စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ကျောက်ဖြူဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ 

“မိုးရာသီရောက်တော့မယ်ဆိုတော့ အိမ်တွေဘာတွေလုပ်ဖို့ ဝါးခုတ်သွားတာမှာ မိုင်းနင်းမိပြီး အခုလိုဖြစ်ပွားတာပဲ။ ခြေတစ်ဖက်ပြတ်သွားတာဆိုတော့ ဒဏ်ရာပြင်းတယ်။ ညာဖက်ခြေမှာလည်း မိုင်းစတွေထိမှန်သွားတယ်” ဟု ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်ဆွေ ပြောသည်။

By Admin 08 May 2024

ဓာတ်ပုံ - APM 
ဓာတ်ပုံ - APM 

DMG ၊ မေလ ၈

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာမှ ဒေသခံတစ်ဦးမှာ စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်းကိုနင်းမိ၍ ဘယ်ဖက်ခြေထောက်ပြတ်ထွက်ကာ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သိရသည်။ 

အသက် (၄၃)နှစ်အရွယ် ဦးထွန်းနိုင်မှာ မေလ ၇ ရက်က ရွာတောင်ဘက်ရှိ ဓာတ်တော်တောင်ဘုရားတောင်ပေါ်သို့ ဝါးခုတ်ရန်သွားစဉ် မိုင်းနင်းမိသွားခြင်းဖြစ်သည်။ 

“မိုးရာသီရောက်တော့မယ်ဆိုတော့ အိမ်တွေဘာတွေလုပ်ဖို့ ဝါးခုတ်သွားတာမှာ မိုင်းနင်းမိပြီး အခုလိုဖြစ်ပွားတာပဲ။ ခြေတစ်ဖက်ပြတ်သွားတာဆိုတော့ ဒဏ်ရာပြင်းတယ်။ ညာဖက်ခြေမှာလည်း မိုင်းစတွေထိမှန်သွားတယ်” ဟု ဦးထွန်းနိုင်၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်ဆွေ ပြောသည်။ 

ဦးထွန်းနိုင်မှာ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ငွေကြေးအကူအညီများ လိုအပ်နေသည်။ 

“အခုလောလောဆယ် ရွာသားတွေအလှူခံလို့ရတဲ့ ငွေနဲ့ဆေးကူသမှုခံယူနေရတာ။ အချိန်ကြာမယ်ဆိုရင်  ကျမတို့အနေနဲ့ အများကြီးအခက်အခဲရှိတယ်” ဟု ဒေါ်ခိုင်ခိုင်ဆွေက ဆက်ပြောသည်။
မိုင်းပေါက်ကွဲခဲ့သည့် ဘုရားတောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်နေသဖြင့် အဆိုပါမိုင်းမှာ စစ်ကောင်စီ ထောင်ထားသည့်မိုင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

ပြီးခဲ့သည့် ဧပြီ ၂၀ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ကျေးရွာမှ အသက် (၇၀)အရွယ် ဦးလူဖြူမှာ အဖော်တစ်ဦးနှင့်အတူ နွားလွှတ်ရန်သွားစဉ် ရွာနှင့်သုံးဖာလုံခန့်အကွာတွင် မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။ 
DMG စာရင်းအရ ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီမှ မေလ ၈ ရက်အထိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ (၂) ဦးနှင့် ဒဏ်ရာရရှိသူ (၁၀) ဦးထိရှိနေသည်။ 

“အခုနောက်ပိုင်း ကျောက်ဖြူမြို့နယ်မှာ မိုင်းနင်းမိလို့ ဒဏ်ရာရသူတွေ ပိုများလာတယ်။ ဒီကိစ္စတွေလျော့ကျဖို့ ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ယာယီတပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေကို သွားလာမှုလုပ်တာ ရှောင်ရှားဖို့ အရေးကြီးတယ်” ဟု ကျောက်ဖြူမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ရခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှ ၂၀၂၄ ခုနှစ်၊ ယခုမေလအထိ မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၃၀ ကျော်ထိရှိနေသည်။ 
မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့်ထိခိုက်နစ်နာသူအများစုမှာ အိမ်ထောင်သည်များဖြစ်၍ မိသားစု လူမှုစီးပွားဘဝရပ်တည်ရေးမှာ စိန်ခေါ်မှုများစွာရှိနေကြသည်။ 

ဗီဒီယိုများ