ရခိုင်ဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေများကို လေ့လာဆန်းစစ်ခြင်း - အပိုင်း (၃)

ရခိုင်ဒေသတွင်ဖြစ်ပေါ်သော လူမှုရေး၊ နိုင်ငံရေး စသည့်ကိစ္စများသည် အကျိုးစီးပွားချင်းဆက်စပ်ရာ ဒေသများသို့လည်း ပြန့်နှံ့ရိုက်ခတ်မည် ဖြစ်ပေသည်။ အပြန်အလှန်အားဖြင့် အဆိုပါဒေသများတွင်ဖြစ်ပေါ်သော စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အစရှိသော ကိစ္စများသည်လည်း ရခိုင်ဒေသသို့ ရိုက်ခတ်မည်ပင် ဖြစ်ပေသည်။

By Admin 19 Dec 2023

ရခိုင်ဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေများကို လေ့လာဆန်းစစ်ခြင်း - အပိုင်း (၃)

ဇော်ထွန်း(မြောက်ဦး) - ရေးသားသည်။

ဒေသတစ်ခု၏ နိုင်ငံရေးအခြေအနေများကို လေ့လာရာတွင် ထိုဒေသတစ်ခုတည်းကို လေ့လာ၍ ပြည့်စုံသည်ဟူ၍ မရှိပေ။ ထိုဒေသနှင့် ဆက်စပ်နေသော အခြားဒေသ အပိုင်းအခြားများကို သော်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများကို သော်လည်းကောင်း၊ နိုင်ငံတကာအခြေအနေများကို သော်လည်းကောင်း ချိတ်ဆက်ကြည့်တတ်ရပေမည်။ ရခိုင်ဒေသသည် အရှေ့တောင်အာရှနှင့် တောင်အာရှတို့၏ အစပ်တွင် သော်လည်းကောင်း၊ ရေပိုင်နက် အငြင်းပွားမှုမရှိဘဲ ကမ္ဘာအရပ်ရပ်နှင့်ဆက်သွယ်နိုင်သော အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်တွင် သော်လည်းကောင်း၊ တိုင်းပြည်ငယ်ငယ်တွင် လူဦးရေပြွတ်သိပ်နေသော ဘင်္ဂလားဒေ့ရှ်နှင့် သော်လည်းကောင်း ဆက်စပ်တည်ရှိနေသည့်အပြင် အာရှတိုက်၏ အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့၏ အကျိုးစီးပွားများလည်း တည်ရှိနေသေးရာ ရခိုင်ဒေသတွင်ဖြစ်ပေါ်သော လူမှုရေး၊ နိုင်ငံရေး စသည့်ကိစ္စများသည် အကျိုးစီးပွားချင်းဆက်စပ်ရာ ဒေသများသို့လည်း ပြန့်နှံ့ရိုက်ခတ်မည် ဖြစ်ပေသည်။ အပြန်အလှန်အားဖြင့် အဆိုပါဒေသများတွင်ဖြစ်ပေါ်သော စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အစရှိသော ကိစ္စများသည်လည်း ရခိုင်ဒေသသို့ ရိုက်ခတ်မည်ပင် ဖြစ်ပေသည်။

အမျိုးသားရေးဝါဒနှင့် ကွန်မြူနစ်စနစ်ကို နိုင်ငံရေးလမ်းပြမြေပုံ အဖြစ်ထား၍ ဈေးကွက်စီးပွားရေးစနစ်ကို အသုံးပြုသော တရုတ်နိုင်ငံသည် နှစ်ဆယ့်တစ်ရာစုအရောက်တွင် အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သို့သော်လည်း ပြည်ပတင်ပို့မှုကို အဓိက စီးပွားရေးမူဝါဒအဖြစ် ကျင့်သုံးသော လူဦးရေ သန်း တစ်ထောင့်လေးရာကျော်ရှိသည့် တရုတ်နိုင်ငံအတွက် ကုန်သွယ်ရေးလမ်းကြောင်း လိုအပ်ချက်များက အထူးအရေးပါလျက် ရှိနေပေသည်။ ထို့ကြောင့် “ရပ်ဝန်းတစ်ခု၊ လမ်းတစ်ခု (One Belt, One Road)” ဟု ခေါ်သော ပိုးလမ်းမစီမံကိန်းကို ရှီကျင့်ဖျင် ဦးဆောင်သော တရုတ်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်။ ထိုစီမံကိန်းတွင် ပင်လယ်ကမ်းခြေနိုင်ငံများ၌ ဆိပ်ကမ်းနှင့် စီးပွားရေးဇုန်များ တည်ဆောက်ခြင်း၊ ထိုဆိပ်ကမ်းနှင့် စီးပွားရေးဇုန်များကို ရထားလမ်း၊ ကားလမ်းများဖြင့် ဆက်သွယ်ခြင်း၊ ဆိပ်ကမ်းအချင်းချင်း ရေလမ်းကြောင်းဖြင့်ဆက်သွယ်ခြင်း စသော ကုန်းလမ်း၊ ရေလမ်းနှစ်သွယ်လုံး ပါဝင်သည်ဖြစ်ပေရာ ထိုစီမံကိန်းကိုသာ အကောင်အထည် ဖော်အောင်မြင်နိုင်ခဲ့ပါက ပင်လယ်ထွက်ပေါက် အနည်းငယ်ဖြင့် ကုန်းတွင်းပိတ်နေသော တရုတ်နိုင်ငံမှတစ်ဆင့် ရုရှား၊ ဥရောပနှင့် အာရှတိုက်များသို့သာမက အာဖရိကတိုက်သို့ပါ အလွယ်တကူ ကုန်သွယ် ကူးသန်း ရောင်းဝယ်လာနိုင်မည်ဖြစ်ပေရာ စီးပွားရေး၊ နိုင်ငံရေးတွင်သာမက စစ်ရေး၌ပါ မဟာဗျူဟာအားသာချက်များ ရရှိသွားမည်ဖြစ်ပေသည်။ ထိုပိုးလမ်းမစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရခိုင်ပြည်ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းများ တည်ဆောက်ခြင်း၊ စီးပွားရေးဇုန်များတည်ဆောက်ခြင်းနှင့် ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ခြင်းတို့ ပါဝင်ပေသည်။ ထို့အပြင် ရခိုင်ကမ်းလွန်ပင်လယ်ထဲရှိ ရွှေသဘာဝဓာတ်ငွေ့သိုက်ကိုပါ ထုတ်ယူခွင့် ရရှိထားခြင်းအားဖြင့် တရုတ်တို့သည် ရခိုင်ဒေသကို စပါကြီးမြွေလိမ်ကျစ်ထားသကဲ့သို့ မလွတ်တမ်း ကုတ်တွယ်ခွင့်ကို တရားဝင် ရရှိထားပေသေးသည်။

