စစ်ဘေးရှောင်များအား အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသော ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးနှင့် အင်တာဗျူး 

ရခိုင်ဒေသစစ်ဘေးရှောင်များ၏ အခြေအနေနှင့်ပတ်သက်ပြီး မြေပြင်တွင် အကူအညီပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး ဒု – ဥက္ကဌ မနှင်းသဇင်လှိုင်ကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။

By Admin 01 Apr 2024

စစ်ဘေးရှောင်များအား အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသော ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးနှင့် အင်တာဗျူး 

DMG ၊ ဧပြီ ၁

ရခိုင်ပြည်တွင် စစ်ရေးကြောင့် စစ်ဘေးရှောင်သူဦးရေ ၃ သိန်း ကျော်အထိ တိုးလာနေပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်သည်လည်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသည်ဟု UNOCHA Myanmar က ထုတ်ပြန်ထားသည်။

မြို့တော်စစ်တွေနှင့် အနီးဆုံးဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေသူ သုံးသောင်းကျော်အထိ ရှိနေသည်။ စစ်ဘေးရှောင်များသည် ကားလမ်းမနံဘေးနှင့် တောင်ခြေရင်းများတွင် ကောက်ရိုးများဖြင့် ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်နေကြရသည်။

စစ်ဘေးရှောင်များသည် NGO/INGO အဖွဲ့များ၏ အကူအညီ နည်းပါး၍ စားဝတ်နေရေး အခက်အခဲကြုံနေရသည့် အပြင် ကုန်စည်ပြတ်တောက်မှု၊ စံချိန်တင်မြင့်တက်နေသော ကုန်ဈေးကြောင့် အပူတစ်ခုထပ်တိုး ခံစားနေကြရသည်။

လက်ရှိ၌ စစ်ဘေးရှောင်များ၏ အခြေအနေနှင့်ပတ်သက်ပြီး မြေပြင်တွင် အကူအညီပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး ဒု – ဥက္ကဌ မနှင်းသဇင်လှိုင်ကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။

မေး - စစ်ဘေးရှောင်တွေမှာ လက်ရှိ ဘာတွေအရေးပေါ် လိုအပ်ချက်ရှိနေကြပါလဲ။

ဖြေ - စစ်ဘေးရှောင်တွေ လက်ရှိမှာ အဓိကလိုအပ်နေတာကတော့ စားနပ်ရိက္ခာတွေ၊ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ၊ ကလေးသူငယ်တွေအတွက် အာဟာပြည့်ဝတဲ့အစားအစာတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေအတွက် ကာကွယ်ဆေးတွေ၊ မိုးရာသီဖြတ်သန်းဖို့ တာပေါ်လင်စတွေလည်း အခုချိန်မှာ အရေးတကြီးလိုအပ်နေတယ်။

မေး - ကူညီထောက်ပံ့မှုအပိုင်းကရော ဘယ်လိုအခြေအနေရှိပါလဲ။ စစ်ရှောင်တွေမှာ အကူအညီတွေရော ရကြပါလား။

ဖြေ - ကူညီထောက်ပံ့မှုရတာတော့ ရှိကြတယ်။ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက တခါတလေ ထောက်ပံ့ကြတာတွေ ရှိပါတယ်။ ဒါကလည်း လစဉ်ပုံမှန်ရနေတာ မဟုတ်ပါဘူး။ အရင်ကကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တဲ့ NGO၊ INGO အဖွဲ့အစည်းတွေက လုံးဝ ပျောက်သွားတာမျိုးတွေ ရှိပါတယ်။ အခုစစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးနေတဲ့ NGO၊ INGO နှစ်ဖွဲ့လောက်ပဲ မြေပြင်မှာတွေ့ရတယ်။ ဒါပေမဲ့ စစ်ရှောင်တွေမှာ လိုအပ်ချက် များတော့ မလုံလောက်ဘူး။ တချို့စစ်ရှောင်တွေဆိုရင် အထောက်အပံ့ လုံးဝမရတာတွေ ရှိနေတယ်။

မေး - ဒါဆို စစ်ဘေးရှောင်တွေက စားရေးသောက်ရေးအတွက် ဘယ်လိုဖြေရှင်းနေကြပါလဲ။

ဖြေ - လူဦးရေက များလာတယ်၊ အကူအညီထောက်ပံ့မှု ရရှိတဲ့အပိုင်းကလည်းနည်းတော့ စားစရာမရှိတဲ့ မိသားစုတွေ အရမ်းများပြားလာနေတယ်။ ငတ်ပြတ်တဲ့ စစ်ဘေးရှောင်မိသားစုတွေလည်း ရှိလာနေတယ်။ စစ်ဘေးရှောင်တွေ ငတ်ပြတ်လာတော့ ရွာထဲကိုသွားပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ အလှူခံပြီး စားသောက် နေကြရတယ်။

မေး - ပြီးခဲ့တဲ့ရက်ပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့တာရှိတယ်။ အဲဒီအချိန် စစ်ဘေးရှောင်တွေ ဘယ်လို အခက်အခဲဖြစ်ခဲ့ရလဲဆိုတာလည်း ပြောပြပေးပါလား။

