မြန်မာနှင့်ထိုင်းမှတစ်ဆင့် အရှေ့တောင်အာရှ နိုင်ငံများသို့ လျှပ်စစ်ရောင်းရန် အိန္ဒိယစိတ်ကူးနေ

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကဲ့သို့သော အရှေ့အလယ်ပိုင်း နိုင်ငံများသို့ လျှပ်စစ်ရောင်းချရန် အိန္ဒိယက ကြိုးပမ်းနေချိန်၌ ယခုသတင်းထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

By Admin 21 Jul 2023

ဓာတ်ပုံ - Getty Images
ဓာတ်ပုံ - Getty Images

အိန္ဒိယနိုင်ငံသည် မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံများအား လျှပ်စစ်ရောင်းချရန် ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း အဆိုပါအကြောင်းအရာနှင့် နီးစပ်သည့် ရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဒေသတွင်းသံတမန်ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်နေသည့် နယူးဒေလီသည် နိုင်ငံတွင်း ကြီးထွားလာနေသည့် ပြန်ပြည့်မြဲစွမ်းအင်ကို အသုံးချရန် စဉ်းစားနေခြင်းလည်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

“အိန္ဒိယရဲ့ ပင်မဓာတ်အားလိုင်းကို မြန်မာနဲ့ ချိတ်ဆက်နိုင်ပြီ ဆိုတာနဲ့ ဒီလိုင်းကို ပိုအားကောင်းအောင် လုပ်ပြီး ထိုင်းနိုင်ငံ၊ အဲဒီကတစ်ဆင့် အာရှအရှေ့ပိုင်းဆီ ပို့လွှတ်နိုင်မှာပါ” ဟု အရာရှိတစ်ဦးက ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကဲ့သို့သော အရှေ့အလယ်ပိုင်း နိုင်ငံများသို့ လျှပ်စစ်ရောင်းချရန် အိန္ဒိယက ကြိုးပမ်းနေချိန်၌ ယခုသတင်းထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ယခုသတင်းအား စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိလေးဦး အပါအဝင် သတင်းရင်းမြစ် ငါးခုထံမှ စုံစမ်းရရှိခြင်း ဖြစ်ကာ ဤအစီအစဉ်ကို အများပြည်သူသိအောင် ချမပြရသေးသဖြင့် ရင်းမြစ်များအနေဖြင့် အမည်မဖော်လိုကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက်သည် အပြီးသတ်ဆောင်ရွက်ရန်အတွက် အနည်းဆုံး လေးနှစ်ခန့်အထိ ကြာမြင့်နိုင်သည်ဟု စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားသည်။

အိန္ဒိယ ဗဟိုစွမ်းအင်ဝန်ကြီးဌာနသို့ ရိုက်တာ၏ မေးမြန်းစုံစမ်းမှုအား ဌာနဘက်မှ ချက်ချင်း တုံ့ပြန်ဖြေကြားမှု မရှိပေ။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ဒေသတွင်း၌ တရုတ်သြဇာ လွှမ်းမိုးလာသည်ကို ပြန်လည်တွန်းထုတ်သည့်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေး၊စီးပွားရေး ကူးလူးဆက်ဆံမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယသည် ၎င်း၏ ရေအားလျှပ်စစ်စွမ်းအင် ပမာဏကို လက်ရှိထုတ်လုပ်နေသည့် ၁၇၇ ဂီဂါဝပ်မှ အဆင့်တိုးမြှင့်ပြီး ၂၀၃၀ ခုနှစ်တွင် ၅၀၀ ဂီဂါဝပ်အထိ ထုတ်လုပ်ရန် စီစဉ်ထားသည်။ တိုးချဲ့ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားတွင် ဆိုလာစွမ်းအင်မှ ထုတ်လုပ်သည့် ပမာဏလည်း အများအပြားပါဝင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ်တွင် ကျင်းပခဲ့သည့် G20 ဝန်ကြီးများအစည်းအဝေးတွင် အိန္ဒိယစွမ်းအင်အရာရှိများသည် နိုင်ငံအချို့နှင့် သီးခြား အုပ်စုဆွေးနွေးပွဲများ ပြုလုပ်ကာ ဒေသတွင်း စွမ်းအင်ကွန်ရက် ဆက်သွယ်မှုများ တိုးချဲု့ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါကွန်ရက်နှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဘဏ်များနှင့် လုပ်ငန်းရှင်များ၏ အထောက်အကူများ ရရှိရေးအတွက် အဓိကကျသည့် G20 အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုများ မြင်တွေ့ခဲ့ရသည်ဟုလည်း အရာရှိတစ်ဦးက ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယသည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ဘူတန်နိုင်ငံတို့ကိုလည်း လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချနေပြီဖြစ်ကာ မြန်မာနိုင်ငံသို့လည်း ပမာဏအနည်းငယ် ရောင်းချလျက်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