ကြားဖြတ်သတင်း

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲနှင့် ရခိုင်ဒေသ အလားအလာ

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရခိုင်အခြေစိုက် အင်အားကြီးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့မှာ ငြိမ်သက်နေဆဲဖြစ်သည်။ သို့သော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ရခိုင်ဒေသတွင် စတင်လှုပ်ရှားလာနေသည်။

Admin 30 Dec 2022

DMG ၊ ဒီဇင်ဘာ ၃၀

(ဆောင်းပါး)

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှုရှိသည်ဟုအကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ်ပြည့်တော့မည်ဖြစ်သည်။

တိုင်းပြည်အာဏာကို သိမ်းထားသည့် စစ်ကောင်စီ၏ အရေးပေါ်ကာလသက်တမ်း ၂ နှစ်သည် လာမည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ အရေးပေါ်ကာလသက်တမ်းပြည့်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၂၉ အရ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ တိုင်းပြည်အာဏာကို ပြန်ယူပြီး ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီသည် အာဏာကို ရေရှည်ချုပ်ကိုင်နိုင်ရေးနှင့် နိုင်ငံရေးအကျပ်အတည်း၏ ထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်အတွင်းတွင် မဖြစ်မနေ ကျင်းပလာနိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

သို့သော် စစ်ကောင်စီမှကျင်းပလာမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည် မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံကိုအကြောင်းပြကာ အာဏာသိမ်းထားသည့် စစ်ကောင်စီအပေါ် မြန်မာပြည်သူနှင့် နိုင်ငံတကာမှ အယုံအကြည်ရှိမည် မဟုတ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ရှုမြင်သည်။

“သူတို့(စစ်ကောင်စီ)ရဲ့ ရှေ့ကို အာဏာလက်ကိုင်မဖြုတ်ရေးအတွက် ရွေးကောက်ပွဲဟာ သူတို့ကို အသက်ဆက်ပေးမယ့် အခင်းအကျင်းတစ်ခုဖြစ်တယ်။ ဒါကြောင့် သူတို့အနေနဲ့ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မယ်”ဟု ဦးဖေသန်းကပြောသည်။

နိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်ခြေမရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ယင်းအပြင် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပလာပါက တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC)က ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများကို စစ်ဆေးခြင်း၊ မဲစာရင်းမှန်ကန်ရေး လုပ်ဆောင်ခြင်း၊ ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများကို သင်တန်ပေးခြင်းများအပြင် မဲရုံကြိုတင်လျာထားသတ်မှတ်ခြင်းများကို လုပ်ဆောင်လျက်ရှိနေသည်။

အလားတူ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချို့ကို ပြောင်းလဲကျင့်သုံးနိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံး၊လုပ်နည်းအချို့ကို ပြင်ဆင်ပယ်ဖျက်နိုင်ရန် ဆောင်ရွက်ခြင်းများလည်း ရှိနေသည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ပြောဆိုထားသည်။

ရွေးကောက်ပွဲအတွက် စစ်ကောင်စီလှုပ်ရှားနေသည့် ရခိုင်ဒေသ

လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ကာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရန် ရခိုင်ပြည်အတွင်းမှ မြို့နယ်များတွင် အိမ်တိုင်ရာရောက် လူဦးရေစာရင်းကောက်သွားမည်ဟု စစ်ကောင်စီမှ ပြောဆိုလာသည်။

အဖွဲ့ပေါင်း ၁၂၉၀ နှင့် အဖွဲ့ဝင်ပေါင်း ၆၉၄၀ ဦးတို့ဖြင့် လူဦးရေစာရင်း ကောက်ခံသွားမည်ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင်များအား စာရင်းကောက်သင်တန်းများ ပေးလျက်ရှိသည်ဟု ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထားသည်။

ထိုသို့ လူဦးရေစာရင်းကောက်ရန်အတွက် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို စစ်တွေမြို့တွင် လုပ်ဆောင်ခဲ့သည်။

အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ ယင်းအပြင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကို အချိုးကျကိုယ်စားပြုစနစ်(PR)နှင့် ပတ်သက်၍လည်း သိနားလည်အောင် သင်တန်းပေးလျက်ရှိသည်ဟု သိရှိရသည်။

လက်ရှိတွင် ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်း ကိုက်ညီမှုရှိ/မရှိ စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

“မြေပြင်မှာ လူဦးရေဘယ်လောက်ရှိလဲ။ မဲဆန္ဒရှင်စာရင်းနဲ့ကိုက်ညီမှုရှိအောင်နဲ့ ရှိတဲ့လူတွေက ဘယ်သူတွေလဲ ဆိုတာကို ပိုင်းခြားနေတာပေါ့”ဟု သူကပြောသည်။

ရွေးကောက်ပွဲအပေါ် AA နှင့် ရခိုင်လူထု သဘောထား

ရခိုင်ပြည်တွင် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ နှစ်နှစ်ကျော်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများသည် ရွေးကောက်ပွဲကာလဖြစ်သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်တွင် ရပ်တန့်ခဲ့ကြသည်။

အကြောင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ဒေသမှ မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် NLD အစိုးရအား အပြန်အလှန်တိုက်တွန်းမှုနှင့်အတူ ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ကူညီမှုကြောင့် သေနတ်သံများ တိတ်ဆိတ်သွားခဲ့ခြင်းဖြစ်သည်။

ရခိုင်ဒေသတွင် တိုက်ပွဲများရပ်ပြီး သုံးလခန့်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် NLD အစိုးရအား ဖြုတ်ချပြီး တိုင်းပြည်အာဏာကို သိမ်းလိုက်သည်။ ကတိကဝတ် တစ်စုံတစ်ရာမပါဘဲ နားလည်မှုဖြင့် ရပ်တန့်ခဲ့ကြသည့် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ကာ တကျော့ပြန် ပြင်းထန်လာခဲ့ပြန်သည်။

ယင်းနောက် မစ္စတာ ဆာဆာကာဝါ၏ ထပ်မံကြားဝင်ညှိနှိုင်းဆောင်ရွက်မှုကြောင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဒုတိယမ္ပိ အပစ်ရပ်စဲခဲ့ကြသည်။ သို့သော် စာချုပ်များနှင့် တရားဝင်လက်မှတ်ထိုးထားခြင်း မဟုတ်သဖြင့် အချိန်မရွေး တိုက်ပွဲများပြန်ဖြစ်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက နိုဝင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီမှ ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအပေါ်တွင် မှတ်ချက်မပေးလိုသေးကြောင်း၊ မြန်မာနိုင်ငံတွင် သမိုင်းတလျှောက်လုပ်ခဲ့သည့် ရွေးကောက်ပွဲများသည် ရခိုင်လူမျိုးအတွက် တစ်စုံတစ်ရာ ပြောင်းလဲတိုးတက်ခြင်း မရှိခဲ့ဟု ရက္ခိုင့်တပ်တော်(ULA/AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG နှင့် သီးသန့်အင်တာဗျုးတွင် ဖြေဆိုထားသည်။

“ဗမာပြည်မှာလုပ်မယ့် ရွေးကောက်ပွဲတွေဟာ ရခိုင်လူမျိုးတွေရဲ့ လူမှုဘဝကို တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်လာမယ်လို့တော့ ယူဆလို့မရပါဘူး”ဟု ဦးခိုင်သုခကပြောသည်။

တကျော့ပြန်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ ကျော်အထိတိုးလာခဲ့သလို စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၆ ဦးသေဆုံးကာ ၁၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ စစ်ကောင်စီသည် ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့သည့်အထဲမှ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၂၃၉ ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်ဟု နိုဝင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် AA က ပြောဆိုထားသည်။

