အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမအတွက် အရေးပါလာသည့် နွေဦးတော်လှန်ရေး

အဝေးပြေးလမ်းသည် လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေ အများအပြားမှ ဖြတ်သန်းသွားရသည်ဖြစ်ရာ ဤလမ်းမကြီးကို အောင်မြင်စွာ ဖောက်လုပ်ရေးအတွက် အိန္ဒိယသည် NUG ၊ သူနှင့် ဆက်စပ်သည့် PDFs/EAOs တို့နှင့် အနီးကပ်ဆက်ဆံရေး ထူထောင်ရန် လိုအပ်လျက်ရှိသည်။

By Admin 30 Sep 2023

မြန်မာကိုဖြတ်သန်းမည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းကြော။ ဓာတ်ပုံ - Wikipedia
မြန်မာကိုဖြတ်သန်းမည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းကြော။ ဓာတ်ပုံ - Wikipedia

DMG (ဘာသာပြန်ဆောင်းပါး)

နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ ကပ်ဘေးကြီးတို့ကြောင့် လစ်ဟာမှုများ နှစ်ပေါင်းများစွာ ရှိခဲ့ပြီးနောက်တွင် အိန္ဒိယသည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်နိုင်မည့်နည်းလမ်းများအား ဦးစားပေး ဆောင်ရွက်နေပြီဖြစ်သည်။ ဤလမ်းမကြီးသည် သုံးနိုင်ငံအား အဝေးပြေးလမ်းဖြင့် ချိတ်ဆက်ရန် ရည်ရွယ်ထားသည့် ဒေသတွင်း ဆက်သွယ်ရေးစီမံကိန်းကြီးတစ်ခု ဖြစ်သည်။ 

၁၄၀၀ ကီလိုမီတာရှည်လျားသည့် အဝေးပြေးလမ်းမကြီးသည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ မိုရေးမြို့တွင် စတင်သည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အဆုံးသတ်သည်။ စီမံကိန်းကြီးအား ၂၀၀၂ ခုနှစ်ကကျင်းပသည့် အိန္ဒိယ၊ မြန်မာ၊ ထိုင်း ဝန်ကြီးများအဆင့် အစည်းအဝေး တစ်ခုတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့သည့် ဤစီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ စီမံကိန်း၏ ပထမအစိတ်အပိုင်းဖြစ်သော အိန္ဒိယ-မြန်မာ မိတ်ဆုံလမ်းမကြီး (India-Myanmar Friendship Road) သည် တမူး-မိုရေး နယ်စပ်တွင် စတင်ပြီး ထိုမှတစ်ဆင့် စစ်ကိုင်းတိုင်းရှိ ကလေးမြို့နှင့် ကလေးဝမြို့များအထိ ရှည်လျားသည်။

အိန္ဒိယနှင့်မြန်မာ နယ်ခြားမျှဉ်းသည် တိုင်းရင်းသားလူမျိုးစု အများအပြား၏ မူရင်းဒေသများပေါ်တွင် ပိုင်းခြားထားခြင်းဖြစ်ရာ အဆိုပါဒေသခံ တိုင်းရင်းသားများသည် နှစ်နိုင်ငံလုံးထဲတွင် ရှိနေကြသည်။ ဤအချက်သည် ခက်ခဲရှုပ်ထွေးသည့် အနေအထားဖြစ်သည်။ အဆိုပါဒေသများတွင် နယ်မြေအငြင်းပွားမှုများနှင့် တိုင်းရင်းသားအုပ်စုများအကြား ပဋိပက္ခများသည်  နှစ်နိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခဲ့ကြသည့် ၁၉၄၇-၄၈ ကာလတည်းက ရှိလာခဲ့ခြင်း ဖြစ်သည်။ မြန်မာနှင့် အိန္ဒိယ အရှေ့မြောက်ဒေသရှိ လူမျိုးရေးပဋိပက္ခများသည် ဆိုခဲ့ပါ သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်း ပြီးစီးရေးတွင် ခလုတ်ကန်သင်းများ ဖန်တီးလျက်ရှိလေသည်။