ရပ်ဝန်းနှင့်လမ်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်အတွက် ကပ်ဘေးတစ်ခုလား

နေပြည်တော်တွင် စိုက်ထူထားသော တရုတ်သမ္မတရှီကျင့်ဖျင်အား ကြိုဆိုသည့် ဆိုင်းဘုတ်ကို  ၂၀၂၀ ဇန်နဝါရီလ ၁၇ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - AFP)

နှစ်ပေါင်း ၆၀၀ ခန့် တန်ခိုးဩဇာထွန်းတောက်ခဲ့သော အော်တိုမန်အင်ပါယာသည် ပထမကမ္ဘာစစ်တွင် ဂျာမနီဖက်မှ ရပ်တည်တိုက်ခိုက်ခဲ့ရာမှ အဆုံးသတ်ခဲ့ရသည်။ နှစ်ပေါင်းလေးရာကျော် မင်းမူကြီးစိုးခဲ့သော ဗြိတိသျှ နေမဝင်အင်ပါယာကြီးသည်လည်း ဒုတိယကမ္ဘာစစ်အပြီးတွင် စိတ်ပန်းလူပန်းဖြင့် အဆုံးသတ်ခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အပြီးတွင် တန်ခိုးဩဇာကြီးလာခဲ့သော ဆိုဗီယက်ပြည်ထောင်စုသည်လည်း တစ်စစီပြိုကွဲကာ အင်အားဆုတ်ယုတ်ခဲ့ရသည်။ ဆိုလိုသည်မှာ ကမ္ဘာကြီး၌ တစ်နိုင်ငံတည်း၊ တစ်စုတစ်ဖွဲ့တည်းက အင်အား အလွန်အမင်းကြီးလာတိုင်း အစုအဖွဲ့လိုက်နေထိုင်သော နိုင်ငံများ၏ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လိုအပ်လျင် စစ်ရေးနည်းများဖြင့် ဖြိုဖျက်ခြင်းကို ခံရခြင်းပင်ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် စစ်အေးခေတ်အလွန်တွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)ဝင်များကို ဦးဆောင်လျက် ပြိုင်ဖက်ကင်း အင်အားကြီးလာခဲ့သည်မှာ အမေရိကန် နိုင်ငံပင်ဖြစ်သည်။ အမေရိကန်နိုင်ငံကို ပြိုင်ဖက်ကင်းဟုဆိုသော်လည်း ထိုနိုင်ငံသည် တစ်နိုင်ငံတည်းရပ်တည်၍ အလုံးစုံ ကြီးစိုးမင်းမူရန် ကြိုးစားသည်ကား မဟုတ်ပေ။ အစုအဖွဲ့ပေါင်းများစွာကို ဖွဲ့စည်းလျက် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးများကို ဦးဆောင်သည်သာ ဖြစ်ပေသည်။ အမေရိကန်နိုင်ငံနှင့် မဟာမိတ် အစုအဖွဲ့များသည် တစ်နိုင်ငံတည်း (သို့မဟုတ်) တစ်စုတစ်ဖွဲ့တည်း ဩဇာကြီးမားရေးနှင့် ခြယ်လှယ်ရေးကို ကြိုးစားသောနိုင်ငံပေါ်လာတိုင်း ဖြိုဖျက်တတ်သောသဘာဝရှိကြောင်း တွေ့ရပေသည်။ 

နှစ်ဆယ့်တစ်ရာစုအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာသော နိုင်ငံနယ်နိမိတ်နှင့် လူဦးရေပါ သာလွန်ကြီးမားသည့် ရုရှားနှင့် တရုတ်တို့သည်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ နှောင့်ယှက်ဟန့်တားမှုများကို  လက်ရှိတွင် ခံနေကြရပြီဖြစ်သည်။ တစ်နည်းအားဖြင့် အာဏာချိန်ခွင်လျာ ထိန်းညှိခြင်းကို ခံနေကြရခြင်း ဖြစ်ပေသည်။ ကမ္ဘာ့အာဏာချိန်ခွင်လျာညှိခြင်းကို ခံကြရသောနိုင်ငံများကို ကြည့်လိုက်လျှင် စီးပွားရေးနှင့် စစ်ရေးအင်အားတွင် အဆင့်(၂)၊ အဆင့်(၃)နှင့် အဆင့်(၄) နိုင်ငံများဖြစ်သည်ကို တွေ့ရပေသည်။ ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံပြီးလျှင် အဆင့်(၂) အင်အားအကြီးဆုံးနိုင်ငံတွင် ရပ်တည်နေခဲ့သော်လည်း ယူကရိန်းသို့ ကျူးကျော်စစ် ဆင်နွှဲနေစဉ်အတွင်း စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပိတ်ဆို့မှုအမျိုးမျိုးကို ခံနေရသည့်အပြင် အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ယူကရိန်းဖက်သို့ နည်းပညာအင်အား၊ လက်နက်အင်အား၊ ထောက်လှန်းရေးအင်အား၊ ထောက်ပို့အင်အားနှင့် မီဒီယာအင်အားများဖြင့် ဝိုင်းဝန်းထောက်ပံ့မှုကို ရင်ဆိုင်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ထိခိုက်ဆုတ်ယုတ်သွားနိုင်ပေသည်။ ရုရှား-ယူကရိန်းစစ်ပွဲသည် ရုရှားဖက်မှ စတင်တိုက်ခိုက်ခဲ့သည် မှန်သော်လည်း နောက်ခံအကြောင်းတရားများအနေဖြင့် အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ အာဏာချိန်ခွင်လျာထိန်းညှိမှုလည်း အပါအဝင်ဖြစ်သည်ဆိုလျှင် မှားမည်မဟုတ်ပေ။ တစ်နည်းအားဖြင့် ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင် ဖြစ်စေခြင်းအားဖြင့် ရုရှားနိုင်ငံ၏ လုံခြုံရေးကို အချိန်မရွေးခြောက်လှန့်နိုင်အောင် ကြံစည်ခြင်းမျိုးဖြစ်ပေရာ ရုရှားအနေဖြင့် ရွေးချယ်စရာ ရှာမတွေ့ဘဲ စစ်ပွဲသို့ဦးတည်နိုင်သည်ကို အစကတည်းက ကြိုတင်မှန်းဆနိုင်ခဲ့ကြပေလိမ့်မည်။ တစ်ဖက်တွင်လည်း စစ်ရေးနှင့်စီးပွားရေးအင်အား အလွန်အမင်း တောင့်တင်းလာခြင်းနှင့်အတူ ပြိုပျက်သွားသော ဆိုဗီယက်ပြည်ထောင်စု အိပ်မက်ကို ပြန်မက်နေသည့် ရုရှားသမ္မတ ဘလာဒီမီယာပူတင် ဦးဆောင်သော အစိုးရအဖွဲ့၏အင်အားကို ထိန်းသိမ်းပြီးဖြစ်သွားမည်ကို အလိုရှိခဲ့ကြပေလိမ့်မည်။ ကြားထဲတွင် ဓားစာခံဖြစ်သွားကြသည်မှာ ယူကရိန်းပြည်သူများပင် ဖြစ်သည်။ မည်သို့ဆိုစေ ရုရှား-ယူကရိန်းစစ်ပွဲသည် အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့အဆင့်(၂) ဖြစ်လာသော ရုရှားအား အာဏာချိန်ခွင်လျာ ထိန်းညှိလိုခြင်းနှင့် ပထဝီနိုင်ငံရေး အားပြိုင်မှုများအရ ပေါ်ပေါက်လာသည်ဟူ၍ပင် ဆိုရမည်ဖြစ်ပေသည်။ လက်ရှိအချိန်တွင် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးမသတ်သေးသော်လည်း မည်သူ့ဖက်ကနိုင်သည်ဖြစ်စေ ရုရှား၏ နိုင်ငံရေးသိက္ခာ၊ ဖွံ့ဖြိုးတိုးတက်မှုအရှိန်နှင့် ဩဇာလွှမ်းမိုးမှု အရှိန်အဝါများကား အတိုင်းအတာတစ်ခုထိ ဆုတ်ယုတ်သွားမည်ပင်ဖြစ်ပေသည်။ 

