စစ်ရှုံး၍ နယ်မြေများဆုံးရှုံးနေရသော်လည်း ရွေးကောက်ပွဲအိပ်မက် စစ်ကောင်စီမက်နေဆဲ

မြန်မာတစ်နိုင်ငံလုံးတွင် စစ်ရေးပဋိပက္ခများဖြစ်ပွားနေပြီး မြို့အများအပြားကို လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် ရွေးကောက်ပွဲအိပ်မက်ကို ဆက်လက်မက်နေဆဲဖြစ်သည်ကို တွေ့မြင်ရသည်။

By Admin 08 May 2024

စစ်ရှုံး၍ နယ်မြေများဆုံးရှုံးနေရသော်လည်း ရွေးကောက်ပွဲအိပ်မက် စစ်ကောင်စီမက်နေဆဲ

DMG ၊ မေ ၈

မြန်မာတစ်နိုင်ငံလုံးတွင် စစ်ရေးပဋိပက္ခများဖြစ်ပွားနေပြီး မြို့အများအပြားကို လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် ရွေးကောက်ပွဲအိပ်မက်ကို ဆက်လက်မက်နေဆဲဖြစ်သည်ကို တွေ့မြင်ရသည်။

မေလ ၇ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဌ Samdech Akka Moha Sena Padei Techo HUN SEN နှင့် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 

 “လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်‌ရေး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုများ” ကို စစ်ခေါင်းဆောင်က ကမ္ဘောဒီယားလွှတ်တော် ဉက္ကဌထံ ဆွေးနွေးခဲ့သည်။ 

ယင်းအပြင် ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲအတွေ့အကြုံများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီသည် ၎င်းနှင့်အဆင်ပြေသည့် နိုင်ငံများနှင့်တွေ့ဆုံတိုင်း ရွေးကောက်ပွဲကိစ္စကို ပြောဆိုနေသော်လည်း နိုင်ငံအနှံ့တိုက်ပွဲများကြောင့် ရွေးကောက်ပွဲအိပ်မက်မှာ လုံးဝမဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။

“စစ်ခေါင်းဆောင်မှာက ဒီထက်ပြောစရာစကား မရှိတော့ဘူး။ တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူခဲ့တဲ့နောက် တစ်နိုင်ငံလုံးမှာ စစ်ရေးရှုံးနိမ့်နေတဲ့အချိန် သူနဲ့အဆင်ပြေတဲ့ နိုင်ငံတွေနဲ့တွေ့တိုင်း ရွေးကောက်ပွဲကျင်းပပါ့မယ်လို့ ကတိတွေအထပ်ထပ်ပေးနေတာ။ တစ်နိုင်ငံလုံးမှာ စစ်ရေးပြင်းထန်နေပြီး သူ့တပ်မှာတောင် လူသစ်တွေ အတင်းစုဆောင်းနေရချိန်မှာ ဘယ်ဒေသကို ရွေးကောက်ပွဲအတွက် လုံခြုံရေးပေးနိုင်မှာလဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကို ပြန်ကျင်းပမည်ဟု စစ်ကောင်စီက အကြိမ်ကြိမ် ပြောဆိုနေသော်လည်း  ၃ နှစ်ကျော်ကြာသည့်တိုင် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ မသေချာသေးပေ။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲစာရင်းများ မှန်ကန်ခိုင်မာစေရေး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့ဝင်များ အစည်းအဝေးတွင် ပြောဆိုခဲ့သေးသည်။ 

စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် အချို့ဒေသများ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသေးကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကရင်နီ၊ စစ်ကိုင်း စသည့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် တပ်စခန်းများအပါအဝင် မြို့နယ်အများအပြားကို လက်လွှတ်ရှုံးနေရသည်။

သို့သော် လက်နက်ကိုင်တော်လှန်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့်ဒေသများ၌ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည့်သူ့စစ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ပြည်သူလူထုနှင့်အတူလက်တွဲပြီး ဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။

ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူစနစ် (Frirst Past the Post–FPTP)အစား အချိုး ကျ ကိုယ်စားပြုစနစ် (Proportional Representation–PR)ဖြင့် ပြန်ကျင်းပသွားမည်ဟု စစ်ကောင်စီက ဆိုထားသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။

ဗီဒီယိုများ