အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလုပ်မဖြစ်

ပထမတစ်ကျော့ ဒဏ်ခတ်ပိတ်ဆို့မှုများကို ၁၉၈၈ မှ ၂၀၁၅ အထိကြုံခဲ့ရသည့် စစ်အစိုးရ ကာလအတွင်း မြန်မာသည် ၎င်းအပေါ် အရေးယူမှုများ ချမှတ်ထားသည့် အနောက်နိုင်ငံများနှင့် ကုန်သွယ်စီးပွားရေး ကျဆင်းသွားသည်နှင့်အမျှ အရှေ့တောင်အာရှနှင့် စီးပွားရေး ဆက်ဆံရေးမှာ ပိုမို၍ အားကောင်းသွားခဲ့သည်။

By Admin 08 Mar 2024

မူရင်းဓာတ်ပုံ - Getty Images
မူရင်းဓာတ်ပုံ - Getty Images

DMG ၊ ဘာသာပြန်

နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ဆယ်စုနှစ်တစ်ခုစာ ကြာခဲ့ပြီးနောက် မြန်မာစစ်တပ်သည်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်သည်။ ဤအချိန်၌ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်စွဲတော်ကိရိယာကို ထုတ်သုံးသည်။ ၎င်းမှာ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်သည်။

အာဏာသိမ်းမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများအပြားသည် ကုန်သွယ်ရေး ပိတ်ဆို့မှုများ၊ မြန်မာစစ်တပ်၏ ငွေဝင်လမ်းကို တားမြစ်ပိတ်ပင်မှုများ ချမှတ်ခြင်း သို့မဟုတ် ဆိုင်းငံ့ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေများကို ပြန်လည်အသက်သွင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အမေရိကန်အစိုးရကလည်း ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တစ်ဖြတ် ကြေညာခဲ့သည်။ မြန်မာပြည်တွင်းစစ်တွင် တပ်မတော်သည် တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်တပ်များနှင့် လုံးထွေးနေရချိန်၌ ယခုကဲ့သို့ ဒဏ်ခတ်မှုအသစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်အထိကတော့ ဒဏ်ခတ်ပိတ်ဆို့မှုများသည် အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများကို စီမိုကရေစီ လမ်းကြောင်းဆီ နောက်ပြန်ဆုတ်စေနိုင်စွမ်း သို့မဟုတ် လက်ရှိစစ်ပွဲတွင် ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးအုပ်စုများကို အကျိုးပြုနိုင်စွမ်း မရှိသေးပေ။

ယခုဆောင်းပါးရှင်များသည် အရှေ့နှင့် အရှေ့တောင်အာရှကို လေ့လာသူများ၊ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများကို လေ့လာသူများဖြစ်ကြသည်။ မိမိတို့၏ လေ့လာချက်များအပြင် ကိုယ်တိုင် သုသေသနပြုမှုများနှင့် မြန်မာ့သမိုင်းကြောင်းများအရ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများသည် ရှေ့လာမည့် လတ်တလောကာလအတွင်း အကျိုးသက်ရောက်မှု ရှိမည့်ပုံ မပေါ်ဟုသာ မြင်တွေ့ရသည်။

■ မြန်မာအပေါ် လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုများ

မြန်မာအပေါ် လက်ရှိ ချမှတ်ထားကြသည့် ဒဏ်ခတ်ပိတ်ဆို့မှုများသည် ၂၀၁၀ မတိုင်မီနှစ်များက ဒီမိုကရေစီ အစိုးရတစ်ရပ် ထူထောင်မည့်လုပ်ငန်းစဉ် မစတင်မီ ချမှတ်ခဲ့သည့် အရေးယူမှုများနှင့် အများအားဖြင့် ပုံစံတူကြသည်။ ၂၀၂၁ ခုနှစ်မှစတင်၍ အမေရိကန်၊ အီးယူနှင့် အခြားအုပ်စုများ၏ အရေးယူမှုများတွင် သီးသန့်ပစ်မှတ်ထား အရေးယူမှုများ ပါဝင်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အကြမ်းဖက်နှိပ်ကွပ်နေသည့် စစ်အစိုးရ၏ အင်အားကို အားပျော့သွားစေရန် ရည်ရွယ်သည်။

