစ်နေတော့ မနေရဲတော့ဘူး။ တိုက်ပွဲက တအားပြင်းနေတော့ အသက်အန္တရာယ်ကြားထဲက ပြေးလာကြတာပါ။ ဘာမှယူဖို့မရခဲ့ဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးလာရတာ” ဟု ရေကောက်ကျေးရွာမှ ထွက်ပြေးလာသူတစ်ဦးက ပြောသည်။
ထွက်ပြေးလာကြသူများမှာ စားသောက်ရေး၊ နေထိုင်ရေးနှင့် သောက်သုံးရေအကူအညီများ အရေးပေါ်လိုအပ်နေပြီး လတ်တလောတွင် ယာယီခိုလှုံရာကျေးရွာများမှ ဒေသခံများက ကျွေးမွေးထားကြောင်း သိရသည်။
သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းနှင့် ၁၀ မိုင်ခန့်အကွာ ကျေးရွာများအနီးတစ်ဝိုက်တွင် ဧပြီ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်။
ဧပြီလ ၂၆ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦး သေဆုံးကာ နောက်ထပ်တပ်ဖွဲ့ဝင်များ ကျရှုံးမှုရှိကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။
“ဒီနေ့တော့ အခုချိန်ထိ ဘာအသံမှ မကြားရသေးဘူး။ မနေ့ကတော့ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ လာပစ်ရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်။ မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျရှုံးမှုတွေရှိတယ်။ အတိအကျကိုတော့ မသိနိုင်ဘူး” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲကြောင့် ရခိုင်နှင့် ပလက်ဝဒေသတွင် နေရပ်စွန့်ခွာထွက်ပြေးသူ တစ်သိန်းခြောက်သောင်းကျော်ထိ ရှိလာနေသည်ဟု UNOCHA က ထုတ်ပြန်ထားသည်။
စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနှင့် သောက်သုံးရေရှားပါးမှု စသည့် အခက်အခဲများကို ရင်ဆိုင်နေကြရသည်။