လက်ငင်းအကျိုးစီးပွားနဲ့ ရုရှား-မြန်မာဆက်ဆံရေး ကောက်ကြောင်း

ရုရှားပြီးလျှင် အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ ပစ်မှတ်အထားဆုံးနိုင်ငံသည် ကမ္ဘာ့အဆင့် တတိယနေရာတွင် ရောက်နေသော တရုတ်နိုင်ငံ ဖြစ်ပေလိမ့်မည်။ တရုတ်နိုင်ငံကိုလည်း ရုရှားနိုင်ငံကဲ့သို့ပင် စစ်ပွဲဖြစ်စေလျက် အကျပ်အတည်းတွင်းထဲသို့ တွန်းပို့မည်ဆိုပါက တောင်တရုတ်ပင်လယ်ထဲရှိ ထိုင်ဝမ်ပြီးလျှင် မြန်မာနိုင်ငံ ဖြစ်နိုင်ပေသည်။ သို့သော် ထိုင်ဝမ်ကျွန်းသည် တောင်တရုတ်ပင်လယ်ထဲတွင်ရှိ၍ တရုတ်ပြည်မကြီး၏ ရင်ခွင်တွင်းထဲတွင် ရှိနှင့်နေပြီးဖြစ်ပေရာ တရုတ်တို့အဖို့ ထိုင်ဝမ်ကျွန်းအရေးထက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ရရှိစေရုံမက စွမ်းအင်လိုအပ်ချက်နှင့် အခြားသော အကျိုးစီးပွားပေါင်း များစွာကိုပါ ရရှိစေနိုင်သော မြန်မာနိုင်ငံအရေးကို ပို၍အာရုံစိုက်လိမ့်မည်ဟု ယူဆရပေသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကြီးမားကျယ်ပြန့်ပြင်းထန်သော ပြည်တွင်းစစ်ဒဏ်ကိုပါ ခံနေရချိန်ဖြစ်သဖြင့် တရုတ်တို့ လက်မဦးလျှင် အမေရိကန်နှင့် အနောက်အုပ်စု (သို့မဟုတ်) တရုတ်ကို ချိန်ခွင်လျာညှိလိုသည့် အိန္ဒိယတို့က လက်ဦးသွားမည်ကို များစွာစိုးရိမ်ပေလိမ့်မည်။ သို့ဖြစ်၍ “ပုတ်ကြား နွားချေးဝင်၊ မျိုးကြား သူစိမ်းဝင်” ဆိုသည့်အတိုင်း  အကျိုးစီးပွားအတွက် စားကွက်လုကြမည့်သူများက မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အချိန်ပြည့် စောင့်ကြည့်နေကြလိမ့်မည် ဖြစ်ပေသည်။ ထိုအထဲတွင်မှ ကမ်းရိုးတန်းဒေသတွင် တည်ရှိလျက် တရုတ်၏ အကျိုးစီးပွားပေါင်းများစွာနှင့် အိန္ဒိယ၏ ကုလားတန်စီမံကိန်းတို့ တည်ရှိနေသည့် ရခိုင်ဒေသအတွက် ရိုက်ခတ်မှုများ ပိုမိုပြင်းထန်နိုင်သည်ဟု ယူဆသင့်ပေသည်။ သို့သော် ပြင်းထန်သောရိုက်ခတ်မှုဟု ဆိုသော်လည်း အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲနေသည့် ဒေသတစ်ခုအတွက်မူကား ဤပထဝီနိုင်ငံရေးနှင့် အကျိုးစီးပွားပြိုင်ဆိုင်မှု အခြေအနေများကို အကျိုးရှိရှိအသုံးပြုတတ်လျှင် အားသာချက်များလည်း ဖြစ်သွားနိုင်ကြောင်း သတိချပ်သင့်ပေသည်။ 