တစ်ချိန်တည်း၌ ထိုဒဏ်ခတ်ပိတ်ဆို့မှုများသည် ရှေ့ပိုင်းက ဆောင်ရွက်ခဲ့သည့် အရေးယူမှုကာလအတွင်း မြန်မာလူထုအပေါ် ဆိုးကျိုးသက်ရောက်မှု အလားအလာ ရှိခဲ့သည်များကို ရှောင်ရှားနိုင်ရန် ပိုမိုသတိရှိရှိ ဆောင်ရွက်ကြပုံပေါ်သည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ချမှတ်ခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများသည် တိတိပပ ပစ်မှတ်ထားမှု ပိုရှိလာကာ စစ်အစိုးရနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို သက်ရောက်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းမျိုး ဖြစ်ကြသည်။ ရှေ့အစောပိုင်း ကာလများတွင်မူ ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုများသည် ပိုမိုကျယ်ပြန့်ပြီး မြန်မာတစ်နိုင်ငံလုံး၏ စီးပွားရေးအပေါ် သက်ရောက်ခဲ့သည်များ ရှိခဲ့သည်။

ဤသည်မှာ တမင်ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုအလွန် မြန်မာအပေါ် အမေရိကန်အစိုးရ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့သည့် ဥပဒေ Executive Order 14014 သည် အလွာစုံကို ပစ်မှတ်ထားအရေးယူရန် ရည်ရွယ်သည်။ ထိုအထဲ၌ မြန်မာ့လေတပ်အတွက် လေယာဉ်ဆီ ထောက်ပံ့မှုနှင့် ဆက်နွယ်နေသည့် တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများကို ဒဏ်ခတ်အရေးယူမှုများလည်း ပါဝင်သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှု အသစ်များသည် မြန်မာလူထုနှင့် မသက်ဆိုင်ဘဲ စစ်ဗိုလ်ချုပ်ကြီးများအပေါ် ဘဏ္ဍာရေးပိုင်း ဒဏ်ခတ်မှုများ ချမှတ်နိုင်ရေးအတွက် ဘိုင်ဒန်အစိုးရက မည်ကဲ့သို့ ရည်ရွယ်ထားသည်ကို ထင်ဟပ်နေသည်။

အမေရိကန်သည် ဒဏ်ခတ်ပိတ်ဆို့မှုများ အပြိုင်အဆိုင် ချမှတ်နေမည့်အစား အချိတ်အဆက်မိမိ အရေးယူနိုင်ရေးအတွက် နိုင်ငံတကာ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဦးစားပေးတစ်ရပ်အဖြစ် ချမှတ်ထားသည်။

ယခုလို ပူးပေါင်းဆောင်ရွက်မှုများ၏ သက်သေအဖြစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က လူ့အခွင့်အရေးနေ့နှင့် တစ်ရက်တည်း၌ အမေရိကန်သည် ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့် ပူးတွဲ အရေးယူမှုတစ်ဖြတ် ထုတ်ပြန်ခဲ့သည်ကို တွေ့နိုင်သည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုများ (အဖွဲ့အခေါ် ကန့်သတ်အရေးယူမှုများ၊ Restrictive Measures) တွင် အမေရိကန်က ပိတ်ဆို့ထားသည်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ၎င်းတို့တွင် စစ်ဘက်နှင့် အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ တင်ပို့မှုကို ကန့်သတ်ခြင်း၊ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းများကို ထိန်းချုပ်ခြင်း၊ ဗီဇာနှင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များ၊ ဆက်သွယ်ရေးပစ္စည်းကိရိယာများ တင်ပို့မှု ကန့်သတ်ခြင်းတို့လည်း ပါဝင်သည်။ 

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ကုမ္ပဏီများ လုပ်ငန်းပူးပေါင်း ဆောင်ရွက်ခွင့်မရှိသူ အမည်ပျက်စာရင်း (Specially Designated Nationals List) မှတစ်ဆင့်လည်း ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်ထားသည်။ မြန်မာနှင့် ပတ်သက်သည့် အမည်ပျက်စာရင်းတွင် စစ်တပ်ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်သည်။ တစ်နိုင်ငံလုံးကို ဦးတည်သည်ထက် အာဏာသိမ်းမှု၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို နောက်ဆက်တွဲ နှိပ်ကွပ်မှုများတွင် ပါဝင်ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို စီးပွားရေးအရ အထိနာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ 

