အူခီးယာဒုက္ခသည်စခန်းတွင် ARSA နှင့် RSO ကြား တိုက်ခိုက်မှုများ ဖြစ်ပြီး ARSA ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ အူခီးယာဒုက္ခသည်စခန်းတွင် ယနေ့ အောက်တိုဘာလ ၄ ရက် အစောပိုင်းက ARSA နှင့် RSO အဖွဲ့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေလီစတားသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 04 Oct 2023

 ၂၀၂၂ ခုနှစ် ဧပြီလက အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုဖိုင်တွင်တွေ့ရသော ARSA တပ်ဖွဲ့ဝင်များ။
၂၀၂၂ ခုနှစ် ဧပြီလက အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုဖိုင်တွင်တွေ့ရသော ARSA တပ်ဖွဲ့ဝင်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ အူခီးယာဒုက္ခသည်စခန်းတွင် ယနေ့ အောက်တိုဘာလ ၄ ရက် အစောပိုင်းက ARSA နှင့် RSO အဖွဲ့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေလီစတားသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သေဆုံးသူများမှာ အသက် ၃၂ နှစ်အရွယ် ယူဆွတ်ခေါ် ချာမိုင်ယာယူဆွတ်နှင့် ၁၅ နှစ်အရွယ် အာရာဖက်ဟိုဆိန်းတို့ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

စခန်းအမှတ် ၈ အနောက်တွင် ယနေ့အာရုံ ၂ နာရီခန့်က နှစ်ဘက်အုပ်စုအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း APBn ၁၄ ၏ လက်ထောက် စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်ကြီး မိုဟာမက်အစ်ကဘာ၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူနှစ်ဦးအနက် ချာမိုင်ယာယူဆွတ်သည် ARSA အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ကာ သေနတ်နှင့် ပစ်ခံခဲ့ရသလို ဓားနှင့်ပါ ထိုးခံထားရပြီး သေဆုံးသွားခြင်းဖြစ်သည်။ စခန်းအမှတ် ၉ တွင်နေထိုင်သူ ယူဆွတ်သည် လူသတ်မှုသုံးမှုတွင် စွပ်စွဲခံထားရသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

အာရာဖက်မှာလည်း RSO ထောက်ခံသူ တစ်ဦးဖြစ်ကာ ယနေ့နံနက် ၅ နာရီခန့်က စခန်းအမှတ် ၁၅ တွင် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း APVn-8 ၏ လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်ကြီး အာမီယာဇာဖားက ပြောကြားသည်။

စခန်း ၈ တွင် အာဆာခေါင်းဆောင် အသတ်ခံရသည်ကို လက်တုံ့ပြန်သည့်အနေနှင့် ဆယ်ကျော်သက်လူငယ် အာရာဖက်ကို သတ်ဖြတ်ခဲ့ကြခြင်းဟု ဒုက္ခသည်များက ပြောကြသည်။ အဆိုပါ သေဆုံးမှုများ ဖြစ်ပြီးနောက် ဒုက္ခသည်စခန်းများတွင် အခြေအနေများ တင်းမာလျက်ရှိကြောင်းလည်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် တစ်သန်းခန့် နေထိုင်လျက်ရှိသည်။ စခန်းများ၌ ရာဇဝတ်မှုများ အလွန်ထူပြောပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ရဲတပ်ဖွဲ့က တရားဝင် မှတ်တမ်းတင်ထားသည့် မှုခင်းစုစုပေါင်း ၁၂၀၀ ခန့်ရှိကာ အသတ်ခံရသူ ၃၁ ဦး ရှိခဲ့သည်။

ARSA နှင့် RSO တို့သည် အဆိုပါစခန်းများ၌ သြဇာလွှမ်းမိုးရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိကာ နှစ်ဘက်အုပ်စုကြား ပဋိပက္ခများ၊ တိုက်ခိုက်မှုများလည်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၈ တွင် ARSA နှင့် RSO အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ငါးဦး သေဆုံးခဲ့သည်။

ဗီဒီယိုများ