ဖြေ - ပုဏ္ဏားကျွန်းမြို့နယ်မှာဆိုရင် စစ်ရှောင် သုံးသောင်းကျော်ထိ ရှိတယ်။ အများစုက ကားလမ်းမဘေးမှာ တဲထိုးပြီး နေနေကြတာ။ နောက်တဲတွေ မထိုးဘဲနဲ့ ခြုံတွေထဲမှာ ခြင်မကိုက်ရင်ပြီးရောဆိုပြီး ခြင်ထောင်တစ်ခု ထောင်ပြီး နေနေကြတာရှိတယ်။ ဒီလိုအခြေအနေမှာ မိုးကရွာတော့ သူတို့အတွက် တော်တော် အခက်အခဲဖြစ်ခဲ့ ရတယ်။ ချက်ပြုတ်စားသောက်ဖို့ နေရာမရှိ၊ အိပ်ဖို့နေရာ မရှိတာတွေ၊ ဟိုနေရာပြောင်း ဒီနေရာပြောင်း ပြောင်းနေခဲ့ရတယ်။ နည်းနည်းပါးပါး အကူအညီရထားတဲ့ ရိက္ခာတွေက အကုန်မိုးရေစိုစွတ်သွားတော့ ထမင်းမစားရ။ ကလေးငယ်မိခင်တွေဆိုရင် မိုးလုံမယ့်နေရာကို ပြေးလွှားခိုလှုံကြနဲ့ အရမ်းအခက်အခဲ ဖြစ်ခဲ့ကြတယ်။ သူတို့ အတွက် အရာအားလုံးက စိန်ခေါ်မှုတွေချည်းပဲ။

မေး - ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက တာပေါ်လင်စတွေ ထောက်ပံ့ရေးနဲ့ပတ်သက်လို့ ကမ်ပိန်းတစ်ခု လုပ်နေတယ်လို့ သိရတယ်။ အဲဒီအခြေအနေကိုလည်း သိပါရစေ။

ဖြေ - ဒီကမ်းပိန်းလုပ်ရတဲ့ အကြောင်းအရင်းကတော့ ပုဏ္ဏားကျွန်းမှာ ပြာကျသွားတဲ့နေအိမ်တွေကို ဒီပြန်လည်ထူထောင်ရေး ကြားကာလမှာ တာပေါ်လင်တွေ အကူအညီပေးဖို့အတွက် လုပ်ဆောင်ရတာဖြစ်တယ်။ အခုက သစ်တွေ၊ ဓနိတွေ ရှာလို့ရမယ့် အခြေအနေမရှိဘူးလေ။ ဒါကြောင့် မိုးတွင်းကာလမှာ စစ်ရှောင်မိသားစုတွေ လုံလုံခြုံခြုံနဲ့ အဆင်ပြေချော့မွေ့စွာနေထိုင်နိုင်ဖို့ လုပ်တာ။ အဓိကတော့ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ ရဲရိုးပြင်ရွာ၊ ခမောင်းတောစတဲ့ မီးလောင်သွားတဲ့ရွာတွေကို ကူညီပေးဖို့အတွက် ဖြစ်တယ်။ နောက်ပြီးတော့ အခြား ပေါက်တောမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေကိုလည်း ထောက်ပံ့ပေးဖို့အတွက် ဖြစ်တယ်။ ဒါပေမဲ့ လက်ရှိမှာ ကျမတို့အဖွဲ့အစည်းကို ကူညီထောက်ပံ့ကြတာ နည်းပါးနေသေးတဲ့အတွက် ထင်သလောက် မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ပြည်တွင်းပြည်ပက အလှူရှင်တွေ အများကြီး လိုအပ်နေပါသေးတယ်။

မေး - စစ်ဘေးရှောင်အရေးနဲ့ပတ်သက်လို့ နောက်ထပ်ဖြည့်စွက်ပြီး ဘာပြောလိုတာရှိမလဲ။

ဖြေ - စစ်ဘေးရှောင်တွေက နေရပ်ကို ဘယ်အချိန်မှာ ပြန်သွားရမယ်ဆိုတာ မသိရဘူးလေ။ ဒါကြောင့် သူတို့နေတဲ့ နေရာအသီးသီးမှာ ရေရှည်ရပ်တည်နိုင်ဖို့က ပထမဆုံးလုပ်ဆောင်ရမယ့် အချက်ဖြစ်တယ်။ သူတို့မှာနေအိမ် ဆုံးရှုံးသွားတာတွေ၊ သား/သမီးတွေနဲ့ ဝေးကွာရတာတွေ အခက်အခဲပေါင်းစုံကို ရင်ဆိုင် ခံစားနေကြရတာ။ စစ်ဘေးရှောင်တွေအတွက်တော့ အကူအညီလိုအပ်ချက်မှာ အမြင့်ဆုံး ဖြစ်နေတယ်။ မိုးတွင်းမရောက်မီမှာ တာပေါ်လင်လိပ်တွေရပြီး ယာယီတဲအိမ်တွေ ဆောက်လုပ်နိုင်ဖို့အတွက် ထောက်ပံ့မှု ရရှိနိုင်ရင် ပိုကောင်းမယ်။ ဒါမှမဟုတ်ရင်တော့ မိုးတွင်းကာလ စစ်ဘေးရှောင်တွေအတွက် အရမ်းကိုအခက်အခဲ ဖြစ်လာနိုင်တယ်။

ဗီဒီယိုများ