■ မြန်မာအပေါ် အတိတ်က ဒဏ်ခတ်ပိတ်ဆို့မှုများ

အမေရိကန်သည် ၎င်း၏ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒများအား ပြုပြင်ပြောင်းလဲရန် လိုအပ်ခဲ့သည်ကို သမိုင်းက သေချာပေါက် ထောက်ပြခဲ့ပြီးဖြစ်သည်။ မြန်မာ့အရေး လေ့လာသူများသည် ယခင့်ယခင်ကာလများတည်းက ယခင်စစ်အစိုးရလက်ထက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ ထိရောက်မှုကို ငြင်းခုန်ဆွေးနွေးမှုများ ရှိခဲ့သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများသည် စစ်အစိုးရအား ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်လျှောက်အောင် ဖိအားပေးနိုင်စွမ်း မဖြစ်စလောက်သာ ရှိသည်ဟု စောဒကတက်ကြသူများ အများအပြားရှိခဲ့သည်။ တကယ်တမ်း မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲများသည် စစ်တပ်ကရေးဆွဲသည့် လမ်းပြမြေပုံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထွက်ပေါ်လာခြင်းသာ ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ၏ ဖိအားကြောင့် မဟုတ်ဟု ဆိုကြသည်။

ယခုလို မေးခွန်းထုတ်ကြခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ အစောပိုင်း ဒဏ်ခတ်ပိတ်ဆို့မှု ပုံစံများကြောင့်ဖြစ်သည်။ ထိုစဉ်က အရေးယူမှုများသည် မြန်မာ့စီးပွားရေး၏ အဓိကကျသော ထုတ်ကုန်များဖြစ်သည့် အဝတ်အစားနှင့် အထည်အလိပ်များကို ပစ်မှတ်ထားခဲ့ကြခြင်း ဖြစ်ကာ ထိုလုပ်ငန်းများသည် စစ်အုပ်စုနှင့် ဆက်နွယ်နေခြင်း မရှိပေ။ ထိုစီးပွားရေး ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက လုပ်ငန်းများကို ထိခိုက်စေခဲ့သည်။

နောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုများမှာ စစ်တပ်ပိုင်ဆိုင်သော သို့မဟုတ် စစ်တပ်နှင့် ဆက်နွယ်နေသော လုပ်ငန်းများကို ပစ်မှတ်ထားသည်။ ထိုအထဲ၌ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လိမိတက်၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းကဲ့သို့ လုပ်ငန်းများပါဝင်သည်။ 

သို့သော်လည်း ၂၀၂၁ အာဏာသိမ်းမှုအလွန် ဒဏ်ခတ်ပိတ်ဆို့မှုများသည် ရှေ့ပိုင်းက ချမှတ်ခဲ့သည့် အရေးယူမှုများနှင့် ပုံစံတူပြဿနာအချို့ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ကုလသမဂ္ဂသည် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ မလုပ်ထားပေ။ ထို့ကြောင့် လက်ရှိ မြန်မာအပေါ် အရေးယူမှုများတွင် ကုလ၏အင်အား မပါဝင်ဘဲ ဖြစ်နေသည်။ ကုလ၏ ယခုကဲ့သို့ ရပ်တည်ချက်သည် နိုင်ငံတကာ စံချိန်စံညွှန်းများကို မထီမဲ့မြင်ပြုနေသာ မြောက်ကိုရီးယားနှင့် အီရန်ကဲ့သို့ နိုင်ငံများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် လုပ်ရပ်များနှင့် ဆန့်ကျင်ဖီလာ ဖြစ်နေသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်နှင့် ရုရှားတို့က မြန်မာ့ စစ်ခေါင်းဆောင်များအပေါ် ဒဏ်ခတ်ပိတ်ဆို့ရန်ကိုထား၊ ရှုတ်ချရန်ပင် ငြင်းဆန်ကြသည်ဖြစ်ရာ ဤကောင်စီအနေဖြင့် မြန်မာကို ဒဏ်ခတ်အရေးယူရန် ဖြစ်နိုင်ခြေမရှိလှပေ။

ရလဒ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နောက်ပြန်လျှောကျခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို တုံ့ပြန်ရာ၌ အုပ်စုကွဲသွားခြင်း ဖြစ်သည်။ အနောက်နိုင်ငံများက မြန်မာကို ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပစ်မှတ်ထား ချမှတ်ကာ ဖယ်ကြဉ်ရန် ဆုံးဖြတ်ထားကြချိန်၌ အရှေ့နှင့် အရှေ့တောင်အာရှရှိ နိုင်ငံများမှာမူ မြန်မာအစိုးရနှင့် သံတမန်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ ဆက်ရှိထားကြသည်။

အရှေ့တောင်အာရှ နိုင်ငံများအဖို့ကလည်း စစ်ကောင်စီအပေါ် မည်သို့သော ဒဏ်ခတ်ပိတ်ဆို့မှုများ၌မဆို ဝင်မပါရန်အတွက် မက်လုံးတစ်ရပ် ရှိနေသည်။ အသစ်ထွက်လာမည့် စာအုပ် “အပယ်ခံများနှင့် ကုန်သွယ်ခြင်း” ၌ ဆောင်းပါးရှင်တို့ ညွှန်းဆိုထားသကဲ့သို့ပင် မြန်မာ့ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများသည် သူ့ဒေသအတွင်း၌ အားအကောင်းဆုံး ဖြစ်နေဟန်ရှိသည်။