အမေရိကန်နိုင်ငံသည် တတိယ ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်သော တရုတ်နိုင်ငံကို အာဏာချိန်ခွင်လျာညှိရန် ကြိုးစားရာ၌ ဝန်းရံပိတ်ဆို့သည့်မူဝါဒ(Containment Policy)အား အသုံးချသည်ကို တွေ့ရသည်။ ဆိုဗီယက်ရုရှားနှင့် စစ်အေးတိုက်ပွဲ ပြိုင်ဆိုင်ကြရာ၌လည်း ထိုမူဝါဒအား အသုံးပြုခဲ့ဖူးသည်ပင် ဖြစ်သည်။ အလွယ်နားလည်ရလျှင် မိမိပစ်မှတ်ထားသောနိုင်ငံအား အထီးကျန်နိုင်ငံဖြစ်လာစေရန်၊ အခြားနိုင်ငံများ အပေါ်တွင် လွှမ်းမိုးမှုနှင့် ဩဇာသက်ရောက်မှုကို လျော့ချရန်၊ ဒီမိုကရေစီထွန်းကားရန်နှင့် ပစ်မှတ်ထားသော ကွန်မြူနစ်စနစ် မပြန့်ပွားစေရန် တို့ဖြစ်သည်။ အမေရိကန်သည် ထိုမူဝါဒကို အကောင်အထည်ဖော်ရန်နှင့် မိမိတို့၏ စီးပွားရေးနှင့် စစ်ရေးရည်မှန်းချက်များအတွက် တောင်တရုတ်ပင်လယ်တစ်လျှောက်ရှိ နိုင်ငံများနှင့် မဟာမိတ်ဆက်ဆံရေး တည်ထောင်ထားသည်သာမက အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်တို့ကို ဆက်သွယ်ထားသော မလက္ကာရေလက်ကြားတွင်ပင် အထိုင်ချထားသေးသည်။ ပစိဖိတ်သမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ် ပတ်ဝန်းကျင်တွင်ရှိသော ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံနှင့် လည်းကောင်း၊ ထိုင်ဝမ်ကျွန်းနှင့်လည်းကောင်း နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်သာမက ထိုနိုင်ငံများနှင့် တရုတ်နိုင်ငံ မသင့်မြတ်ရအောင် ရည်ရွယ်ချက်ရှိရှိ အားထုတ်သည်များကိုပင် တွေ့ရပေသည်။ ထို့ကြောင့်လည်း တရုတ်-ထိုင်ဝမ် တင်းမာမှုများ၊ တရုတ်-ဂျပန်ကျွန်း အငြင်းပွားမှုများ၊ တရုတ်-ဖိလစ်ပိုင်၊ တရုတ်-မလေးရှား၊ တရုတ်-အင်ဒိုနီးရှား စသည့် အငြင်းပွားမှုများမှာ သဘာဝကျသော အငြင်းပွားမှုများ ဟုတ်၏လော ဟူ၍ပင် သံသယဖြစ်ဖွယ်ရှိပေသည်။ ထို့အပြင် ဒီမိုကရေစီနိုင်ငံများဖြစ်သော အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန် လေးနိုင်ငံပါဝင်သော ကွာ့ဒ်ထရီဒီ(Quard Treaty)ဟူ၍ ဖွဲ့စည်းလျက် အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် တရုတ်၏ ဩဇာလွှမ်းမိုးထိန်းချုပ်မှုကို တန်ပြန်နိုင်ရန်အတွက် ဖွဲ့စည်းပြင်ဆင် ခဲ့ကြပြန်သည်။ ထိုအဖွဲ့အား တရုတ်နိုင်ငံပတ်လည်ရှိ ဒီမိုကရေစီအဝိုင်းအဝန်း(Arc of Democracy around China)ဟူ၍ပင် သုံးနှုန်းရေးသားကြသည်ကို တွေ့ရသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် ဒေသအတွင်း တရုတ်၏ မူမမှန်သော လွှမ်းမိုးခြယ်လှယ်မှုများ ရှိလာပါက ထိုလေးဖွဲ့က ငြိမ်နေလိမ့်မည်မဟုတ်ဟု နားလည်ရပေသည်။ သို့သော်လည်း တရုတ်သည် ထိုအဖွဲ့များထောင်ထားသော ထောင်ချောက်များကို အပါးနပ်ဆုံးနည်းလမ်းဖြင့် ရှောင်လွှဲရန်ကြိုးစားမည်မှာလည်း မလွဲမသွယ်ပင်ဖြစ်ပါလိမ့်မည်။ 

ယူကရိန်းစစ်ပွဲကြောင့် မြန်မာနိုင်ငံတွင်းမှာ တရုတ်ဩဇာပိုကြီးလာနိုင်သလား

၂၀၂၁ ခုနှစ်က ရန်ကုန် တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်နေသူတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - Getty Images)

ဤကွာ့ဒ်နိုင်ငံလေးခုထဲမှ တရုတ်ကို ရင်ဘောင်တန်းယှဉ်ပြိုင်လိုပြီး နယ်စပ်ပြဿနာပါရှိနေသော အိန္ဒိယနိုင်ငံမှာ တရုတ်ကဲ့သို့ပင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပေရာ ရခိုင်ပြည်နှင့် မြန်မာနိုင်ငံအဝန်းတွင်လည်း တရုတ်နှင့်အပြိုင် အကျိုးစီးပွားများစွာ တည်ရှိနေပေသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးနောက် နိုင်ငံတကာအသိအမှတ်ပြုမှုကို မရရှိသောစစ်ကောင်စီအား တရားဝင် အသိအမှတ်ပြုပေးမှုနှင့် အရောတဝင် ဆက်ဆံမှုအပိုင်းတွင် အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံထက်ပင် သိသိသာသာဖြစ်လာသည်ကို သတိထားမိကြပေမည်။ ထို့ကြောင့် ကွာ့ဒ်အဖွဲ့ဝင်ဖြစ်သော အိန္ဒိယသည်လည်း မြန်မာနိုင်ငံတွင် တစ်နည်းတစ်ဖုံအားဖြင့် မရမကပါဝင်လာမည်ဟူ၍ပင် နားလည်ရသည်။ တရုတ်လွှမ်းမိုးမှုကို လျော့ချရန်အတွက် သော်လည်းကောင်း၊ အိန္ဒိယ၏ အကျိုးစီးပွားကို တိုးမြှင့်ရန်အတွက် သော်လည်းကောင်း အိန္ဒိယနိုင်ငံအတွက် အရေးပါသောလမ်းကြောင်းသည် စစ်တွေဆိပ်ကမ်းကိုသုံးလျှက် ကိုးလ်ကတ္တမှသည် မစ်ဇူရန်ပြည်သို့ ဆက်သွယ်မည့် ကုလားတန်စီမံကိန်းက အရေးပါဆုံးဖြစ်နေပေရာ ရခိုင်ဒေသက ပထဝီနိုင်ငံရေးအရ အရေးပါလာပြန်သည်။ အိန္ဒိယအစိုးရသည် အာဏာသိမ်းစမှစတင်၍ စစ်ကောင်စီနှင့် နီးနီးကပ်ကပ်ဆက်ဆံကာ တော်လှန်ရေးအင်အားစုများအား လုံးဝအဖက်မလုပ်သည့်ပုံစံဖြင့် ရပ်တည်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာနိုင်ကြသောအခါ သဘောထားအမြင်နှင့် ရပ်တည်ချက်များ ပြောင်းလဲလာနိုင်သလော ဟူသည်ကို စောင့်ကြည့်ရမည် ဖြစ်ပေသည်။ အထူးသဖြင့် ၂၀၁၈-၂၀၁၉ နှစ်များအတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာခဲ့ရာ အိန္ဒိယအစိုးရက မြန်မာစစ်တပ်အား ပူးပေါင်းကူညီမှုများပင် ရှိခဲ့ဖူးပါသည်။ သို့သော်လည်း ကုလားတန်စီမံကိန်း အဓိကတည်ရှိရာနေရာများကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားနိုင်ပြီး စီမံကိန်းဖြစ်မြောက်အောင် စစ်ကောင်စီက မစွမ်းဆောင်နိုင်သောအခါ အိန္ဒိယအစိုးရအနေဖြင့်လည်း ရက္ခိုင့်တပ်တော်အပေါ် ရပ်တည်ချက် ပြောင်းလဲဆက်ဆံလာရမည့် အနေအထားမျိုး ရှိလာနိုင်မလား ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ 