မဏိပူရပြည်နယ်၌ ကူကီးနှင့် ကသဲ (မေ့ထေး - Meitei) လူမျိုးအကြား မကြာသေးမီကမှ ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်း၏ ဂယက်ရိုက်ခတ်မှုများနှင့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတို့သည် ဤစီမံကိန်းအတွက် အဓိက အတားအဆီးများ ဖြစ်သည်။ နေပြည်တော်ရှိ စစ်ခေါင်းဆောင်များသည် အိန္ဒိယကဲ့သို့သော နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။ သို့သော်လည်း နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခနှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာခဲ့သည့် နွေဦးတော်လှန်ရေးတို့ကြောင့် အာဏာပိုင်များသည် သူတို့ဆန္ဒရှိနေသည့် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို မမျှော်လင့်နိုင်ဘဲ ဖြစ်နေရသည်။ အမှန်တကယ်လည်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်း၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုသည် အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် မြန်မာ့နွေဦးတော်လှန်ရေး၏ နယ်မြေထိန်းချုပ်ရေး ပဋိပက္ခများပေါ်တွင် ကြီးမားစွာ မူတည်လျက်ရှိသည်။

အိန္ဒိယနှင့် မြန်မာအကြားတွင် ရှုပ်ထွေးသော နောက်ခံသမိုင်းကြောင်းရှိသည်။ နယူးဒေလီသည် မြန်မာနိုင်ငံတွင် ကျောင်းသားများ ဦးဆောင်ခဲ့သည့် ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကို အတိအလင်း ထောက်ခံခဲ့သည့် တစ်ခုတည်းသော အာရှနိုင်ငံဖြစ်သည်။ တစ်ချိန်တည်း၌ ထိုစဉ်က မြန်မာစစ်အစိုးရ၏ သွေးစွန်းသော နှိမ်နင်းမှုကိုလည်း တရားဝင် ရှုတ်ချခဲ့သည်။ ဤလုပ်ရပ်သည် အိန္ဒိယ၏ အစဉ်အလာ နိုင်ငံခြားရေး မူဝါဒတွင် အရင်းခံသည်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် မှတ်ယူထားသည့် အိန္ဒိယသည် မြန်မာသာမက ကမ္ဘာတစ်ဝန်းလုံးရှိ ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံသင့်သည် ဟူသောမူဝါဒဖြစ်သည်။ သို့စေကာမူ များမကြာမီ ၁၉၉၁ မှ ၉၆ အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ် ပီဗီနာရာဆင်းမားရာအို လက်ထက်တွင်မူ အိန္ဒိယ၏ ချဉ်းကပ်မှုပုံစံမှာ ပြောင်းလဲသွားခဲ့သည်။ အိန္ဒိယသည် မြန်မာနှင့်ဆက်ဆံရေးတွင် လက်ငင်းအကျိုးစီးပွား ဦးစားပေး မူဝါဒဘက်သို့ ပြောင်းလဲကျင့်သုံးခဲ့သည်။ 

အိန္ဒိယသည် ပုံစံတူ လက်ငင်းအကျိုးစီးပွားဝါဒကို ၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းတွင်လည်း ကျင့်သုံးလျက်ရှိသည်။ နယူးဒေလီသည် လက်နက်အပါအဝင် စစ်သုံးပစ္စည်းများနှင့် စီးပွားရေးစီမံကိန်းများ ပေးအပ်ကာ မြန်မာစစ်အစိုးရကို ထောက်ခံအားပေးလျက် ရှိသည်။ အိန္ဒိယသည် အငြင်းပွားနေရသည့် ကုလားတန် ဘက်စုံစီမံကိန်းကြီးကိုလည်း စစ်အစိုးရနှင့် ပူးပေါင်း အကောင်အထည်ဖော်နေသည်။ ဤစီမံကိန်းသည် အိန္ဒိယအရှေ့ပိုင်းရှိ ကာလကတ္တား ဆိပ်ကမ်းကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းနှင့် ဆက်သွယ်ပေးမည့် အစီအစဉ်ဖြစ်သည်။ ၂၀၂၃ ခုနှစ် မေလတွင် နှစ်ဘက်စစ်တပ်အရာရှိများသည် အဆိုပါစီမံကိန်းဖွင့်ပွဲကို မြန်မာနိုင်ငံအနောက်ဘက်ရှိ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပခဲ့ကြသည်။

