ရက္ခိုင့်တပ်တော်၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပေါ် ဒေသခံများအမြင်

လက်ရှိ ရက္ခိုင့်တပ်တော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ဆောင်ချက်များမှာ ဒေသခံတို့အတွက် ယုံကြည်အားကိုးလောက်သည့် အနေအထားသို့ ရောက်ရှိနေပြီလား? 

By Admin 10 Apr 2023

ရက္ခိုင့်တပ်တော်၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပေါ် ဒေသခံများအမြင်

DMG (Vox Pop)

၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် လူငယ် ၂၆ ဦးနှင့် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာတွင် စတင်တည်ထောင်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)သည် ယနေ့တွင် တော်လှန်ရေးသက်တမ်း (၁၄)နှစ် ရှိခဲ့ပြီဖြစ်သည်။  

လက်နက်အင်အား၊ လူအင်အား အခက်အခဲများစွာဖြင့် ရခိုင်ပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော AA သည် မြန်မာစစ်တပ်နှင့် ပြင်းထန်သော စစ်ပွဲများကို ကြံ့ကြံ့ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် ရခိုင်ပြည်အနှံ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့ကို ဒေသတွင်း စင်ပြိုင်လုပ်ကိုင်နေသည်။

လက်ရှိ ရက္ခိုင့်တပ်တော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ဆောင်ချက်များမှာ ဒေသခံတို့အတွက် ယုံကြည်အားကိုးလောက်သည့် အနေအထားရှိနေပြီလား? ULA/AA ၏ အားနည်းချက်၊ အားသာချက်များအပေါ် ရခိုင်ပြည်က မတူကွဲပြားသည့် မျိုးနွယ်စု၊ နိုင်ငံရေးသမား၊ ဒေသခံ စသည်တို့၏ စကားသံများကို DMG က စုစည်းတင်ဆက်လိုက်သည်။

အရှင်နန္ဒသာရ (မြတန်ဆောင်းဆရာတော်)

ရက္ခိုင့်တပ်တော်ရဲ့ ၁၄ နှစ်တာ ဒီကာလအတွင်းမှာ တော်လှန်ရေးအနေနဲ့ သူရောက်သင့်တဲ့ အတိုင်းအတာထက်ကို ပိုပြီးတော့ ရောက်နေတယ်လို့ မြင်တယ်။  ရခိုင့်တော်လှန်ရေးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် တောင်မင်းကျော်ထွီးက စပြီး ဒီကနေ့ မျက်မှောက်ခေတ်ထိ AA လောက် ရှေ့ကိုရောက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်း မရှိခဲ့ဘူး။ နောက်ပြီး ဒီမြန်မာနိုင်ငံအထဲမှာ အခြားသော ကချင်၊ ကရင် တော်လှန်ရေး အဖွဲ့တွေနဲ့ တိုင်းတာလို့ရှိရင် “ ဝ ” တစ်ဖွဲ့ကလွဲလို့ ကျန်တဲ့အဖွဲ့အစည်းနဲ့တိုင်းတာရင် AA ရှေ့ကို အများကြီးရောက်နေတယ်။ 

AA ရဲ့ အားနည်းချက်ကတော့ လက်ရှိ AA က ဦးဆောင်ပြီးသွားနေတဲ့ လမ်းမှာ နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုနိုင်တဲ့ အစိုးရဖြစ်ဖို့ကတော့ မလွယ်နိုင်သေးပါ။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး တခြားကဏ္ဍတွေမှာ ဒီထက်စနစ်ကျတဲ့ အုပ်ချုပ်ရေးမျိုး၊ တရားစီရင်ရေးမျိုးတို့ကိုတော့ အမှားနည်းအောင်လုပ်ဖို့ လိုနေပါသေးတယ်။

ဦးအောင်ခင် (မွတ်ဆလင်လူမျိုး - စာရေးဆရာ)

အားသာချက်အနေနဲ့က ရခိုင်ဒေသမှာရှိတဲ့ မွတ်ဆလင်တွေ အထူးသဖြင့် ရခိုင်ပြည်မြောက်ပိုင်းက မွတ်ဆလင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကတည်းက  ဗမာပြည်အစိုးရဆီမှာ ခွဲခြားဆက်ဆံခံရပြီးတော့ ၁၉၉၂ ကစလို့ ပြည်မကိုတောင်မှ သွားလာလို့မရတာတွေ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေ မရတာတွေ၊  ပြီးတော့ ရခိုင်ပြည်က မြို့နယ်တွေကိုမပြောနဲ့ ဥပမာ - ဘူးသီးတောင်တို့ မောင်တောတို့မှာဆိုရင် တစ်ရွာကနေ တစ်ရွာကိုတောင် သွားခွင့်မရှိဘဲ ကန့်သတ်ထားတာတွေ ရှိတယ်ပေါ့။ 