ပထမတစ်ကျော့ ဒဏ်ခတ်ပိတ်ဆို့မှုများကို ၁၉၈၈ မှ ၂၀၁၅ အထိကြုံခဲ့ရသည့် စစ်အစိုးရ ကာလအတွင်း မြန်မာသည် ၎င်းအပေါ် အရေးယူမှုများ ချမှတ်ထားသည့် အနောက်နိုင်ငံများနှင့် ကုန်သွယ်စီးပွားရေး ကျဆင်းသွားသည်နှင့်အမျှ အရှေ့တောင်အာရှနှင့် စီးပွားရေး ဆက်ဆံရေးမှာ ပိုမို၍ အားကောင်းသွားခဲ့သည်။

အရှေ့နှင့် အရှေ့တောင်အာရှရှိ နိုင်ငံများအဖို့ မြန်မာနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားခြင်းအားဖြင့် စီးပွားရေး အခွင့်အလမ်းများသာမက မြန်မာ့ပြည်တွင်းရေးကို စောင့်ကြည့်လေ့လာရန်၊ ထို့ထက်ပိုလျှင် ဤအရေးကိစ္စ ပိုကောင်းမွန်လာစေရန် မဟာဗျူဟာတစ်ရပ် ချမှတ်နိုင်သည့် အခွင့်အရေးတစ်ရပ် ရှိနေသည်။ ဥပမာဆိုရလျှင် အာဆီယံသည် စစ်အစိုးရက ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ ပြုလုပ်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများ ဖြေရှင်းရန် ငြင်းဆန်နေသည့်ကြားမှ မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ်တွင် လက်ခံခဲ့ခြင်း ဖြစ်သည်။ မြန်မာ့အိမ်နီးချင်းများက လိုလားသည့် ဤချဉ်းကပ်မှုသည် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာက ဖယ်ကြဉ်ကြမည့် အေးစက်စက် အနေအထားမှ ဆွဲထုတ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာသို့ လက်နက်ရောင်းချခြင်းများ ရပ်တန့်မည်ဟု စင်္ကာပူနိုင်ငံက မကြာသေးခင်ကမှ ကြေညာခဲ့သော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများကမူ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းကို ရှောင်ရှားပြီး ဆက်လက် ထိတွေ့ဆက်ဆံရန် လိုလားကြသည်။

■ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလုပ်ဖြစ်နိုင်သလား

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာစစ်တပ်ကို ထိခိုက်နိုင်သည့် အလားအလာရှိပါ၏။ သို့သော်လည်း စစ်အစိုးရကို ဒူးထောက်လာအောင်တော့ စွမ်းနိုင်မည်မဟုတ်ဟု ယုံကြည်ရန် အကြောင်းရင်း များစွာ ရှိနေသည်။ ဖြစ်နိုင်သည်မှာ အမေရိကန်အစိုးရက အစောပိုင်းတွင် တစ်ဘက်စောင်းနင်း ချမှတ်ခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများတွင် လုံလောက်သော အချိန်မပေးခဲ့သဖြင့် အမေရိကန်ကုမ္ပဏီများသည် မြန်မာစျေးကွက်နှင့် အပြည့်အဝ ထိတွေ့ဆက်ဆံပြီး ရင်းနှီးမြှုပ်နှံရန် အချိန်မရခဲ့ကြသည့်အတွက် လက်ရှိအခြေအနေတွင် အင်အားကောင်းစွာ မရှိခြင်းမျိုး ဖြစ်သည်။

သိသိသာသာအားကောင်းစွာ ရှိနေသည့် နိုင်ငံများမှာမူ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မည့် အလားအလာ မရှိကြပေ။ ဤအချက်က အမေရိကန် သို့မဟုတ် အနောက်၏ မြန်မာအပေါ် အထီးကျန်စေရန် ကြိုးပမ်းမှုများကို အားပျော့စေလျှက်ရှိသည်။

အနောက်အုပ်စုအတွက် စိန်ခေါ်ချက်ကို ဂျက်လေယာဉ်ဆီ ရောင်းချခြင်း ပိတ်ပင်မှုတွင် မြင်တွေ့နိုင်သည်။ အမေရိကန်က လေယာဉ်ဆီ ရောင်းချခွင့် ပိတ်ပင်ထားသော်လည်း မြန်မာစစ်တပ်သည် ယုံကြည်ရသည့် သယ်ယူပို့ဆောင်ရေးဖြင့် လေယာဉ်ဆီ ရရှိနေဆဲ ဖြစ်သည်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) က ၂၀၂၃ တွင် ထုတ်ပြန်ခဲ့သည့် “သေစေလောက်သည့် ကုန်ပစ္စည်း (Deadly Cargo)” အစီရင်ခံစာ၌ ဖော်ပြထားသည်။

