ကဗျာဆရာသူပုန်

BPLA တပ်ဖွဲ့ဝင် အများစုသည် ဗုဒ္ဓဘာသာဝင် ဗမာများဖြစ်ကြသည်။ ဗမာအရေအတွက်သည် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိပြီး အစိုးရရုံးဌာနများ အခြေစိုက်ရာ မြန်မာနိုင်ငံအလယ်ပိုင်းတွင် အဓိကနေထိုင်ကြသည်။

By Admin 07 Aug 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

ယခင်က ကဗျာဆရာဖြစ်ခဲ့သူ မောင်ဆောင်းခသည် ယခုအချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်အဖြစ်ဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသည့် အထင်ကရ ပုံရိပ်များအနက် တစ်ခုဖြစ်နေပြီဖြစ်သည်။ စစ်အစိုးရကို ပို၍ ထိပ်တိုက်ရင်ဆိုင်နိုင်ရန်အတွက် နိုင်ငံ၏ ဗဟိုချက်မနေရာတွင် ထိန်းချုပ်နယ်မြေသစ်တစ်ခု ဖြတ်ထုတ်ယူနိုင်ရန် မိမိတို့ လက်နက်ကိုင်အဖွဲ့က စီစဉ်ထားသည်ဟု သူကဆိုသည်။

ဤခြေလှမ်းသည် သူ၏ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အတွက် အရေးပါသည့် မဟာဗျူဟာပန်းတိုင်တစ်ရပ် ဖြစ်သည်ဟု မောင်ဆောင်းခက ပြောသည်။ BPLA သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကာ ယခုအချိန်၌ နိုင်ငံ၏ နယ်စပ်ဒေသများတွင် မဟာမိတ်အဖွဲ့များထံမှ စစ်သင်တန်းနှင့် တိုက်ပွဲအတွေ့အကြုံများ ရယူလျက်ရှိသည်။

BPLA တပ်ဖွဲ့ဝင် အများစုသည် ဗုဒ္ဓဘာသာဝင် ဗမာများဖြစ်ကြသည်။ ဗမာအရေအတွက်သည် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိပြီး အစိုးရရုံးဌာနများ အခြေစိုက်ရာ မြန်မာနိုင်ငံအလယ်ပိုင်းတွင် အဓိကနေထိုင်ကြသည်။

“ဗမာလူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်တစ်ခု ဖြစ်တဲ့အတွက် ဗမာဒေသတစ်နေရာမှာ အခြေစိုက်ပြီး လှုပ်ရှားဖို့ဆိုတာ ကျွန်တော်တို့ရည်မှန်းချက်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်” ဟု အသက် ၃၀ အရွယ် စစ်ဦးစီးချုပ်က ပြောသည်။ ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံဘက်ခြမ်း တောတွင်းတစ်နေရာရှိ စခန်းမှနေ၍ စာဖြင့် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

BPLA သည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း မောင်ဆောင်းခက ပြောသည်။ PDF သည် ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့၏ လက်ကျန်အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားပြီး မြန်မာစစ်အစိုးရနေရာတွင် အစားထိုးအုပ်ချုပ်ရန် ကြိုးပမ်းလျက်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ စစ်တောင်ပံဖြစ်သည်။ PDF တွင် လက်နက်ကိုင်တပ် အရေအတွက် ရာနှင့်ချီပါဝင်ပြီး အများစုမှာ ဗမာများဖြစ်ကြသည်။

BPLA တွင် တပ်ဖွဲ့ဝင်အင်အား ၁၀၀၀ ခန့်ရှိမည်ဟု မြန်မာအခြေစိုက် မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု (ISP)က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် အသစ်ပေါ်ထွက်လာသည့် လက်နက်ကိုင်အဖွဲ့ကြီးများအနက် တစ်ဖွဲ့အဖြစ် ထည့်သွင်းသတ်မှတ်နိုင်သည့် အင်အားဖြစ်သည်။

BPLA အဖွဲ့ကြီးထွားလာမှုသည် အခြားလက်နက်ကိုင် အုပ်စုများနှင့် ဆက်ဆံရေးလမ်းခင်းထားနိုင်သည့် မောင်ဆောင်းခ၏ စွမ်းရည်အပေါ် အများကြီး မူတည်နေကြောင်း အဖွဲ့၏ အဓိကမဟာမိတ်တစ်ဖွဲ့နှင့် လေ့လာသူနှစ်ဦးတို့၏ ပြောကြားချက်များအရ သိရသည်။ လက်နက်ကိုင်တပ်များသည် တပ်မတော်ကို အပြီးတိုင်ဖြုတ်ချနိုင်သည့် အင်အားနှင့် အလှမ်းကွာလွန်းနေသော်လည်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် နေရာယူလာနေသည်ကို ဤအချက်က ထင်ရှားစေသည်။