အခု ရက္ခိုင့်တပ်တော် ပေါ်လာတဲ့အချိန်မှာကျတော့ တပ်တော်ကပြောခဲ့တဲ့ စကားအတိုင်းပဲ ရခိုင်မှာရှိတဲ့ ရခိုင်ရော၊ မွတ်ဆလင်ရော တခြားလူမျိုးစုတွေကပါ အားလုံးကို တန်းတူရည်တူ၊ မခွဲခြားဘဲ ဆက်ဆံပြောဆိုလာခဲ့ကြတာကို တွေ့မြင်ရပါတယ်။ 

အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ရခိုင်ဒေသမှာရှိတဲ့ မွတ်ဆလင်တွေဟာ တစ်ရွာကနေတစ်ရွာကို သွားရေးလာရေးအားလုံးမှာ ရခိုင်ညီအစ်ကိုတွေကလည်း မေတ္တာရှေ့ထားပြီးတော့ နားလည်ပေးလာတာကို တွေ့ရတော့ တော်တော်လေး အဆင်ပြေပါတယ်။ 

ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ဒေသမှာ လုံးဝ အုပ်ချုပ်ရေးအာဏာ အပြည့်အဝရှိသေးတဲ့ အဖွဲ့အစည်း မဟုတ်သေးဘူးဆိုတော့ သူတို့လည်း အတိုင်းအတာတစ်ရပ်ထိတော့ လုပ်ပေးနိုင်သလောက် လုပ်ပေးနေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း ULA/ AA ရဲ့ အုပ်ချုပ်ရေးအောက်မှာရှိတဲ့ ဒေသတွေက အောက်ခြေပိုင်းမှာ နည်းနည်းလေးလောက် ဥပဒေပိုင်း စည်းလွတ်ကမ်းလွတ် မဖြစ်ဖို့ကိုတော့ ထိန်းသိမ်းပေးထားဖို့ လိုအပ်ပါတယ်။

အမ်းသားကြီး (မင်းပြားဒေသခံ)

ရက္ခိုင့်တပ်တော်ရဲ့ ဒီ ၁၄ နှစ်တာကာလမှာ အားနည်းချက်၊ အားသာချက်တွေကို ပြောရမယ်ဆိုရင် အားနည်းချက်တွေလည်း အများကြီး ရှိမှာပေါ့။ 

ဒါပေမယ့် အားသာချက်တွေကို ပြောရမယ်ဆိုရင် ကျနော်တို့ ရခိုင်ပြည်၊ ရခိုင်လူမျိုးအတွက် ရခိုင်သားအစိုးရတစ်ရပ်ဟာ အဓိက လိုပါတယ်။ ဒီလို ရခိုင်သားအစိုးရတစ်ရပ် အဓိက လိုနေတာကို ရခိုင်လူမျိုးတွေက တောင့်တနေတဲ့ အချိန်မှာ ULA/AA ပေါ်လာပြီးတော့ ရခိုင်ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ပတ်သက်တဲ့ တရားစီရင်ရေးတွေ၊ အုပ်ချုပ်ရေးတွေ တခြားသော အရေးကြီးတဲ့အရာတွေကို ထမ်းဆောင်လာနိုင်တဲ့အပေါ်မှာ ရခိုင်ပြည်သူ တစ်လောက်အနေနဲ့ အားရမိသလို ဂုဏ်လည်းယူပါတယ်။ လုပ်နေသူတွေကိုလည်း လေးစားပါတယ်။ 

အားနည်းချက်တွေကလည်း ရှိမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အစိုးရတိုင်းမှာ အားနည်းချက် အားသာချက်ကတော့ ရှိတတ်ကြတာပါပဲ။ သို့သော်လည်း ရခိုင်ပြည်၊ ရခိုင်ပြည်သူ့အစိုးရအနေနဲ့ အားနည်းချက်တွေကို အမြဲတမ်း အားသာချက်ဖြစ်အောင် ကြိုးစားနေတာကိုလည်း မြင်ရတဲ့အတွက် ကျနော်ကတော့ အားနည်းချက်တွေကို သိပ်မမြင်ဘူးလို့ ပြောချင်ပါတယ်။

ဦးတင်ငွေ (ကမန်အမျိုသားတိုးတက်ရေးပါတီ)

ULA/ AA အနေနဲ့ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူတို့ရဲ့ ပြတ်သားမှုနဲ့ အတွေးအခေါ်တွေကလည်း ကောင်းတယ်။ နောက်တစ်ခါ ရခိုင်ပြည်သူလူထုအပေါ်မှာလည်း ဖမ်းစားနိုင်တယ်။ နိုင်ငံရေးရည်မှန်းချက်တွေကို ချပြနိုင်တယ်။ ဒီလိုအတွေးအခေါ်တွေ စီးဆင်နေတာမို့လို့ လက်ရှိ ULA/AA ရဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး အားရစရာကောင်းတာကို ကျနော်တို့တွေ့ရပါတယ်။

အရင်ခေတ်အဆက်ဆက် တော်လှန်ရေးသမားတွေထက်စာရင် အတွေးအခေါ်တွေ မြင့်သလို ရည်းမှန်းချက်တွေလည်း တော်တော်လေးမြင့်တယ်။ နောက်တစ်ခါ ရခိုင်ပြည်ထဲမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုတွေ အတွက်လည်း အားကိုးလောက်တဲ့ အနေအထားတစ်ခုကို တွေ့မြင်ရတယ်။ 