၂၀၂၃ ခုနှစ် ဧပြီလတွင်လည်း အိန္ဒိယသည် မြန်မာအတွက် လမ်းပြမြေပုံ ၁.၅ (Track 1.5) လုပ်ငန်းစဉ် ဟုခေါ်သည့် အစည်းအဝေးတစ်ရပ်ကို လက်ခံကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးက အပြုသဘောဆောင်သည့် ဆွေးနွေးချက်များ မြှင့်တင်ဆောင်ရွက်ရေး ရည်မှန်းချက် ပြည့်မီခဲ့သည်ဟု ဆိုသည်။ သို့စေကာမူ အိန္ဒိယအစိုးရသည် အဆိုပါအစည်းအဝေးသို့ မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ အခြားသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား အမှန်တကယ် ကိုယ်စားပြုသူများကို မဖိတ်ခေါ်ခဲ့ပေ။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာစစ်တပ်အတွက် လက်နက်စီးဆင်းမှုများ ရပ်တန့်ရေးအဆိုကို မဲခွဲဆုံးဖြတ်ရာ အိန္ဒိယသည် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်အတူ ဆန္ဒမဲမပေးဘဲ နေခဲ့သည်။ အိန္ဒိယသည် ရခိုင်ရှိ အကျဉ်းစခန်းများ အတွက် ဆောက်လုပ်ရေးကုန်ကျစရိတ်ကို ပေးအပ်ခြင်းဖြင့် မြန်မာစစ်တပ်၏ မွတ်ဆလင်ဒုက္ခသည်များအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆန်သည့် မူဝါဒများနှင့် ပတ်သက်၍လည်း ကူညီထောက်ပံ့ရန် လိုလားသော ဆန္ဒ ပြသလျက်ရှိသည်။ အဆိုပါစခန်းများသည် ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များ ပြန်ရောက်လာလျှင် ထားမည့်နေရာများ ဖြစ်သည်။ ထို့ထက်ပို၍ အိန္ဒိယသည် ၎င်း၏ စစ်ရေးလှုပ်ရှားမှုများတွင် မြန်မာစစ်အုပ်စုကို ပါဝင်ခွင့် ပြုထားသလို မြန်မာစစ်တပ်အရာရှိများနှင့်လည်း မကြာခဏဆိုသလို တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လေ့ရှိသည်။

ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်း နှစ်ခုလုံးသည် နယူးဒေလီ၏ အရှေ့မျှော်မူဝါဒ (Act East Policy) ၏ အစိတ်အပိုင်းများ ဖြစ်သည်။ အိန္ဒိယသည် ဒေသတွင်း တရုတ်သြဇာကို ထိန်းညှိမှု၏ တစိတ်တပိုင်းအဖြစ် နိုင်ငံအရှေ့မြောက်ပိုင်းမှ ယဉ်ကျေးမှုချင်း လူမျိုးချင်း နီးစပ်သည့် အရှေ့တောင်အာရှ နိုင်ငံများနှင့် အရှေ့မျှော်ဝါဒဖြင့် ဆက်ဆံရေးထူထောင်ကာ ခြေကုပ်ယူရန် မျှော်လင့်ထားသည်။ သို့စေကာမူ အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပြဿနာများအတွက် အဖြေတစ်ရပ်မရှိလျှင် အိန္ဒိယအနေဖြင့် ထိထိရောက်ရောက် ‘အရှေ့မျှော်’ နိုင်မည်မဟုတ်ပေ။ တကယ်တမ်းလည်း အိန္ဒိယသည် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ပြည်တွင်းရေးများကို မဖြေရှင်းဘဲ၊ မြန်မာနိုင်ငံရှိ တော်လှန်ရေးအုပ်စုများနှင့် တိုက်ရိုက် ညှိနှိုင်းမဆောင်ရွက်ဘဲ ‘အရှေ့မျှော်’နိုင်မည့်ပုံ ရှိမနေပေ။

