မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ အံ့သြဖွယ်ရာမြင့်တက်လာကြောင်း ကုလပြော

မြန်မာနိုင်ငံတွင် လူအစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ အပါအဝင် စစ်ရာဇဝတ်မှုများ မြင့်တက်လာသည့် ခိုင်မာသော သက်သေအထောက်အထားများ စုဆောင်းရရှိထားကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားလိုက်သည်။

By Admin 08 Aug 2023

မြန်မာစစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ချင်းပြည်နယ် ထန်တလန်မြို့တွင်း တစ်နေရာ၌ မီးလောင်နေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP
မြန်မာစစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ချင်းပြည်နယ် ထန်တလန်မြို့တွင်း တစ်နေရာ၌ မီးလောင်နေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP

မြန်မာနိုင်ငံတွင် လူအစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ အပါအဝင် စစ်ရာဇဝတ်မှုများ မြင့်တက်လာသည့် ခိုင်မာသော သက်သေအထောက်အထားများ စုဆောင်းရရှိထားကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက သြဂုတ်လ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ ကျူးလွန်သူများကို တရားစီရင်နိုင်ရေးအတွက် အမှုဖိုင်များ ပြုစုနေကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရအား စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိကာ မြန်မာစစ်တပ်သည် ၎င်းကိုတော်လှန်သူများအား ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းလျက်ရှိသည်။

မြန်မာစစ်တပ်နှင့် ၎င်း၏ အပေါင်းပါ လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောင်ပြောင်တင်းတင်း စစ်ရာဇဝတ်မှု ကျူးလွန်မှုများသည် မြင့်တက်လာနေကြောင်း သက်သေအထောက်အထားများ ရရှိထားသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က ပြောကြားသည်။

စစ်တပ်၏ ကျူးလွန်မှုများအနက် အဆင်အခြင်မဲ့ ဗုံးကြဲမှုများ၊ ကျေးရွာများကို မီးရှို့မှုများ၊ အရပ်သားများနှင့် ဖမ်းဆီးထားသော တော်လှန်ရေးသမားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပြင် နှိပ်စက်မှုများနှင့် ထိတ်လန့်ဖွယ်ရာ လိင်အကြမ်းဖက်မှုများလည်း ပါဝင်ကြောင်း IIMM က ထောက်ပြထားသည်။

မြန်မာနို်င်ငံတွင် အာဏာသိမ်းမှု နောက်ပိုင်း၌ ပြင်းထန်သည့် နိုင်ငံတကာ ရာဇဝတ်မှု သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ရပ်များ အများအပြား မြင့်တက်လာကြောင်းလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ၎င်းတို့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် သတိပေးထားသည်။

“အသက်သေဆုံးရမှုတိုင်းသည် စိတ်မကောင်းဖွယ်ရာ ဖြစ်သော်လည်း နယ်မြေတစ်ခုလုံး ဗုံးကြဲခံရခြင်းနှင့် ကျေးရွာများ မီးရှို့ခံရခြင်းများကြောင့် ဒေသအသိုင်းအဝိုင်း တစ်ခုလုံး ပျက်သုဉ်းရခြင်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ရာ ဖြစ်သည်” ဟု IIMM အကြီးအကဲ Nicholas Koumjian က အစီရင်ခံစာတွင် ထည့်သွင်းပြောကြားသည်။

“မြန်မာနို်င်ငံတွင်း၌ အရပ်သားများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ တိုက်ခိုက်မှုများနှင့်အတူ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အံ့သြဖွယ်ရာ မြင့်တက်လာနေသည်ကို မိမိတို့၏ သက်သေအထောက်အထားများက ပြသလျက်ရှိပြီး ကျူးလွန်သူ တစ်ဦးတစ်ယောက်ချင်းစီကို တာဝန်ယူခိုင်းရန်အတွက် တရားရုံးတွင် အသုံးပြုနိုင်မည့် အမှုဖိုင်တွဲများ မိမိတို့ ပြုစုလျက်ရှိသည်” ဟု IIMM ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

IIMM ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စစ်ရာဇဝတ်မှုများအတွက် သက်သေစုဆောင်းကာ တရားစွဲဆိုမှုများ၌ အမှုတွဲများ ပြင်ဆင်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် မရခဲ့သော်လည်း ရင်းမြစ် ၇၀၀ ကျော်ထံမှ မျက်မြင်သက်သေ ထွက်ဆိုချက်များ၊ မှတ်တမ်းအချက်အလက်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုများ၊ မှုခင်းအထောက်အထားများနှင့် ဂြိုဟ်တုရုပ်ပုံများ အပါအဝင် သတင်းအချက်အလက် ၂၃ သန်းကျော် စုဆောင်းရရှိခဲ့ကြောင်း IIMM က ပြောကြားထားသည်။

ဗီဒီယိုများ