စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ်က သတိပေးလိုက်တဲ့အပေါ် ဘယ်လိုရှုမြင်ကြသလဲ

“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ၊ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်”ဟု ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့(မေလ ၆ ရက်)တွင် ၎င်း၏လူမှုကွန်ရက် တွစ်တာမှတစ်ဆင့် သတိပေး ပြောကြားလိုက်သည်။

06 May 2022

DMG ၊ မေ ၆
(Vox Pop)

“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ၊ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်”ဟု ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့(မေလ ၆ ရက်)တွင် ၎င်း၏လူမှုကွန်ရက် တွစ်တာမှတစ်ဆင့် သတိပေး ပြောကြားလိုက်သည်။

လက်ရှိအခြေအနေအရ စစ်ကောင်စီမှ ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်အင်အားတိုးချဲ့မှုများ၊ နယ်မြေချဲ့ထွင်မှုများ လုပ်ဆောင်နေသည်ကို ဒေသခံများထံမှတစ်ဆင့်ကြားသိနေရသည်။ ယင်းအပြင် AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးမှုများလည်းမှာလည်း ဆက်တိုက်ရှိလာနေပြီး ယင်းအထဲ မွတ်ဆလင်များပါ ဖမ်းဆီးခံရမှုရှိလာသည်ကို တွေ့ရသည်။

တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးကိုဆောင်ရွက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံလိုကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဖိတ်ခေါ်ထားသည်။

ထိုအခြေအနေမျိုးတွင် AA စစ်ဦးစီးချုပ်က သတိပေးပြောကြားလိုက်ခြင်းမှတစ်ဆင့် ရခိုင်မှာ သေနတ်သံများ ပြန်လည်ထွက်ပေါ်လာမည်လော၊ ရခိုင်ပြည်၏ စစ်ရေး၊နိုင်ငံရေးအခြေအနေ မည်သို့ဖြစ်ပေါ်လာမည်ကို နယ်ပယ်အသီးသီးမှ နိုင်ငံရေးသမားများ၏အမြင်များကို DMG မှ မေးမြန်းတင်ဆက်ပေးလိုက်ရသည်။

ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ကတော့ ဒုတိုင်းမှူးကိုသတိပေးတာပေါ့။ သူ့သတိပေးချက်က ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့၊ သင့်တော်တဲ့ တုန့်ပြန်မှုပဲလို့ယူဆပါတယ်။ သူတို့တွေကို အဲလိုပြောပေးမှ တော်ရာကျတယ်။ မဟုတ်ရင် သူတို့အနေနဲ့ အဟုတ်မှတ်ပြီးတော့ လျှောက်ပြီးလုပ်တာကိုင်တာတွေရှိလာတယ်။ အဲဒီတော့ သူပြောနေတဲ့နယ်မြေဆိုတာက AA နဲ့ ၂၀၁၇ တုန်းက အပြင်းအထန်တိုက်ခဲ့တဲ့နေရာတွေလေ။ အဲဒီမှာ သူတို့ တော်တော်အကျအဆုံး များလာတယ်။ အခုမှ အဲဒီဒေသတွေမှာ လုံခြုံရေးဘာညာဆိုပြီး လာပြောနေတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ချင်းပြည်နယ်တော့မပါဘူးပေါ့နော်။ ရခိုင်မြောက်ပိုင်းဆိုတာက AA ကနေ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသလုပ်ငန်းတွေရော လုပ်နေတဲ့အချိန်။ အဲလိုအချိန်မှာ အဲဒီစကားတွေ လာပြောတဲ့အခါမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ကတော့ သူ့စိတ်ထဲမှာဒေါပွတာတွေရှိမယ်။ နောက်ပြီး တုန့်ပြန်ချင်တဲ့စိတ်အလိုအလျောက် အဲဒီသဘောထားနဲ့ပြောလာတာ။ အဲစကားလုံးတွေအနေနဲ့ကြည့်ရင် နည်းနည်းပြင်းထန်မှုတော့ ရမှာပေါ့။ တိုင်းမှူးဆိုတဲ့သူတွေက အဲလောက်ပြောပေးမှ တော်ရာကျတာ။ ပြောထိုက်တယ်၊ ပြောသင့်တယ်လို့ယူဆပါတယ်။

ဦးအောင်သောင်းရွှေ (ပြည်သူ့လွှတ်တော်အမတ်ဟောင်း)