အကြောင်းရင်းမှာ မြန်မာအတွက် ဂျက်လေယာဉ်ပျံသန်းရန် လိုအပ်သည့် သန့်စင်ပြီးလောင်စာဆီ ၉၅ ရာခိုင်နှုန်းကျော်သည် ဒေသတွင်း ကုန်သွယ်ဘက်နိုင်ငံများမှ ရရှိနေခြင်းကြောင့် ဖြစ်လေသည်။ တရုတ်၊ ထိုင်း၊ စင်္ကာပူနှင့် ရုရှားတို့သည် ၂၀၂၁ ခုနှစ်တည်းက မြန်မာစစ်တပ်အတွက် နိုင်ငံတစ်ဝန်း ဗုံးကြဲသည့် စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်သော ဂျက်လေယာဉ်ဆီ အများစုကို ထောက်ပံ့နေကြသည်။

အမေရိကန် ဘဏ္ဍာရေးဌာနသည် ဂျက်လေယာဉ်ဆီ ရောင်းချမှု တားမြစ်ပိတ်ပင်ခြင်းကို မြန်မာစစ်တပ်အတွက် သာမက ပုဂ္ဂလိက လေကြောင်းလိုင်းများ အတွက်ပါ ချမှတ်ထားသည်။ သို့သော်လည်း ယခုလို ကဏ္ဍကြီးတစ်ခုလုံးအထိ ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့အရေးယူမှုကြောင့် မည်မျှအထိ သက်ရောက်မှု ရှိသည်ကတော့ တိတိပပ မရှိပေ။

လက်ရှိ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ လုပ်နည်းလုပ်ဟန်သည် ရှေ့ယခင်က မြန်မာစစ်ဗိုလ်ချုပ်ကြီးများအပေါ် ဖိအားပေးရန် ကြိုးပမ်းမှုများနှင့် သိသိသာသာ ကွာခြားမှုရှိသည်။ သို့သော်လည်း ထိရောက်မှုနှင့် အောင်မြင်နိုင်ခြေ အလားအလာကတော့  ထူးမခြားနားသာ ဖြစ်ပုံပေါ်သည်။ မြန်မာသည် သူ့ဒေသပြင်ပနိုင်ငံများနှင့် စီးပွားရေးအရ ကူးလူးဆက်ဆံမှုများ နည်းပါးပြီး တရုတ်၊ ဂျပန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်သာ အဓိက ကူးသန်းရောင်းဝယ်မှု ရှိသည်။ မြန်မာနှင့် စီးပွားရေးအရ အကြီးအကျယ် အပြန်အလှန် မှီခိုမှုရှိထားခြင်းကို လက်နက်အဖြစ် အသုံးပြုနိုင်စွမ်းသည့် ထိုနိုင်ငံများ၏ သိသာသော အားထုတ်မှုမပါဘဲ မြန်မာနိုင်ငံအတွက် အပြောင်းအလဲ တစ်စုံတစ်ရာ ထွက်ပေါ်လာနိုင်ခြေ ရှိမနေပေ။

အာဆီယံသည် လူ့အခွင့်အရေး ယိုယွင်းလာခြင်းကို သတိမပြုမိဘဲ မနေပေ။ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို သိထားသလို ၂၀၂၆ အတွက် မြန်မာ၏ အာဆီယံဥက္ကဌရာထူး ဆက်ခံရမည့် အလှည့်ကို ငြင်းပယ်ထားခြင်းဖြင့် မြန်မာပြည်သူလူထုကို ထောက်ခံကြောင်းလည်း အချက်ပြထားသည်။

သို့သော်ငြားလည်း လတ်တလော မြင်ရသလောက် ရှေ့အနာဂတ်တွင်တော့ အာဆီယံသည် မြန်မာအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည့်ပုံ မရှိပေ။ သို့အတွက်ကြောင့်ပင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို အဓိပ္ပာယ်ရှိရှိ မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းကြရာတွင်လည်း အနောက်အုပ်စုက ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ စွမ်းဆောင်ရည်မှာ သံသယပွားဖွယ် ဖြစ်နေပေသည်။

The Conversation ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် Charmaine Willis နှင့် Keith A. Preble တို့၏ US, EU sanctions aren’t working in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။

ဗီဒီယိုများ