တောဟိန်းတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

အမ်းမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ရန်ကုန် - စစ်တွေကားလမ်းအနီးရှိ တောင်ဟိန်းတောင်ဗျူဟာကုန်းသည် စစ်ကောင်စီ၏ အရေးပါသောဗျူဟာကုန်းတစ်ခုဖြစ်သည်။

By Admin 27 Apr 2024

တောဟိန်းတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

DMG ၊ ဧပြီ ၂၇ 

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းဒေသရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

တောဟိန်းတောင်ဗျူဟာကုန်းကို ယခုနှစ် မတ်လ ၂၄ ရက်တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“အဲဒီစခန်းကို AA က ဒရုန်းဗုံးနဲ့ ဆက်တိုက်တိုက်ခိုက်တယ်။ ပြီးမှ အနီးကပ်ထိုးစစ်နဲ့ တိုက်ခိုက်တာလို့ သိရတယ်။ အထိနာကြတဲ့အခါ သူတို့(စစ်ကောင်စီ)က ထွက်ပြေးကြတယ်။ ဖမ်းဆီးရမိတာတချို့လည်း ရှိတယ်လို့သိရတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမ်းမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ရန်ကုန် - စစ်တွေကားလမ်းအနီးရှိ တောင်ဟိန်းတောင်ဗျူဟာကုန်းသည် စစ်ကောင်စီ၏ အရေးပါသောဗျူဟာကုန်းတစ်ခုဖြစ်သည်။ အဆိုပါဗျူဟာကုန်းတွင် စစ်ကောင်စီတပ်သား ၆၀၀ ကျော်ရှိပြီး လက်နက်ကြီး၊ အမြောက်တပ်စခန်းရှိကာ ခံတပ်အခိုင်အမာ တည်ဆောက်ထားသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ 

“ဒီသီတင်းပတ်အတွင်း ၇၅ ရာခိုင်နှုန်းလောက် သိမ်းထားပြီလို့ သိရတယ်။ ဒီနေ့နဲ့ဆိုရင် အကုန်လုံးသိမ်းပိုက်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပုံမှန်နေ့တွေဆိုရင် မနက်ရော၊ ညရောဆက်တိုက် လက်နက်သံကြားနေရတာ ဒီနေ့မနက်ပိုင်းမှာတော့ လက်နက်သံနည်းနည်းလောက်ပဲ ကြားလိုက်ရတယ်။ အခုတော့ မကြားရတော့ပါဘူး” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ ကဇုကိုင်းရှိ ပွိင့် ၂၉၉ စခန်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့ကို မတ်လ ၂၄ ရက်မှစ၍ AA က တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

အမ်းမြိုနယ်တွင် ခမရ - ၃၇၁၊ ခမရ - ၃၇၂၊ ခမရ - ၃၇၃ တပ်ရင်းများနှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များရှိသည်။ 

တိုက်ပွဲ ၅ လကျော်အတွင်း စစ်ကောင်စီတပ်စခန်း အများအပြားနှင့် မြို့နယ် ၉ ခုအထိ AA က သိမ်းပိုက်ထားပြီး လက်ရှိတွင် မောင်တောခရိုင်၊ အမ်းနှင့် သံတွဲမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ဗီဒီယိုများ