တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဟု စစ်ခေါင်းဆောင်ပြော

တိုင်းပြည်တည်ငြိမ်လျှင် ရွေးကောက်ပွဲကို လုပ်နိုင်သည့်အပိုင်းလိုက်အနေဖြင့် ပြန်ကျင်းပမည်ဟု နိုင်ငံတဝန်းတွင် တပ်စခန်း၊ မြို့များ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေရသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

By Admin 25 Mar 2024

မတ်လ ၁၈ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ TAR-TASS Media နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS 
မတ်လ ၁၈ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ TAR-TASS Media နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS 

ရန်ကုန်တိုင်းဒေသကြီး ဇေယျာသီရိဗိမာန် သံတမန်ခန်းမတွင် မတ်လ ၁၈ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ TAR-TASS Media နှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“တိုင်းပြည်တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့။ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့    ရှိပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။ 

ရွေးကောက်ပွဲပြုလုပ်နိုင်ရန် မဲစာရင်းမှန်ကန်ရေးကိုလည်း ယခုနှစ်အတွင်း အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီက ဆိုသည်။ 

“လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးက ကျနော်တို့ရဲ့ နောက်ဆုံးရည်မှန်းချက်ဖြစ်တယ်။ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲ ပြန်လုပ်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ အာဏာသိမ်းမှု ၃ နှစ်ကျော်ကြာသည့်တိုင် စစ်ကောင်စီက လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို ပြန်ကျင်းပပေးမည်ဟု အကြိမ်ကြိမ် ပြောဆိုနေခြင်း ဖြစ်သည်။ 

ရခိုင်က နိုင်ငံရေးသမားတစ်ဦးက “စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက အပြောသက်သက်ပဲရှိတော့တယ်။ ဖြစ်လာနိုင်ခြေမရှိဘူး။ အခုက တစ်နိုင်ငံလုံးရဲ့ စစ်ရေးအရှိန်က ပိုပြီးမြင့်လာတယ်။ မြို့တွေ၊ တပ်စခန်းတွေကိုလည်း တော်လှန်ရေးအဖွဲ့တွေက ဆက်တိုက်သိမ်းပိုက်နေတယ်။ ဆိုတော့ ရွေးကောက်ပွဲကျင်းပရေးက အထမမြောက်နိုင်ဘူး” ဟု သုံးသပ်သည်။ 

လက်ရှိတွင် နိုင်ငံအနှံ့ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ စစ်ကိုင်း စသည့် တိုင်းနှင့်ပြည်နယ်တို့တွင် စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းများအပါအဝင် မြို့နယ်အများအပြားကို လက်လွှတ်ရှုံးနေရသည်။ 

ဗီဒီယိုများ