အခု စစ်ရေးကာလ နားတဲ့အခါကျတော့ နယ်မြေစိုးမိုးမှုတွေကို ဖိပြီးတော့ လုပ်နေရတယ်။ အဓိကတော့ တရားဥပဒေစိုးမိုးရေးတွေကို လုပ်နေတယ်။ ဒီလို တရားစီရင်ရေးကဏ္ဍတွေကို ဆောင်ရွက်ရတဲ့ အနေအထားတွေမှာ အစပြုကာလတွေဖြစ်တဲ့အတွက် အခက်အခဲတွေတော့ ရှိနိုင်တာပေါ့၊ လက်ရှိ ပြည်သူတွေထဲမှာလည်း အားမလိုအားမရဖြစ်ရတဲ့ စီရင်မှုတွေလည်း ရှိတာပေါ့။ 

သို့သော်လည်း ဘာပဲပြောပြော လက်ရှိ ULA/AA အနေနဲ့ ၂၀၂၂ မှာကြုံတွေ့ခဲ့တဲ့ အခက်အခဲတွေကို ၂၀၂၃ မှာ ကျော်ဖြတ်နိုင်ပြီးတော့ ပြည်သူတွေအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်သွားနိုင်မယ် ဆိုတာ ကျနော်ယုံကြည်ပါတယ်။  

ကိုကျော်မင်းခိုင် (လူငယ်တက်ကြွလှုပ်ရှားသူ)

၂၀၁၅  ရွေးကောက်ပွဲအလွန် ရခိုင်ပြည် အစိုးရဖွဲ့တဲ့အခါ NLD ရဲ့အားနည်းချက်ပေါ် မူတည်ပြီး နောက်ဆက်တွဲအနေနဲ့ ရက္ခိုင့်တပ်တော် AA ဟာ ပိုပြီးတော အင်အားမြင့်တက်လာခဲ့တယ်။ AA  ကို စစ်ရေးအရ  ဒီလောက်ထိ အင်အားကြီးလာမယ်လို့တော့ မမျှော်မှန်းခဲ့ကြဘူးပေါ့။ အခုဆိုရင် AA ဟာ စစ်ရေးအရ တိုးတက်မှုတွေ အများကြီးရှိပါတယ်။ ရှေ့ကဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး ဝါရင့်သမ္ဘာရင့်တွေ မလုပ်နိုင်ခဲ့တဲ့အရာတွေကို ရက္ခိုင့်တပ်တော်က လုပ်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။ 

တစ်ဘက်မှာလည်း အုပ်ချုပ်ရေးပိုင်းကို လုပ်တဲ့အခါမှာတော့ သက်တမ်းနုနယ်သေးတဲ့ တပ်တော်အနေနဲ့ အဆင်သင့်မဖြစ်သေးတဲ့ ပြည်သူကြားမှာ အားနည်းချက်တွေ လှစ်ဟာချက်တွေကိုတော့ အုပ်ချုပ်ရေးပိုင်းမှာ တွေ့ရတာရှိတယ်။ အဓိကတော့ အခွန်ဆောင်တာနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေဟာ ပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတာကို တွေ့ရတယ်။ 

နောက်ပြီးတော့ တရားစီရင်ရေးမှာ အားနည်းချက်တွေကို တွေ့ရတယ်။ ခိုင်မာတဲ့ နယ်မြေသတ်မှတ်မှုနဲ့ လုံခြုံမှုတွေက အားနည်းနေသေးတဲ့ အပေါ်မှာ တရားစီရင်ရေးကို သွားကိုင်တဲ့အခါကျတော့ လုံခြုံမှုအားနည်းတာတွေကို တွေ့ရပါတယ်။ စစ်ကောင်စီဘက်ကလည်း တင်းတင်းရင်းရင်းနဲ့ တစ်ဘက်နဲ့တစ်ဘက် အာဏာပြိုင်တဲ့အခါကျတော့ ဒီအနွံအတာတွေကို ပညာရှင်တွေက ပါဝင်ဖို့ မတတ်နိုင်တဲ့ အပိုင်းတွေလည်း ရှိတယ်။ ဆိုတော့ မရှိရှိတဲ့လူကို ဆွဲခေါ်ပြီး ရတဲ့နည်းနဲ့လုပ်နေကြရတော့ ဂုဏ်သိက္ခာပိုင်း ချွတ်ယွင်းနေတဲ့ တချို့လူတွေပါ ပါဝင်လာတော့ ပြည်သူတွေက ယုံကြည်မှုအားနည်းသွားတာကို တွေ့ရပါတယ်။ ဒါတွေကို တပ်တော်ဘက်က အချိန်မီ ပြန်ကုစားဖို့တော့ လိုအပ်တယ်လို့ မြင်ပါတယ်။

#I008

ဗီဒီယိုများ