သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ရှိ 

နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ မေလ ၅ တွင် ၈၈ ဦး၊ မေလ ၃ ရက်နှင့် ၄ ရက်တွင် ၄၄ ဦး နတ်မြတ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ လက်နက်ချပြီး ခိုလှုံခွင့်တောင်းခဲ့ခြင်းဖြစ်ကြောင်း Dhaka Tribune က ဖော်ပြသည်။ 

By Admin 06 May 2024

ဓာတ်ပုံ - Dhaka Tribune
ဓာတ်ပုံ - Dhaka Tribune

DMG ၊ မေ ၆

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် အရှုံးနှင့်ကြုံတွေ့နေရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးခိုလှုံမှုများ မကြာခဏရှိနေပြီး ယခုလသုံးရက်အတွင်း ၁၃၂ ဦးထိ ခိုလှုံလာကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ 

နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ မေလ ၅ တွင် ၈၈ ဦး၊ မေလ ၃ ရက်နှင့် ၄ ရက်တွင် ၄၄ ဦး နတ်မြတ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ လက်နက်ချပြီး ခိုလှုံခွင့်တောင်းခဲ့ခြင်းဖြစ်ကြောင်း Dhaka Tribune က ဖော်ပြသည်။ 

“အရင်တုန်းက စစ်တပ်က ပြောနေကျစကားတစ်ခုရှိတယ် Standard Army ပေါ့။ အခုတော့ တိုက်ရည်ခိုက်ရည် လုံးဝမရှိတော့ဘဲ ထွက်ပြေးစစ်တပ်အဆင့်ကို ရောက်သွားပြီ။ မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတိုင်းကို ထွက်ပြေးနေကြတာပဲ။ စစ်ကောင်စီတပ်ရဲ့ စွမ်းရည်နဲ့သိက္ခာကိုတော့ ဘယ်အိမ်နီးချင်နိုင်ငံတွေကမှ အထင်ကြီးတော့မှာ မဟုတ်ဘူး” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အများအပြားမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံမှုများ ရှိနေသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက စစ်ကောင်စီထံ ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ 

ယင်းအပြင် ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလာသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်အပါအဝင် ၃၃၀ ကို ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သည်။ 

မောင်တောခရိုင်တွင် အာရက္ခတပ်တော်(AA)၏ ထိုးအရှိန်မြင့်ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ တပ်ရင်း၊ တပ်မ၊ ဌာနချုပ် ၄ ခုထက်မနည်းကို AA က သိမ်းပိုက်ခဲ့သည်။ 

ဗီဒီယိုများ