မြန်မာနိုင်ငံသားများ တိုက်ခန်းအဝယ်များသည့် ဘန်ကောက်မှာ ကွန်ဒိုစီမံကိန်းကြီးနှစ်ခု အသစ်ဆောက်မည်

ကွန်ဒိုမီဒီယံ စီးပွားရေးလုပ်ငန်းစု ဥက္ကဌ ကာမိုသစ်ဘန်ရုန်ချာတူဒန်က အဆိုပါနေရာနှစ်ခု၌ ကွန်ဒိုတိုက်ခန်း ဝယ်လိုအားသည် အထူးမြင့်တက်နေသည်ဟု ကုမ္ပဏီဘက်က ယုံကြည်ထားသည်ဟု ဆိုသည်။

By Admin 08 Nov 2023

အိုက်ကွန်စီယမ် စျေးဝယ်စင်တာရှေ့တွင် ဆောက်လုပ်မည့် ကွန်ဒိုတိုက်ခန်း နမူနာ သရုပ်ဖော်ပုံစံ။
အိုက်ကွန်စီယမ် စျေးဝယ်စင်တာရှေ့တွင် ဆောက်လုပ်မည့် ကွန်ဒိုတိုက်ခန်း နမူနာ သရုပ်ဖော်ပုံစံ။

AP Thailand ဆောက်လုပ်ရေးကုမ္ပဏီကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အိုက်ကွန်စီယမ် (Iconsiam) စျေးဝယ်စင်တာနှင့် Victory Monument အောင်ပွဲကျောက်တိုင် အနီးဧရိယာများတွင် ထိုင်းဘတ်ငွေ ၇.၃ သန်းခန့်တန်ဖိုးရှိမည့် ကွန်ဒိုစီမံကိန်းအသစ် နှစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကွန်ဒိုမီဒီယံ စီးပွားရေးလုပ်ငန်းစု ဥက္ကဌ ကာမိုသစ်ဘန်ရုန်ချာတူဒန်က အဆိုပါနေရာနှစ်ခု၌ ကွန်ဒိုတိုက်ခန်း ဝယ်လိုအားသည် အထူးမြင့်တက်နေသည်ဟု ကုမ္ပဏီဘက်က ယုံကြည်ထားသည်ဟု ဆိုသည်။

“အိုက်ကွန်စီယမ်ဆိုတာ ကမ္ဘာမှာနာမည်ကြီး စျေးဝယ်စင်တာကြီးပဲ။ ဒီစီမံကိန်းထဲက ပြည်ပဝယ်ယူခွင့် သတ်မှတ်ချက်အထိ အပြည့်အဝ ရောင်းချရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်မတို့ဆီက အဓိက ဝယ်ယူနေကြတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်၊ ထိုင်ဝမ်နဲ့ မြန်မာတို့ ပါဝင်ပါတယ်” ဟု သူကပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှု၊ ဘန်ကောက်မြို့၏ ဆေးဝါးကုသရေး အချက်အချာနေရာအဖြစ် တည်ရှိနေမှုတို့ကြောင့် မြန်မာနိုင်ငံသားများသည် ဘန်ကောက်တွင် တန်ဖိုးမြင့်ကွန်ဒိုများ အကြီးအကျယ် ဝယ်ယူလျက်ရှိကြသည်ဟု ကာမိုသစ်က ပြောကြားသည်။

၎င်းတို့၏ ဝယ်ယူမှုများသည်လည်း ယခင်က ဝယ်ပြီး အခန်းတက်သည့် ပုံစံမှ ယခုအခါ မဆောက်မီတည်းက ကြိုတင်ဝယ်ယူထားသည့် ကြိုပွိုင့်ပုံစံသို့ ပြောင်းလာနေသည်ဟုလည်း သူမက ပြောသည်။

Rhythm Charoennakhon Iconic ကွန်ဒိုစီမံကိန်းကို လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင်ရန် AP ကုမ္ပဏီက စီစဉ်ထားသည်။ အိုက်ကွန်စီယမ်နှင့် မျက်နှာချင်းဆိုင်တွင် ဆောက်လုပ်မည့် အဆိုပါကွန်ဒို စီမံကိန်းကြီးတွင် အထပ်ပေါင်း ၂၉ ထပ်၌ တိုက်ခန်းပေါင်း ၅၇၇ ခန်း ပါဝင်မည်ဖြစ်သည်။ 
တိုက်ခန်းစျေးနှုန်းသည် ထိုင်းဘတ် သန်း ၄၀ (မြန်မာငွေ လက်ရှိပေါက်စျေးဖြင့် သိန်းပေါင်း နှစ်သောင်းကျော်ခန့်) အထိပေါက်မည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြချက်အရ သိရသည်။

Victory Monument အနီးတွင် ဆောက်လုပ်မည့် ကွန်ဒိုစီမံကိန်း၌ အထပ်ပေါင်း ၂၉ ထပ်တွင် တိုက်ခန်း ၆၀၀ နီးပါးပါဝင်ပြီး တစ်ခန်းလျှင် ထိုင်းဘတ် ၂.၈ သန်းနီးပါး (မြန်မာကျပ်ဖြင့် သိန်းပေါင်း ၁၆၀၀ ခန့်) ထိ စျေးရှိနိုင်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