သံတွဲတိုက်ပွဲတွင် စစ်ကောင်စီက ဒေသခံစစ်သင်တန်းဆင်း‌များအား အသုံးပြုနေ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီက အတင်းအဓမ္မခေါ်ယူကာ စစ်သင်တန်းပေးထားသည့် ဒေသခံများအား တိုက်ပွဲများတွင် အသုံးပြုတိုက်ခိုင်းနေကြောင်း သိရသည်။

By Admin 04 May 2024

ပဲခူးတိုင်းက စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းတစ်ခု။
ပဲခူးတိုင်းက စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းတစ်ခု။

DMG ၊ မေ ၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီက အတင်းအဓမ္မခေါ်ယူကာ စစ်သင်တန်းပေးထားသည့် ဒေသခံများအား တိုက်ပွဲများတွင် အသုံးပြုတိုက်ခိုင်းနေကြောင်း သိရသည်။ 

သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးရှိ နန်းချောင်း၊ ပြားချောင်း၊ ရေကောက်၊ ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း စသည့် ကျေးရွာများအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ ဧပြီလ ၂၆ ရက်မှစပြီး တိုက်ပွဲပြင်းထန်နေသည်။

နန်ချောင်းကျေးရွာမှ ဒေသခံတစ်ဦးက “သံတွဲမြို့နဲ့ အနီးအနားက ရွာသားတွေကို စစ်သင်တန်းတက်ရမယ် ဆိုပြီးတော့ အတင်းအဓမ္မခေါ်တယ်။ နောက်ပြီး စစ်တိုက်ခိုင်းတယ်။ တိုက်ပွဲအတွင်းမှာ သေသွားတဲ့သူတွေရှိသလို ထွက်ပြေးသွားသူတွေလည်း ရှိတယ်”  ဟု ပြောသည်။ 

နိုင်ငံအနှံ့စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြဌာန်းလိုက်သည်။ 

ယင်းနောက် စစ်ကောင်စီသည် သံတွဲဒေသခံများအား အတင်းအဓမ္မစုဆောင်းကာ ငပလီအခြေစိုက် အမှတ် (၅၅) ခြေမြန်တပ်ရင်းတွင် ဖေဖော်ဝါရီနှင့် မတ်လအတွင်းက စစ်သင်တန်းပေးပြီးနောက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် ကင်းစောင့်ခိုင်းခြင်းများ၊ စစ်မြေပြင်သို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။ 

သံတွဲတိုက်ပွဲမစတင်မီ ဧပြီလ ၉ ရက်က ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းသည် သံတွဲမြို့သို့ သွားရောက်ပြီး စစ်မှုထမ်းဉပဒေအကြောင်းကို ဟောပြောရင်း ပြည်သူများကို မက်လုံးပေးဆွဲဆောင်ခဲ့သည်။

“ဒေသခံတွေကို နှစ်ပတ်သင်တန်းပေးပြီး စစ်တိုက်ခိုင်းနေတာပါ။ မြို့ပေါ်နဲ့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ကင်းစောင့်ခိုင်းတာလည်း ရှိပါတယ်။ မြို့ပေါ်မှာတော့ စစ်ကောင်စီက အစစ်အဆေးတင်းကြပ်ထားတယ်” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် ယနေ့ မေလ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်ကြောင်း သိရသည်။ 

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားဆဲ မြို့နယ်များရှိ အရပ်သားပြည်သူများကို အတင်းအဓမ္မစုဆောင်းကာ စစ်သင်တန်းပေးပြီး တိုက်ပွဲများတွင် အသုံးပြုနေခြင်း ဖြစ်သည်။

ဗီဒီယိုများ