အသားဖြူလွန်းနေသဖြင့် လှောင်ခံရသည့် The Rock ပုံတူရုပ်တုကို ပြန်ပြုပြင်

အသားအရောင် ဖြူဖျော့နေသဖြင့် ကာယကံရှင် The Rock မင်းသားကိုယ်တိုင် ပြောကြားမှုများ ရှိခဲ့ပြီးနောက်တွင် ၎င်း၏ ဖယောင်းရုပ်တုအား လက်တွေ့ပုံရိပ်အစစ်အမှန်နှင့် ပိုနီးစပ်သည့် ပုံရိပ်ဖြစ်အောင် ပြန်လည်ပြုပြင်ထားကြောင်း ပြင်သစ် ပြတိုက်တစ်ခုက အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 25 Oct 2023

ဓာတ်ပုံ - Forbes
ဓာတ်ပုံ - Forbes

DMG ၊ အောက်တိုဘာ ၂၅

အသားအရောင် ဖြူဖျော့နေသဖြင့် ကာယကံရှင် The Rock မင်းသားကိုယ်တိုင် ပြောကြားမှုများ ရှိခဲ့ပြီးနောက်တွင် ၎င်း၏ ဖယောင်းရုပ်တုအား လက်တွေ့ပုံရိပ်အစစ်အမှန်နှင့် ပိုနီးစပ်သည့် ပုံရိပ်ဖြစ်အောင် ပြန်လည်ပြုပြင်ထားကြောင်း ပြင်သစ် ပြတိုက်တစ်ခုက အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

The Rock ဟု လူသိများသည့် ရုပ်ရှင်သရုပ်ဆောင် Dwayne Johnson သည် ဆာမိုအာကျွန်းဆွယ်သား ဖြစ်သလို လူမည်းမျိုးနွယ်စုမှ ဆင်းသက်လာသူလည်း ဖြစ်သည်။ ဂရေဗင်ပြတိုက်တွင် ပြသထားသည့် ၎င်းပုံတူ ဖယောင်းရုပ်တုတွင် အသားအရေမှာ အဖြူရောင်ဖြစ်နေသည်ကို မင်းသား ဂျွန်ဆင်က ယခုသီတင်းပတ်အတွင်း အင်စတာဂရမ်တွင် ဟာသနှောကာ တင်ခဲ့သလို အဆိုပါရုပ်တုအပေါ်တွင်လည်း သဘောကျသည့်ပုံစံ မရှိသလောက် မြင်ခဲ့ရသည်။

“မှတ်တမ်းအနေနဲ့ ပြောရမယ် ဆိုရင်တော့ ကျွန်တော့်အဖွဲ့ကို ပါရီက ဂရေဗင်ပြတိုက်ဆီ လွှတ်ဖို့ လုပ်နေပါတယ်။ ကျွန်တော့်ရဲ့ ဖယောင်းရုပ်ကို အရေးကြီးတဲ့ အသေးစိတ် အချက်တစ်ချို့ ပြုပြင်ဖို့ပါ။ အသားရောင်နဲ့ အရင်စရမှာပေါ့လေ” ဟု Johnson က ရေးသားထားသည်။

“ဖယောင်းရုပ်တုကို တနင်္လာနေ့ညက ပြန်သိမ်းလိုက်ပါတယ်။ သူ့ရဲ့ အသားအရောင်အတွက် ကျွန်တော်တို့ဆီက ပညာရှင်တွေ နေ့ရောညပါ ကြိုးစားခဲ့ကြပါတယ်” ဟု ပြတိုက်ညွှန်ကြားရေးမှူး Yves Delhommeau က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

“Dwayne Johnson က ကျွန်တော်တို့ကို ကတိပေးထားတာ ရှိပါတယ်။ နောက်တစ်ခါ ပါရီကိုလာရင် ပြတိုက်ကို ဝင်ခဲ့မယ် ဆိုပြီးတော့လေ။ ဝိုင်ကောင်းကောင်းတစ်ခွက်လောက် တူတူသောက်ကြတာပေါ့။ သူလိုချင်တဲ့ အပြောင်းအလဲတွေ ကျွန်တော်တို့ ပြုပြင်ပေးလို့ရပါတယ်” ဟုလည်း သူကပြောကြားသည်။

ဂရေဗင်ပြတိုက်သည် ပြင်သစ်တွင် အထူးနာမည်ကြီးသည့် ပြတိုက်တစ်ခုဖြစ်ကာ နှစ်စဉ် လာရောက်သူ ၈ သိန်းခန့်ရှိသည်။

The Rock ဖယောင်းရုပ်အား ပြတိုက်က ပြီးခဲ့သည့် သီတင်းပတ်တွင် ဆိုရှယ်မီဒီယာဖော်၌ ထုတ်ဖော်ပြသခဲ့သည်။ သို့သော်လည်း အဆိုပါရုပ်တုအား The Rock ၏ ပရိသတ်များက မကျေနပ်သည့် အမူအရာများဖြင့်သာ တုံ့ပြန်ခဲ့ကြပြီး လှောင်ရယ်ကြသည်များရှိသလို စိတ်ဆိုးကြသည်များအထိ ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