- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
သံတွဲတွင် လက်နက်ကြီးပေါက်ကွဲမှု စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံး
သံတွဲမြို့အနီး ဘားဒေါင်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ မေလ ၆ ရက် နေ့လယ်ပိုင်းက အတွဲလိုက်ဒုံးဖြင့် လေးကြိမ်ပစ်ခတ်သည့်ထဲမှ တစ်ကြိမ်မှာ စခန်းအတွင်းပေါက်ကွဲသွားပြီး သေဆုံးဒဏ်ရာရသွားခြင်း ဖြစ်သည်။
07 May 2024
DMG ၊ မေ ၇
ရခိုင်ပြည်၊ သံတွဲမြို့အနီး ဘားဒေါင်းတောင်ရှိ စစ်ကောင်စီတပ်စခန်းတွင် ယမန်နေ့က လက်နက်ကြီးပေါက်ကွဲမှု ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား (၃၇) ဦးခန့်သေဆုံးပြီး၊ (၇)ဦးခန့် ဒဏ်ရာရရှိသွားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။
ဘားဒေါင်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ မေလ ၆ ရက် နေ့လယ်ပိုင်းက အတွဲလိုက်ဒုံးဖြင့် လေးကြိမ်ပစ်ခတ်သည့်ထဲမှ တစ်ကြိမ်မှာ စခန်းအတွင်းပေါက်ကွဲသွားပြီး သေဆုံးဒဏ်ရာရသွားခြင်း ဖြစ်သည်။
“ပေါက်ကွဲသွားတဲ့ လက်နက်ကြီးအမျိုးအစားက အတွဲလိုက်ပစ်ဒုံးပေါ့။ အဲဒါကြီး ပေါက်သွားတာ။ ဒဏ်ရာရသူတွေကို ဘယ်မှာဆေးကုသပေးနေလဲ သေချာမသိဘူး။ သံတွဲဆေးရုံကြီးမှာ ဆေးကုနေကြတယ်လို့ သတင်းတွေ ထွက်နေတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်နက်ကြီးပေါက်ကွဲမှုကြောင့် စခန်းအတွင်း မီးလောင်မှုလည်းဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြပြီး ယခုကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေပေ။
ယမန်နေ့က သံတွဲမြို့အဝင်ဂိတ်အနီးရှိ စစ်ကောင်စီတပ်စခန်းများမှ တိုက်ပွဲပြင်းထန်ရာ ရွှေလှေကျေးရွာအနီး တောင်တန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။
“သံတွဲမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ကတည်းက အဲဒီတောင်ပေါ်က လက်နက်ကြီးတွေ လှမ်းပစ်နေတာတွေ ရှိတယ်။ အဲဒီလို လှမ်းပစ်နေရင်းက လက်နက်ကြီး ပေါက်ကွဲသွားတာ” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်အတွင်း ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင် စတင်သည့် စစ်ကောင်စီနှင့် AA တို့ နှစ်ဘက်တိုက်ပွဲများမှာ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေသည်။ တိုက်ပွဲကြောင့် ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း စသည့် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။