ယင်းသို့အခြေအနေများကြောင့် စစ်ကောင်စီမှ ကျင်းပလာမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲမပေးဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ထားကြောင်း ပြောဆိုလာသူက ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ သုံးကြိမ်စလုံးတွင် ဆန္ဒမဲပေးခဲ့သည့် စစ်တွေမြို့မှ အသက် (၃၈)နှစ်အရွယ် ဒေါ်ပန်းလှနွယ်(အမည်လွဲ)က ပြောသည်။

“ကျမတို့ကတော့ စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲကို မကြိုက်ဘူး။ တရားမျှတမှုလည်း ရှိမှာမဟုတ်ဘူး။ မဲလည်း မပေးချင်ဘူး။ အယုံကြည်လည်းမရှိဘူး”ဟု သူကဆိုသည်။

၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် မဲအပြတ်အသတ်အနိုင်ရရှိသည့် ရခိုင်နိုင်ငံရေးပါတီများသည် ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် ပြည်နယ်အတွင်း အစိုးရဖွဲ့ခွင့် မရရှိခဲ့ပေ။ ရခိုင်နိုင်ငံရေးအကျပ်အတည်းများအပြင် ဒေသဖွံ့ဖြိုးရေးများအတွက်ပင် ဖြေရှင်းနိုင်ခြင်းမရှိသဖြင့် ရခိုပြည်သူများမှာ နိုင်ငံရေးပါတီများပေါ် ယုံကြည်မှု လျော့ကျသွားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီမှကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကို ရခိုင်လူထုအနေဖြင့် အားကိုးယုံကြည်ရမည့် အနေအထားမရှိကြောင်း ကျောက်ဖြူမြို့ဒေသခံ ဦးထွန်းကြည်က ပြောသည်။

“သေချာတာကတော့ ရခိုင်ပြည်ရဲ့ လက်ရှိအကျပ်အတည်းနဲ့ နောက်ဖြစ်လာနိုင်မယ့် အကျပ်အတည်းတွေပေါ်မှာ အရင်ကလည်း နိုင်ငံရေးပါတီတွေဘက်က ရခိုင်လူထုအပေါ်မှာ တာဝန်ကျေမှု မရှိခဲ့ဘူး။ နောက်လာမယ့် ကာလမှာလည်း တာဝန်ကျေမယ့်ပုံစံမျိုးကို မမြင်ရဘူး။ အခုဖြစ်နေတဲ့အချိန်မှာတောင် နိုင်ငံရေးပါတီတွေက တစ်ခွန်းမှ ပြောလို့မရတဲ့ အခြေအနေဖြစ်နေတယ်”ဟု သူကဆိုသည်။

သို့သော် နိုင်ငံရေးပါတီများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ထူထောင်ထားသည့် ပါတီများဖြစ်သဖြင့် ပါတီမဖျက်သိမ်းရေးအတွက် ရွေးကောက်ပွဲဝင်ပြိုင်ကြရန် ပြင်ဆင်ကြမည်ဟု ဦးထွန်းကြည်က သုံးသပ်သည်။

နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှု

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရခိုင်အခြေစိုက် အင်အားကြီးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့မှာ ငြိမ်သက်နေဆဲဖြစ်သည်။ သို့သော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ရခိုင်ဒေသတွင် စတင်လှုပ်ရှားလာနေသည်။

USDP ဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့မှ ပါတီဝင်များကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်တွေမြို့၌ တွေ့ဆုံပြီး ပါတီရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အလားတူ သံတွဲ၊ မာန်အောင်၊ ကျောက်ဖြူ၊ မောင်တော စသည့်မြို့နယ်အချို့တွင် ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ယခု ဒီဇင်ဘာလအတွင်းကပင် ဆက်တိုက်ကဲ့သို့ လုပ်ဆောင်နေသည်။

ပါတီရှေ့လုပ်ငန်းစဉ်နှင့် လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်(PR)နှင့်ပတ်သက်၍ ရှင်းလင်းမှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် USDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