အိန္ဒိယအရှေ့မြောက်ဒေသတွင် ညီအစ်မခုနစ်ဖော်ဟု တင်စားခေါ်ဝေါ်ကြသော ပြည်နယ်ခုနစ်ခုရှိသည်။ ၎င်းတို့မှာ မစ်ဇူရမ်၊ မူဏိပူရ၊ နာဂလန်း၊ အရန်နာချယ်ပရာဒေ့ရှ်၊ အာသံ၊ မိဂလျာနှင့် တြိပူရ ပြည်နယ်တို့ ဖြစ်သည်။ ထိုပြည်နယ်ခုနစ်ခုသည် အိန္ဒိယ၏ အရှေ့မြောက်ဖက် အစွန်းဆုံးဒေသများတွင် တည်ရှိကြပြီး အစ်ကိုအဖြစ် တင်စားကြသော ရှစ်ခုမြောက် ဆစ်ကမ်ပြည်နယ်နားအရောက်တွင် ကြက်လည်ကဲ့သို့ ကျဉ်းမြောင်းသော ဆီလီဂူရီကော်ရိဒ်ဒါခေါ် စင်္ကြံလမ်းဖြင့်  အိန္ဒိယပြည်မကြီးနှင့် ဆက်သွယ်ထားသည်။ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့တော်မှ မစ်ဇူရန်ပြည်နယ် အစ်ဇိုးမြို့တော်သို့ ဆီလီဂူရီစင်္ကြံလမ်းမှတစ်ဆင့် လေကြောင်းလမ်း၊ ကားလမ်း၊ ရထားလမ်းတို့ဖြင့် ဆက်သွယ်သွားလာနိုင်သော်လည်း ဆက်ဆံရေး အဆင်မပြေသော ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နယ်စပ်များအပါအဝင် နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံနယ်စပ်များကိုပါ ဖြတ်သန်းသွာလာရသဖြင့် ခရီးရှည်လွန်းခြင်းနှင့် လုံခြုံရေးစိတ်မချရခြင်းကဲ့သို့ ပြဿာနာများရှိနေပြန်သည်။ အရှေ့မြောက်ပြည်နယ်များကို ဖြတ်သန်းစီးဆင်းနေ‌သော ဗြဟ္မပုတ္တရမြစ်ရှိသော်လည်း ထိုမြစ်သည် ဘင်္ဂလား စစ်တကောင်းဒေသတွင် မြစ်ဝခံ၍ ဘူတန်နှင့် တိဗက်နိုင်ငံများသို့ ချီတက်စီးဝင်သွားသည်ဖြစ်ရာ ထိုမြစ်ကို အသုံးပြုလျက် ကုန်စည်ကူးသန်းရောင်းဝယ်၍ အဆင်မပြေဖြစ်ပြန်သည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့၏ အဆင်မပြေမှုကြောင့် ထိုမြစ်၏အရေးပါမှုက အရှေ့မြောက်ဒေသများကို ဆက်သွယ်ရာ၌ အသုံးမတည့်နိုင်ခြင်း ဖြစ်နိုင်သည်။ အထူးသဖြင့် အိန္ဒိယ-တရုတ် စစ်ရေးတင်းမာမှုဖြစ်လျှင် သော်လည်းကောင်း၊ အရှေ့မြောက်ဒေသက ခွဲထွက်ရေးတော်လှန်ပုန်ကန်မှုများ အင်အားကောင်းလာလျှင် သော်လည်းကောင်း ထောက်ပို့လမ်းကြောင်းအနေဖြင့် အိန္ဒိယနိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အားနည်းချက် ရှိနေမည်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်ရှိ ကုလားတန်မြစ်မှတစ်ဆင့် မစ်ဇူရန်ပြည်နယ် အစ်ဇိုးမြို့တော်သို့ဆက်သွယ်မည့် ကုလားတန်မြစ်ကြောင်းစီမံကိန်းက အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ ပထဝီနိုင်ငံရေးဆိုင်ရာလုံခြုံမှု အတွက်လည်းကောင်း လွန်စွာ အရေးပါလာခြင်းဖြစ်သည်။ 