နယူးဒေလီနှင့် ယုံကြည်မှုတည်ဆောက်နိုင်မည့် NUG ၏ ရွှေအခွင့်အရေး

ရှေ့၌ ဖော်ပြခဲ့သကဲ့သို့ပင် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံလုံး၌ ရှိနေသော လုံခြုံရေးအရ စိုးရိမ်ရမှုနှင့် လူမျိုးရေးတင်းမာမှုများသည် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမ စီမံကိန်း အကောင်အထည် ဖော်ရေးအတွက် လက်ရှိအဟန့်အတား ဖြစ်နေရသည်။ မြန်မာဘက်မှ နိုင်ငံရေး ဗြောင်းဆန်ထမှုနှင့် လုံခြုံရေးအခြေအနေများသည် အထူးစိုးရိမ်ပူပန်နေရဆဲ ဖြစ်သည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ်တို့ရှိ အိန္ဒိယစီမံကိန်း အများစုသည် တိုးတက်မှုမရှိ ဖြစ်နေသည်။ အဆိုပါဒေသများသည် သက်တမ်းကြာခဲ့ပြီဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အာဏာသိမ်းမှုနောက်ပိုင်း အသစ်ထွက်ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ အမြောက်အမြားနှင့် မြန်မာစစ်အုပ်စုအကြား ပဋိပက္ခမီး တောက်လောင်နေသည့်နေရာများ ဖြစ်သည်။

PDF တပ်များသည် အတိုက်အခံ NUG အစိုးရ၏ လက်နက်ကိုင် အဖွဲ့ခွဲဖြစ်သည်။ ဤတပ်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းယူခဲ့သည့် စစ်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် တစ်နိုင်ငံလုံးတွင် ဖြန့်ကြက်တည်ရှိသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ PDF တပ်ရင်း ၃၀၀ ခန့် ဖွဲ့ထားနိုင်ပြီဖြစ်ကာ တပ်ရင်းတစ်ခုလျှင် တပ်ဖွဲ့ဝင်အရေအတွက် ၂၀၀ မှ ၅၀၀ အထိရှိသည်ဟု NUG က ပြောထားသည်။ NUG နှင့် မပူးပေါင်းရသေးသည့် ဒေသန္တရတပ်များ (LDFs) လည်း အများအပြား ရှိနေသေးသည်။

အဝေးပြေးလမ်းမ စီမံကိန်း၏ မြန်မာပြည်တွင်း ဖောက်လုပ်မည့် အစိတ်အပိုင်း ကြီးကြီးမားမားသည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ EAO နှင့် PDF ထိန်းချုပ်နယ်မြေများမှ ဖြတ်သန်းရမည် ဖြစ်သည်။ အဆိုပါဧရိယာများသည် စစ်အုပ်စုကို ခုခံတော်လှန်မှုများ၏ ဗဟိုချက်မ နေရာများ ဖြစ်ကြသလို စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား အပြင်းထန်ဆုံး တိုက်ပွဲအချို့ ဖြစ်ပွားရာနေရာများလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် PDF တပ်ဖွဲ့ဝင်များက ယာဉ်များကို တိုက်ခိုက်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ဟန့်တားနှောင့်ယှက်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ တိုက်ခိုက်မှုအကြိမ်ရေသည် ၂၀၂၃ ခုနှစ်တွင် ပိုများလာခဲ့သည်။ ဤအချက်က အဝေးပြေးလမ်းမတွင် လုပ်နေကြသည့် ကန်ထရိုက်တာ၊ အလုပ်သမား၊ ယာဉ်မောင်း စသူတို့သာမက ပြီးစီးသွားသည့် လမ်းကြောအပိုင်းများတွင် ဖြတ်သန်းသွားလာကြသည့် ခရီးသည်များ၏ လုံခြုံရေးအတွက်ပါ စိုးရိမ်ရသည့် အခြေအနေသို့ ဦးတည်သွားစေသည်။ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေသာ အဖြေမထွက်ဘဲ ယခုအတိုင်း ရှိနေပါက စီမံကိန်းကြီး ပြီးစီးအောင် ဆောင်ရွက်ရေးမှာလည်း ဖြစ်နိုင်ဖွယ်ရာ မရှိတော့ပေ။