ကျနော်တို့မြင်တာက ဒါကမြေပြင်အနေအထားမှာ တကယ်လိုအပ်လို့ ပြောတာဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် ရာဇသံပေးတယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက တည်ငြိမ်အေးချမ်းဖို့အတွက် သူတို့ပြောနေတဲ့အချိန်ကာလမှာ သူတို့လုပ်နေတဲ့လုပ်ရပ်က အပြောနဲ့အလုပ်က တခြားစီဖြစ်နေတယ်။ အဲဒါကြောင့်လိုအပ်လို့ ဗိုလ်ချုပ်(ထွန်းမြတ်နိုင်)က အဲလိုပြောတာဖြစ်တယ်။ အဲတာ စစ်အစိုးရကို ရာဇသံ ပေးတာလည်းဖြစ်တယ်။ ဒီကိစ္စက တော်တော်အရေးကြီးတယ်။ မုတ်သုံရာသီမှာ မိုးခြိမ်းလိုက်သလိုဘဲ ခံစားရတယ်။ ဒီလိုသတိပေးလိုက်တာက မြေပြင်မှာလည်း စစ်ပွဲတွေဖြစ်လာနိုင်တယ်။ အဓိက စစ်အစိုးရဘက်က လုပ်နေတဲ့အရာက ပြည်သူလူထုအပေါ်မှာ မတရား၊ တည်ငြိမ်မှုတွေကို ပျက်ပြားအောင်၊ ယုံကြည်မှုတွေပျက်ပြားအောင် သူတို့လုပ်ဆောင်နေတဲ့လုပ်ရပ်တွေအပေါ်မှာ ဖြစ်ပေါ်လာတဲ့ တန်ပြန်အကျိုးသက်ရောက်မှုလို့မြင်တယ်။ အခုငြိမ်းချမ်းရေးလို့ စကားပြောနေပေမယ့် သူတို့လုပ်ရပ်က မမှန်ကန်တော့ အဲဒီလိုဖြစ်လာတာလို့ သုံးသပ်တယ်။

ကိုထွန်းကြည် ၊ အမှုဆောင်ဒါရိုက်တာ (ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးစင်တာ)

အခုနောက်ပိုင်းက ထူးခြားလာတာတွေက ရခိုင်မှာအပစ်အခတ်ရပ်စဲထားပြီး နောက်ပိုင်းမှာ အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးမှုတွေရပ်တန့်နေခဲ့တယ်။ အခုတစ်နှစ်ကျော်အကြာ ၂၀၂၂ မှာ ပြန်ပြီးဖမ်းဆီးတာ တွေ့လာရတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် တောင်ကုတ်ကတစ်ယောက်ရှိတယ်။ နောက်ပြီး စစ်တွေကမွတ်ဆလင်တွေလည်း ဖမ်းဆီးခံရတာတွေတွေ့ရတယ်။ အဲဒါက လက်ရှိယာယီငြိမ်းချမ်းနေတဲ့ အခြေအနေတစ်ရပ်ကို စစ်ကောင်စီက ပြန်ပြီးအရေးတယူလုပ်လာတယ်လို့ သုံးသပ်လို့ရတယ်။ ဆိုတော့ နဂိုကအလွတ်သဘောဆွေးနွေးတာတွေရှိတယ်လို့ ဗိုလ်ချုပ်ကိုတိုင်က အင်တာဗျူးတွေမှာ ပြောကြားတာတွေရှိတယ်။ ငြိမ်းချမ်းရေးကတော့ သေချာတဲ့ ကတိကဝတ်မရှိဘူး။ အလွတ်သဘော ဆွေးနွေးမှုကနေတစ်ဆင့် ယာယီအပစ်အခတ်ရပ်စဲထားတာဖြစ်တယ်။ ဆိုတော့ တည်ငြိမ်နေတဲကာလကို အခုဗိုလ်ချုပ်ရဲ့အသိပေးတဲ့အခြေအနေက မဖျက်ဆီးဖို့ပြောဆိုတာဖြစ်တယ်လို့ နားလည်တယ်။

စောစံငြိမ်းသူ ၊ ဥက္ကဋ္ဌ ၊ (ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့)