အိန္ဒိယအရှေ့မြောက် ခုနစ်ပြည်နယ်သည် အိန္ဒိယ၏အစိတ်အပိုင်းများ ဖြစ်နေသော်လည်း ထိုဒေသရှိ ဒေသခံတိုင်းရင်းသားများမှာ များသောအားဖြင့် တိဘက်-မြန်မာနွယ်ဝင်များသာ ဖြစ်ကြသဖြင့် အိန္ဒိယပြည်မကြီးကလူများနှင့် ဘာသာရေးအရလည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း၊ ဓလေ့ထုံးစံအရလည်းကောင်း မတူကွဲပြားခြားနားကြသည်ဖြစ်ပေရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သီးခြားနိုင်ငံ ထူထောင်ခြင်းတို့အတွက် မကြာခဏ တောင်းဆိုတိုက်ပွဲဝင်ကြသည်များလည်း ရှိပေသည်။ အထင်ရှားဆုံးမှာ နာဂလန်းဒေသ၏ ခွဲထွက်ရေးလှုပ်ရှားမှုဖြစ်သည်။ နာဂလူမျိုးများသည် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့ လွတ်လပ်ရေးရကြသောအခါ နှစ်ဖက်စလုံး၌ ပါဝင်သွားကြရပေရာ အိန္ဒိယရှိ နာဂများကလည်း ခွဲထွက်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းကြသကဲ့သို့ မြန်မာနိင်ငံရှိ နာဂလူမျိုးများကလည်း ထိုနည်းတူ ကြိုးစားရုန်းကန်မှု ရှိနေကြပေသည်။ အိန္ဒိယဖက်က တော်လှန်သူများက မြန်မာဖက်ခြမ်းတွင် ခိုလှုံမှုများ ရှိသကဲ့သို့ မြန်မာဖက်က တော်လှန်သူများကလည်း အိန္ဒိယဖက်ခြမ်းတွင် ခိုလှုံမှုများရှိပေရာ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ တိုက်ခိုက်နှိမ်နင်းမှုများ မကြာမကြာရှိခဲ့ပေသည်။ နာဂလူမျိုးများကဲ့သို့ပင် မစ်ဇူလူမျိုးများသည်လည်း သီးခြားပြည်နယ်ထူထောင်ရန် ကြိုးစားမှုများရှိခဲ့ပေသည်။ ဤကဲ့သို့ ပထဝီနိုင်ငံရေးဆိုင်ရာ အားနည်းချက်များနှင့် မတူကွဲပြားမှုများကို ဖြေရှင်းရန်အတွက် အိန္ဒိယအစိုးရသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အခြေခံသော ဖက်ဒရယ်စနစ်(Decentralized Federalism)ကို ကျင့်သုံး၍ ဖြေရှင်းပေးခဲ့သော်လည်း လွတ်မြောက်ရေးတော်လှန်မှုများကို အတိုင်းအတာတစ်ခုထိ လျော့ချနိုင်ရုံသာရှိပြီး လုံးဝအမြစ်ပြတ်သွားအောင်ကား ပြုလုပ်နိုင်သည် မဟုတ်ပေ။ ထို့အပြင် အရှေ့မြောက်ခုနစ်ပြည်နယ်သည် တောင်တန်းဒေသများဖြစ်ခြင်း၊ ကုန်းတွင်းပိတ်ဖြစ်နေခြင်း၊ မတူကွဲပြားမှုကြောင့် လူမျိုးရေး အထိကရုဏ်းများ ဖြစ်ပေါ်ခြင်း၊ ခွဲခြားဆက်ဆံမှုများရှိခဲ့ခြင်း စသည့် မြောက်မြားစွာသော အကြောင်းအရင်းများကြောင့် အိန္ဒိယရှိ အခြားသောဒေသများထက် ဆင်းရဲလျက်ရှိရာ ဒေသခံများ၏ မကျေနပ်မှုများကို ပို၍ဖြစ်ပေါ်စေခဲ့ပေသည်။ ထို့ကြောင့် အိန္ဒိယအရှေ့မြောက်ခုနစ်ပြည်နယ်၏ စဉ်ဆက်မပြတ်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်အတွက် အရှေ့မြောက်ဒေသဖွံ့ဖြိုးရေးက ပထဝီနိုင်ငံရေးနှင့် ဒေသငြိမ်းချမ်းရေးအတွက်ပါ အရေးပါလျက်ရှိပေရာ ရခိုင်ပြည်ကို ဗဟိုပြုထားသော ကုလားတန်စီမံကိန်းက ပို၍အရေးပါလာပေသည်။ အရှေ့မြောက် ခုနစ်ပြည်နယ်တွင် လူဦးရေလေးဆယ့်လေး (၄၄ သန်း)ခန့် ရှိသဖြင့် မြန်မာနိုင်ငံလူဦးရေ နီးပါးမျှရှိသည် ဖြစ်ပေရာ ရခိုင်ပြည်အတွက် ဈေးကွက်ကောင်းတစ်ခုလည်း ဖြစ်လာနိုင်သည်။ ထိုဒေသသများတွင် ဆန်၊ ဂျံ၊ လူး၊ ဆပ် ပြောင်းများသာမက ဥယျာဉ်ခြံထွက်သီးနှံများဖြစ်သော သရက်၊ ငှက်ပျော၊ ပိန္နဲ၊ နာနတ်၊ လိမ္မော် စသော သစ်သီးဝလံမျိုးစုံလည်း ထွက်သည့်အတွက် စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသဟူ၍လည်း ဆိုရမည် ဖြစ်သည်။ ထို့အပြင် တောင်ပေါ်ဒေသများနှင့် ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက်များရှိသဖြင့် ရေအားလျှပ်စစ် ထုတ်ယူရန် အလားအလာကောင်းသော ဒေသဟူ၍လည်း ဆိုရမည်ဖြစ်ပေသည်။ မတူးဖော်ရသေးသော တွင်းထွက်ပစ္စည်းဖြစ်သော သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကျောက်မီးသွေး၊ ထုံးကျောက်၊  ဂရပ်ဖိုက်နှင့် အခြားမသိနိုင်သေးသော ပစ္စည်းများ တည်ရှိရာဒေသဟူ၍လည်း ဆိုကြသည်။ ဤသို့ ဖွံ့ဖြိုးတက်ရန် အလားအလာကောင်းများရှိ၍ မဖွံ့ဖြိုးသေးသော ထိုအရှေ့မြောက်ခုနစ်ပြည်နယ်၏ မဟာဗျူဟာရေထွက်ပေါက်သည်ကား ကုလားတန်မြစ်ပင်ဖြစ်ပေရာ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများ၏ အားတက်ဖွယ်ရာများဟူ၍ ဆိုရမည်ဖြစ်ပေသည်။ 