“PR စနစ်အကြောင်းကို ရှင်းပြတယ်။ ကျနော်တို့မှာက ပါတီဝင်ဟောင်းတွေကို တွေ့ရဖို့၊ မိတ်ဖက်တွေကို တွေ့ဆုံရမယ်။ ပြီးတော့ ရွေးကောက်ပွဲကျင်းပမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲမှာကျင့်သုံးမယ့် PR စနစ်တွေကို ပြည်သူလူထုသိအောင် သူတို့က တဆင့်ရှင်းပြမယ်”ဟု သူကပြောသည်။

မည်သည့် PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ကို မသိရှိရသေးသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ သတင်းစာများတွင်ဖော်ပြနေသည့် PR စနစ်များကို အခြေခံပြီး ရှင်းလင်းမှုများလုပ်ဆောင်နေသည်ဟု ဒေါက်တာစန်းရွှေကဆိုသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများအပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် အနိုင်ရအကုန်ယူ(FPTP)စနစ်ဖြင့် ပြုလုပ်ခဲ့သည်။ သို့သော် စစ်ကောင်စီလက်အောက်ခံ UEC က ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူစနစ် (Frirst Past the Post–FPTP)အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation–PR)ဖြင့် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည်။

မည်သည့်(PR)စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ဆိုသည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အခြေခံဖွဲ့စည်းပုံအရ အသာစီးရယူထားသည့် (၂၅)ရာခိုင်နှုန်း သာမက ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းနှင့်အတူ အစိုးရနှင့် လွှတ်တော်ကို တပြိုင်တည်း အာဏာရယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းများက ရှုမြင်နေကြသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ရခိုင်ဒေသအတွင်း မဲအပြတ်အသတ်ဖြင့် အကြိမ်ကြိမ်အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြင်ဆင်မှုမရှိသေးဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကပြောသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပါတီတွင်းမှာ တစ်ခုမှဆွေးနွေးဆုံးဖြတ်တာ မရှိသေးဘူး။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လုပ်ကိုင်ဆောင်ရွက်လို့ မရသေးတဲ့အခြေအနေမှာရှိနေတယ်လို့မြင်တယ်”ဟု သူကဆိုသည်။

ယင်းအပြင် စစ်ကောင်စီမှ ကျင်းပမည့်ရွေးကောက်ပွဲကို ANP ပါတီမှ ဝင်ပြိုင်ရန် ရှိ/မရှိ DMG ၏ မေးမြန်းခြင်းကို ပြတ်သားစွာဖြေဆိုခြင်း မရှိပေ။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဒေါက်တာ အေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)၏ လက်ရှိသဘောထားကို သိရှိနိုင်ရန် ဆက်သွယ်နေဆဲဖြစ်သည်။

သို့သော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းက DMG နှင့် အင်တာဗျုးတွင် AFP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ရွေးကောက်ပွဲဖြင့် ဖြတ်သန်းရန် လိုအပ်သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ မရှိသေးဟု ဖြေဆိုထားသည်။

ရွေးကောက်ပွဲနှင့် ရခိုင်ဒေသ အလားအလာ

စစ်ကောင်စီမှ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို လုပ်ဆောင်နေသော်လည်း ရခိုင်ဒေသတွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) အပေါ်တွင် မူတည်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ရှုမြင်သည်။

“ရခိုင်ပြည်အနေနဲ့ ပြောလို့ရှိရင် ဒီရွေးကောက်ပွဲဆိုတာက အဓိက ULA/AA အပေါ်မှာပဲ မူတည်တယ်။ ဆိုတော့ ဒီအချိန်မှာ ဒီနိုင်ငံရေးအရ အဖြေမထွက်လို့ လက်နက်ကိုင်ပြီး တော်လှန်ရတဲ့ အနေအထားဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ ဘယ်စနစ်ကိုသုံးပြီးပဲလုပ်လုပ် ဘာမှခရီးရောက်မှာမဟုတ်ဘူး”ဟု သူကပြောသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် AA တို့သည် နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ အပစ်ခတ်ရပ်ထားကြသည်။ အပစ်ရပ်ကာလတွင် စစ်ကောင်စီမှ စစ်အင်အားတိုးချဲ့မှု၊ လက်နက်အင်အားများ ဖြည့်တင်းမှုများကို ပိုမိုလုပ်ဆောင်လာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