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အခုလိုပြောလာတဲ့အခြေအနေက တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ဘယ်လိုတင်းမာမှု အခြေအနေရှိနေတယ်ဆိုတာကို ကျွန်မတို့အနေနဲ့မသိနိုင်ဘူး။ ဒါပေမဲ့ အတွင်းရေးအခြေအနေအရ တစ်ဖက်နဲ့တစ်ဖက်ကြားမှာ အနေအထားတစ်ခုရှိနေလို့လားဆိုတာကိုပဲ ပြောနိုင်မယ်။ အတွင်းကျကျ အခြေနေတွေကိုတော့ ကာယကံရှင်တွေပဲသိမယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုစကားမျိုးပြောလာတယ်ဆိုရင်တော့ ဒီဟာက စိတ်ခေါ်မှုတစ်ရပ်လို့ပြောလို့ရတယ်။ ဆိုတော့ နောက်ကြောင်းပြန်တိုက်ခိုက်မှုလိုမျိုးဖြစ်လာရင် ပြည်သူလူထုအတွက်လည်း စိုးရိမ်စရာဖြစ်စေတယ်။

ဒါကြောင့် ပြည်သူလူထုတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ဖြစ်စေ ပြန်ပြီးတိုက်ပွဲဖြစ်လာမှာကိုတော့ တစ်ယောက်မှမျှော်လင့်မှာမဟုတ်ဘူး။ အားလုံးက တည်ငြိမ်အေးချမ်းတဲ့ ဒေသတစ်ခုဖြစ်ပေါ်လာရေးကို ပြည်သူလူထုက မျှော်လင့်နေတယ်။ ဒီဟာကတော့ သက်ဆိုင်တဲ့အုပ်စုနှစ်ခုကြားက အခြေအနေပေါ်မူတည်တယ်။ ဒါကတော့ အလားအလာကောင်းတဲ့ အနေထားတော့မဟုတ်ဘူးပေါ့။ ပိုမိုဆိုးရွားတဲ့အနေအထားမျိုး ဖြစ်လာနိုင်တဲ့အနေအထားရှိတယ်လို့ယူဆတယ်။ နှစ်ဖက်တင်းမာလာနိုင်လားဆိုတော့ တစ်ဖက်က စိန်ခေါ်မှုလိုမျိုးဖြစ်နေတယ်ဆိုရင် တစ်ဖက်ကရော ဘယ်လိုပုံစံလာမလဲဆိုတာရှိသေးတယ်။ နှစ်ဖက်တင်းမာလာနိုင်တယ်လို့လည်း ပြောလို့ရတယ်။ ဒီအခြေအနေမျိုးသာပေါ်လာလို့ရှိရင် တင်းမာလာနိုင်ပြီး နောက်ထပ်တစ်ဖန် စစ်ပွဲဖြစ်လာပြန်ဖြစ်လာနိုင်တဲ့ အနေအထားမျိုးဖြစ်ပေါ်လာနိုင်ခြေရှိတယ်။ ဖြစ်လာရင်လည်း ပိုဆိုးတဲ့အနေအထားနဲ့ ဖြစ်လာမယ်လို့ ယူဆတယ်။

ဦးဖိုးစံ (ပြည်နယ်လွှတ်တော်အမတ်ဟောင်း)၊ ကျောက်ဖြူမြို့နယ်

ငြိမ်းချမ်းလုပ်ချင်တယ်ဆိုရင် ငြိမ်းချမ်းအောင်လုပ်ရင် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မယ်။ အဲဒါက ဘယ်သူ့မှာ တာဝန်ရှိလဲဆိုရင် အစိုးရမှာတာဝန်ရှိတယ်။ အရင်အစိုးရကလည်းပဲ ငြိမ်းချမ်းရေးလုပ်မယ်ဆိုပြီး အကြိမ်ကြိမ်ပြောခဲ့ပြီးတော့ တိုက်ပွဲပဲဖြစ်လာခဲ့တယ်။ အခုလက်ရှိ စစ်ကောင်စီအစိုးရလည်း ငြိမ်းချမ်းရေးလုပ်မယ်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ကမ်းလှမ်းထားတယ်။ ဆိုတော့ ငြိမ်းချမ်းရေးကို သူတို့(စစ်ကောင်စီ)အမှန်တကယ်လုပ်ချင်တယ်ဆိုရင် လိုလိုလားလားလုပ်လို့ရတယ်။ မလုပ်ချင်တဲ့အတွက် ဟိုသွားသည်သွား လက်နက်အင်အားပြပြီးတော့ ခြိမ်းခြောက်လာလို့ရှိရင်တော့ ငြိမ်းချမ်းရေးလုပ်လို့ မရဘူးလို့မြင်တယ်။

ဗီဒီယိုများ