စစ်ပွဲဇာတ်ကြောင်းကို အသစ်ပြန်ရေးနေသည့် ညီနောင်မဟာမိတ်

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုင်ငံနှင့်အဝန်း တော်လှန်ရေးအရှိန် မြှင့်ဆောင်ရွက်လာကြပြီးနောက် သတိထား၍ကြည့်လျှင် နယ်စပ်ဂိတ်များနှင့် နယ်စပ်ဒေသများတွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ အများဆုံး ဖြစ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတော်လှန်ရေးတပ်ဖွဲ့များကို မြောက်ပိုင်းအုပ်စု၊ တောင်ပိုင်းအုပ်စု၊ အနောက်ပိုင်းအုပ်စု၊ အရှေ့ပိုင်းအုပ်စုနှင့် အလယ်ပိုင်းအုပ်စုဟူ၍  အနည်းဆုံး အုပ်စုကြီး (၅) စုခွဲ၍ ခွဲခြားရှုမြင်ရလျှင် ရှမ်းမြောက်ကိုအခြေပြုထားသော အရှေ့မြောက်အုပ်စုက ရှေ့သို့အရောက်ဆုံး ဖြစ်သည်ကို ရှုမြင်ရပေသည်။ တစ်ဖန် တရုတ်နှင့်နီးစပ်သောအုပ်စုနှင့် အနောက်ဖက်ကို အားသန်သောအုပ်စု ဟူ၍ ခွဲခြားရှုမြင်ရလျှင်လည်း တရုတ်နှင့်နီးစပ်သောအုပ်စုက ပို၍အင်အားကောင်းလျက် စုစည်းမှုရှိသည်ဟု ဆိုရမည်ဖြစ်ပေသည်။ သို့သော် ကေအိုင်အေနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကို တရုတ်က ကျောထောက်နောက်ခံပြုနေပြီလား ဟူ၍ဆိုရလျှင်လည်း ခိုင်လုံ၍ သိသာသော အထောက်အထားများကို တွေ့ရခြင်း မရှိပေ။ သို့သော် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းနှင့်တကွ အခြားသော အကျိုးစီးပွားများပါ စုပြုံတည်ရှိနေသော ရှမ်းမြောက်ဒေသအတွင်း အားကောင်းလာသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် တရုတ်၏ဆက်ဆံရေး အဆင်ပြေမှုရှိသည်ဆိုခြင်းကိုကား သံသယဖြစ်ဖွယ်ရှိမည် မဟုတ်ပေ။ တစ်ဖက်တွင် တရုတ်၏ အကျိုးစီးပွားများကြောင့်ပင် အပစ်အခတ်ရပ်စဲရန် ဖိအားပေးခံရခြင်းမျိုးလည်း ရှိလာနိုင်ပေသည်။ ကချင်နှင့် ရှမ်းမြောက်ဒေသတွင် ရက္ခိုင့်တပ်တော်၏ အာဏာစီးဆင်းမှုအရင်းအမြစ် တည်ရှိနေပေရာ ထိုတော်လှန်ရေးအောင်မြင်မှု၊ ဆုံးရှုံးမှုများကိုလိုက်၍ အကျိုးစီးပွားနှင့် ပေးဆပ်ရမှုများလည်း မလွဲမသွယ် ရှိနေပေလိမ့်မည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ နယ်စပ်ဂိတ်များနှင့် နယ်စပ်ဒေသများကို ကရင်နှင့် ကရင်နီတော်လှန်ရေး အဖွဲ့အစည်းများဖြစ်သော (KNU/KNLA, KA, KNDA)တို့ ဦးဆောင်သော တော်လှန်ရေး တပ်ပေါင်းစုများက ဦးဆောင်တိုက်ခိုက်နေကြပြီး ထိုင်းနယ်နိမိတ်ကို လွှမ်းမိုးနိုင်ရန် ကြိုးစားနေကြကြောင်း နားလည်ရပေသည်။ ထိုဒေသတွင်လည်း ရက္ခိုင့်တပ်တော်က ပါဝင်လျက်ရှိပေရာ ထိုင်းနယ်စပ်က ဖြစ်ပေါ်လာသော တော်လှန်ရေးအောင်မြင်မှုနှင့် ဆုံးရှုံးမှုများကလည်း ရက္ခိုင့်တပ်တော်အား ရိုက်ခတ်မည်ပင် ဖြစ်ပေသည်။ ရှမ်းမြောက်ဒေသမှသည် ကချင်ပြည်နယ်၊ ကချင်ပြည်နယ်မှသည် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်၊ ချင်းပြည်နယ်မှသည် ရခိုင်ပြည် စသည်ဖြင့် မြန်မာနိုင်ငံ၏ အနောက်ဖက်နှင့် အရှေ့မြောက်ဖက် ဒေသများတစ်လျှောက်အတွင်း စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများကိုသာ အောင်မြင်စွာဖော်ဆောင်နိုင်ပါက ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အိန္ဒိယ နယ်စပ်ဂိတ်များနှင့် နယ်စပ်ဒေသများကိုပါ ထိန်းသိမ်းထားနိုင်မည်ဖြစ်သဖြင့် ထိုနိုင်ငံများ၏ အသိအမှတ်ပြုဆက်ဆံမှုများကို မလွဲမသွယ်ရလာမည် ဖြစ်ပေသည်။ ထိုအခင်းအကျင်းကြီး တစ်ခုလုံး ဖြစ်ပေါ်လာမှသာ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုစီချင်းအတွက်သာမက စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက်ပါ မြန်ဆန်နိုင်မည်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ရက္ခိုင့်တပ်တော်အနေဖြင့် ထိုနေရာဒေသများအားလုံးတွင် တပ်ဖြန့်လျက် တိုက်ပွဲဝင်နေခြင်း ဖြစ်ပေလိမ့်မည်။ ရှမ်းမြောက်မှသည် ရခိုင်ပြည်အထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါက ထိုဒေသတစ်လျှောက်လုံး၏ ပင်လယ်ထွက်ပေါက်မှာလည်း ရခိုင်ကမ်းရိုးတန်းတွင် ဖြစ်လာနိုင်ပေသည်။ ထို့အပြင် ရက္ခိုင့်တပ်တော်သည် စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ဖြုတ်ချလျက် အစိုးရသစ် အစားထိုးနိုင်ရေးအတွက်လည်းကောင်း၊ ရခိုင်ဒေသ၏ ရေရှည်လုံခြုံရေး အကျိုးစီးပွားကို ကာကွယ်ရန်အတွက်လည်းကောင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ် အစရှိသော ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းဆက်စပ်နေသော ဒေသများအတွင်းရှိ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ များအား စစ်သင်တန်းပေးခြင်း၊ လက်နက်အင်အားနှင့် နည်းပညာအကူအညီပေးခြင်းအပြင် စစ်ရေးအကူအညီ ပေးခြင်းများကိုပါ လုပ်ဆောင်လျက်ရှိကြောင်းတို့ကို တပ်မွေးနေ့သဝဏ်လွှာ ပေးပို့ကြခြင်းမှလည်းကောင်း၊ ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်များမှလည်းကောင်း၊ ထိုတော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်၊ ဖော်ပြချက်များကလည်းကောင်း သိရပေသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည်တစ်ဝှမ်းလုံးက ပြည်သူများ၏ ထောက်ခံအားပေးမှုများကိုသာမက ရက္ခိုင့်တပ်တော် ဖော်ဆောင်နေသည့် တော်လှန်ရေး ရည်မှန်းချက်များအတွက် များစွာအထောက်အကူ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုရလဒ်များကို သွေး၊ ချွေး၊ အသက်ပေါင်းများစွာဖြင့် လဲယူနေရမည်သာ ဖြစ်ပေသည်။ 