စစ်အင်အားများ ဖြည့်တင်းနေမှုမှာ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာမှုကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ စစ်ကောင်စီက လက်နက်ရိက္ခာ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေမှုများမှာ တိုက်ပွဲကို ဦးတည်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က ရှုမြင်ကြသည်။

ထို့ကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပါက ရခိုင်ဒေသတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ အထမြောက်တော့မည် မဟုတ်ကြောင်း သုံးသပ်မှုများရှိနေသည်။

အုပ်ချုပ်ရေး နှစ်ရပ်ဖြစ်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီမှ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နေသည်ကို တွေ့မြင်ရသော်လည်း စောင့်ကြည့်ရအုံးမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“ရခိုင်ပြည်မှာ အခုအပစ်အခတ် ရပ်စဲထားတာက ခိုင်ခိုင်မာမာ နိုင်ငံရေးသဘောတူညီချက်နဲ့ ရပ်စဲထားတာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း စိုးရိမ်စိတ်အပြည့်နဲ့ နေထိုင်နေရတဲ့အခြေအနေဖြစ်တယ်”ဟု သူကပြောသည်။

ယင်းအပြင် စစ်ကောင်စီမှ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပလာလျှင်လည်း မြို့ပြအချို့မှာသာ ကျင်းပလာနိုင် ပြီး ရက္ခိုင့်တပ်တော်(AA) စိုးမိုးသည့် ဒေသအများစုတွင် ပြုလုပ်နိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

“ရခိုင်ဒေသအခြေအနေအရ ပြောရမယ်ဆိုရင် သူတို့ မြို့ပြတွေမှာ လုပ်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ အဲဒါတောင်မှ ကျနော်အမြင်အရ ပြောရမယ်ဆိုရင် ရခိုင်ဒေသမြောက်ပိုင်းမှာ မြို့ပြတွေက လူထုကလည်း AA ကို လုံးဝအကြွင်းမဲ့ ထောက်ခံထားတဲ့အတွက် သူတို့အနေနဲ့ ရခိုင်မြောက်ပိုင်းမှာဆိုရင် လုံးဝကျင်းပနိုင်စရာ အကြောင်းမရှိဘူးလို့ ယူဆတယ်။ ဒါပေမယ့် ရခိုင်တောင်ပိုင်းက သူတို့လွှမ်းမိုးနိုင်တဲ့ နေရာတွေပေါ့။ အဲဒီမှာလည်း လူထုက ထောက်ခံ မှာ မဟုတ်ဘူး။ ဒါပေမယ့် မြို့ပြတွေမှာရှိတဲ့ သူတို့အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ လူတစ်ချို့ကတော့ ထောက်ခံမှု ရှိနိုင်တယ်”ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

မည်သို့ပင်ဆိုစေကာမူ ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံတဝန်းတွင် စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများဖြင့် ရှုပ်ထွေးနေချိန်တွင် စစ်ကောင်စီမှ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မည်ဆိုပါက အဆိုပါရွေးကောက်ပွဲ၏ အနှစ်သာရမှာ အတင်းလုပ်သည့် လုပ်ပွဲသဘောမျိုးသာဖြစ်သည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“ဒီရွေးကောက်ပွဲရဲ့ အနှစ်သာရကတော့ အတင်းလုပ်တဲ့ လုပ်ပွဲသဘောမျိုးဖြစ်တယ်။ အဲဒီအတွက် ဒီပွဲဟာ စစ်ကောင်စီရဲ့ ထွက်ပေါက်ဆိုပေမယ့် ပြည်သူရဲ့ ထွက်ပေါက်မဟုတ်ဘူးလို့ သုံးသပ်ချင်တယ်”ဟု သူကပြောသည်။

မင်းထွန်း-ရေးသည်

ဗီဒီယိုများ