လတ်တလော ဖြစ်ပွားနေသည့် မဏိပူရပြည်နယ်မှ မငြိမ်သက်မှုများသည်လည်း စီမံကိန်းအတွက် ထပ်ဆောင်းပေါ်ပေါက်လာသည့် စိန်ခေါ်မှုများ ဖြစ်သည်။ မဏိပူရပြည်နယ်သည် မြန်မာနှင့် နယ်စပ်ချင်း ၃၉၈ ကီလိုမီတာ ထိစပ်နေသည်။ ဤဧရိယာသည် တောတောင်ထူထပ်ပြီး နိုင်ငံအရှေ့မြောက်ဘက်တွင် လှုပ်ရှားကြသည့် အိန္ဒိယလက်နက်ကိုင် အဖွဲ့ အများစု၏ ဌာနချုပ်နှင့် လေ့ကျင့်ရေးစခန်းများသည် မြန်မာပြည်ထဲတွင် ရှိကြသည်။ ဤတည်ရှိမှုသည် နယူးဒေလီနှင့် နေပြည်တော် နှစ်ဘက်လုံးအတွက် တောက်လျှောက် ဦးနှောက်စားနေရသော ပြဿနာများအနက် တစ်ခုဖြစ်လေသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုက်ရှန်ကာသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး (MGC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဘန်ကောက်တွင်ရှိနေစဉ် ဝန်ကြီးသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးတွဲစီမံကိန်းများ၊ အထူးသဖြင့် သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းအရေးနှင့် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့သည်။

 “တော်တော်ခက်ခဲတဲ့ စီမံကိန်းတစ်ခုပါပဲ။ အဓိကကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့်ပါ” ဟု ဂျိုက်ရှန်ကာက အဆိုပါခရီးစဉ်အတွင်း မှတ်ချက်ပြုခဲ့သည်။
“ပြီးတော့ လက်ရှိ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးတွေထဲက တစ်ခုက ဒီစီမံကိန်းကို ဘယ်လို ပြန်စမလဲ၊ ဘယ်လို အဖြေရှာမလဲ၊ ဘယ်လိုလုပ်ဆောင်မလဲ အစရှိတဲ့ နည်းလမ်းတွေ ရှာဖွေဖို့ပါ။ ဘာလို့လဲဆိုတော့ စီမံကိန်းရဲ့ အစိတ်အပိုင်းအကြီးတွေက တည်ဆောက်နေပြီဖြစ်လို့ပါပဲ” ဟုလည်း သူကဆိုသည်။

စီမံကိန်းပြီးစီးရေးအတွက် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ထောက်ရှုခြင်းအားဖြင့် အိန္ဒိယသည် မြန်မာအပေါ်ထားရှိသည့် ၎င်း၏ မူဝါဒနှင့် ချဉ်းကပ်မှုများကို အရေးတကြီး ပြန်လည်သုံးသပ်သင့်နေပြီ ဖြစ်သည်။ အဝေးပြေးလမ်းသည် လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေ အများအပြားမှ ဖြတ်သန်းသွားရသည်ဖြစ်ရာ ဤလမ်းမကြီးကို အောင်မြင်စွာ ဖောက်လုပ်ရေးအတွက် အိန္ဒိယသည် NUG ၊ သူနှင့် ဆက်စပ်သည့် PDFs/EAOs တို့နှင့် အနီးကပ်ဆက်ဆံရေး ထူထောင်ရန် လိုအပ်လျက်ရှိသည်။ ဤအနေအထားက ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်မှာ နယူးဒေလီအနေဖြင့် မြန်မာစစ်အုပ်စုနှင့်သာ လုပ်ကိုင်နေ၍ မရတော့ဘဲ ဆက်ဆံရေးလက်တံကို ကျယ်ကျယ်ဖြန့်ကာ EAO၊ NUG တို့ကိုပါ ချဉ်းကပ်သင့်ပြီ ဆိုသည့်အချက်ဖြစ်သည်။ အပြန်အလှန်အားဖြင့် NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များအတွက်လည်း ယခုအချိန်သည် နယူးဒေလီနှင့် ပူးပေါင်းဆောင်ရွက်ပြီး ယုံကြည်မှု စတင်တည်ဆောက်ရမည့် ရွှေအခွင့်အရေး ရရှိထားသည့် အခိုက်အတန့်ပင် ဖြစ်ပေသည်။

The Dioplomat တွင်ဖော်ပြထားသည့် The Indian Trilateral Highway Project and Myanmar’s Spring Revolution ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ 

ဗီဒီယိုများ