ကုလားတန်စီမံကိန်း လုံခြုံရေးနှင့် မြန်မာ-အိန္ဒိယ နယ်စပ်လုံခြုံရေးအတွက် အရေးပါသော ပလက်ဝမြို့နယ် အထက်ပိုင်း ကုလားတန်မြစ်ကမ်းတွင်ရှိသော တရွန်အိုင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်မှု ၂၁ ရက်အကြာ ဒီဇင်ဘာလေးရက်နေ့တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း  မှတ်တမ်းဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်ကို တွေ့ရသည်။ ထို့အပြင် တစ်နေ့တည်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော နှုံးဘူးဗျူဟာကုန်းကိုလည်း စတင်တိုက်ခိုက်သည့်နေ့မှ ၂၇ ရက်အကြာ ဒီဇင်ဘာလ (၁၀) ရက်၊ ည(၁၁)နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ထိုဗျူဟာကုန်းများမှသည် ပလက်ဝမြို့အား ထိန်းချုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းလိမ့်မည် ဟုလည်း ခန့်မှန်းရပေသည်။  ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရခိုင်ပြည်တွင် တစ်ကျော့ပြန်ဖြစ်လာသော တိုက်ပွဲများ၌ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်ရှိ နယ်ခြားစောင့်စခန်း အများအပြားကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ကို တွေ့ရပေသည်။ ချင်းတော်လှန်ရေးတပ်ဖွဲ့များကလည်း နယ်စပ်အနီးရှိ လိုင်လင်းပီမြို့ အပါအဝင် မြို့ခုနစ်မြို့ခန့်အား သိမ်းပိုက်ခဲ့သည်များရှိသလို ကေအိုင်ကေနှင့် တော်လှန်ရေးပူးပေါင်းတပ် များကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခမ်းပတ်၊ ကောလင်းနှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားသည် များကိုကြည့်ရလျှင် အိန္ဒိယနယ်စပ်ဒေသများကို ထိန်းချုပ်ရန် ကြိုးစားနေသည်ဟု ခန့်မှန်းရပေသည်။ 

စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်ရှိ တရုတ်-မြန်မာ နယ်စပ်ဒေသများကို လက်လွှတ်ဆုံးရှုံးနေရသည့်အထဲတွင် အိန္ဒိယနယ်စပ်ဒေသများတွင်ပါ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို ခံနေရသဖြင့် နိုင်ငံရေးဂုဏ်သိက္ခာတင်မကဘဲ နှစ်နိုင်ငံဆက်ဆံရေးများတွင်ပါ များစွာထိခိုက်လာမည်ဖြစ်ရာ ပြန်လှန်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း (သို့မဟုတ်) အချိန်ဆွဲခြင်း၊ အပတ်အခတ်ရပ်စဲရန် ကြိုးပမ်းခြင်းများဖြင့် ထွက်ပေါက်ရှာရန် ကြိုးစားလာနိုင်ပေသည်။ သို့သော် ရက္ခိုင့်တပ်တော် အနေဖြင့်မူကား ထိန်းချုပ်ဒေသများတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် အခြားသော ပြည်သူ့ရေးရာကိစ္စများကိုပါ ကြိုတင်ပြင်ဆင်ပြီးမှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက် စစ်ကောင်စီက ပြန်လှန်ထိုးစစ်ဆင်မည် ဆိုလျှင်ပင် အဆင်သင့်အနေအထားမျိုးဖြင့် ရှိနေလိမ့်မည်ဟု ယူဆရပေသည်။ ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ်၏ “၂၀၂၅ တွင် အပြောင်းလဲကြီးတစ်ခုဖြစ်ရမည်”ဟု ကြိုတင်ကြွေးကြော်ထားချက်အရ လက်ရှိဖြစ်နေသော တိုက်ပွဲများသည် ထိုမျှော်မှန်းရလဒ်များသို့ ဦးတည်နေသော တိုက်ပွဲဖြစ်လိမ့်မည်ဟုလည်း ခန့်မှန်းရပေသည်။ အပြောင်းလဲကြီးတစ်ခုဆိုသော စကားအရ ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်၍ သီးခြားနိုင်ငံထူထောင်မည်လော၊ သို့တည်းမဟုတ် ကွန်ဖက်ဒရိတ်ပြည်အဖြစ် ပါဝင်ပြီး နိုင်ငံသစ်တစ်ခုကို စုပေါင်းထူထောင်ကြမည်လော၊ သို့တည်းမဟုတ် သိမ်းပိုက်ရရှိသော ထိန်းချုပ်နယ်မြေများဖြင့် လွတ်မြောက်နယ်မြေထူထောင်ကာ နယ်စပ်ကုန်သွယ်ရေး ကိစ္စများကို ဆောင်ရွက်မည်လော စသဖြင့် ဖြစ်နိုင်ခြေများစွာ ရှိနိုင်မည်ဖြစ်ပေသည်။ မည့်သို့ပင်ဖြစ်လာစေကာမူ လက်ရှိအနေအထားထက်မြင့်သော တော်လှန်ရေး၊ နိုင်ငံရေး အခင်းအကျင်းများသို့ ဦးတည်သွားနိုင်မည် ဆိုသည်ကိုကား သံသယဖြစ်ဖွယ်မရှိဟု သုံးသပ်ရမည်သာ ဖြစ်ပေသည်။ နိုင်ငံတစ်ခု၏ ပထဝီအနေအထားသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မူဝါဒများကဲ့သို့ ပြောင်းလဲ၍ရသည်မျိုး မဟုတ်ဘဲ သဘာဝ၏ပေးထားချက်ဖြစ်ပေရာ ပထဝီကြောင့်ပင် လွတ်လပ်ရေးဆုံးရှုံးရတတ်သလို ပထဝီကြောင့်လည်း လွတ်လပ်ရတတ်ပေသည်။ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲဝင်နေရသော ရခိုင်လူမျိုးအပေါင်းတို့ အတွက်မူကား ရခိုင်ပြည်၏ ပထဝီပေးထားချက်များက အားနည်းချက်ထက်စာလျှင် အားသာချက်က ပိုများသည်ဟုပင် သုံးသပ်ရမည်ဖြစ်ပေသည်။ ကြားကာလတွင် ယာယီအပစ်ရပ်ခြင်းမျိုး ရှိခဲ့လျှင်ပင် ရခိုင်တစ်မျိုးသားလုံး ရည်မှန်းထားသော အိမ်မက်ကို မပြည့်သမျှ ထိုအပစ်ရပ်ခြင်းသည် တာရှည်ခံနိုင်လိမ့်မည် မဟုတ်ဟုပင် သုံးသပ်တင်တင်ပြလိုက်ရပါသည်။

ရခိုင်ဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေများကို လေ့လာဆန်းစစ်ခြင်း အပိုင်း (၁)

ရခိုင်ဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေများကို လေ့လာဆန်းစစ်ခြင်း အပိုင်း (၂)

ဗီဒီယိုများ