BPLA အတွက် စားနပ်ရိက္ခာအချို့ ထောက်ပံ့လျက်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က BPLA သာ ဗဟိုချက်မတွင် စခန်းထိုင်မည်ဆိုလျှင် PDF တပ်များနှင့် အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းရန်လိုအပ်မည်ဟု ဆိုသည်။

ယခုဆောင်းပါးအတွက် မှတ်ချက်တောင်းခံမှုများအား မြန်မာစစ်အစိုးရဘက်က တုံ့ပြန်မှုမရှိပေ။ ၎င်းတို့ကို ဆန့်ကျင်နေကြသူများသည် မငြိမ်သက်အောင်ပြုလုပ်ပြီး အရပ်သားများကို သတ်ဖြတ်နေကြသူများဟု စစ်ကောင်စီက ပြောကြားထားသည်။ ၎င်း၏အုပ်ချုပ်မှုကို ဆန့်ကျင်သူများအား ပြုလုပ်နေကျကဲ့သို့ပင် စစ်ကောင်စီသည် မောင်ဆောင်းခကိုလည်း နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသည်။

မောင်ဆောင်းခနှင့် BPLA ၏ နိုင်ငံရေးအရာရှိ ရိုးအံ့မင်းတို့က စစ်အစိုးရကို တော်လှန်ရေးသည် ကာလတာရှည်မည်ဟု ပြောသလို BPLA အနေဖြင့် အရေးပါသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်ကိုလည်း အသိအမှတ်ပြု ပြောကြားသည်။ အထူးသဖြင့် ဘဏ္ဍာရေးပိုင်းနှင့် တပ်ဖွဲ့ဝင်အချို့တွင် ဆက်လက်တိုက်ပွဲဝင်လိုသည့် ဆန္ဒ အားပျော့လာခြင်းတို့ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူနည်းစုအများအပြားထံတွင် ဗမာလွှမ်းမိုးမှုကို မကျေနပ်ချက် ကာလရှည်ကြာ ရှိလာခဲ့သော်လည်း မောင်ဆောင်းခ၏ နောက်ခံဖြတ်သန်းမှုများကြောင့် BPLA အတွက် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ခိုင်မာသောဆက်ဆံရေး ရရှိရန် အထောက်အကူ ဖြစ်စေခဲ့သည်။ ဤဆက်ဆံရေးမျိုးကို တော်လှန်ရေးတွင် အထူးအရေးပါသော လုပ်ရပ်အဖြစ် ရှုမြင်ကြသည်။

အာဏာသိမ်းမှု မတိုင်မီက မောင်ဆောင်းခသည် ကဗျာဆရာတစ်ဦးဖြစ်ကာ အာဏာပိုင်များကို သရော်သည့် စာတစ်ပိုဒ်ကြောင့် အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။ ထို့နောက်တွင် သူသည် အထင်ကရ တက်ကြွလှုပ်ရှားသူ၊ လူနည်းစု တန်းတူအခွင့်အရေး၊ ဖက်ဒရယ်အရေး ဦးဆောင်လှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့သည်။

ဤနောက်ခံက BPLA အတွက် သဘောတရားရေးအရ အားကောင်းစေခဲ့သည်ဟု Crisis Group အဖွဲ့၏ မြန်မာ့အရေး အကြီးတန်းအကြံပေး တစ်ဦးဖြစ်သူ ရစ်ချက်ဟိုဆေးက ပြောသည်။

■ လေသေနတ်အဆင့်မှသည် AK-81 ဆီ

BPLA ကို အာဏာသိမ်းမှုအပြီး နှစ်လအကြာတွင် မြန်မာနယ်စပ်၌ ထူထောင်ခဲ့သည်။ မောင်ဆောင်းခသည် BPLA အတွက် စစ်သင်တန်းနှင့် အကူအညီများကို ပိုမိုလွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံမှ တောင်းခံခဲ့သည်။

ကနဦး၌ BPLA တွင် လေ့ကျင့်ရန်အတွက် သစ်သားသေနတ်များနှင့် လေသေနတ်များသာ ရှိခဲ့သည်။ ယနေ့အချိန်၌ BPLA သည် M16 ရိုင်ဖယ်များနှင့် AK-81 များ ကိုင်နေပြီဖြစ်သလို မဟာမိတ်များထံမှ အခြားလက်နက်များ ငှားယူမှုများလည်းရှိသည်ဟု မောင်ဆောင်းခ၏ ပြောကြားချက်အရ သိရသည်။

BPLA သည် ၎င်းစခန်းအခြေစိုက်ထားသည့် KNU နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သလို BPLA ကို စစ်သင်တန်းပေးခဲ့သည့် ရက္ခိုင့်တပ်တော် (အေအေ) နှင့်လည်း အနီးကပ်ဆောင်ရွက်နေသည်ဟု သူကပြောသည်။

အဆိုပါနှစ်ဖွဲ့လုံးကလည်း BPLA သည် ၎င်းတို့တပ်ဖွဲ့များနှင့် အတူတကွ တိုက်ပွဲဝင်လျက်ရှိကြောင်း အတည်ပြုပြောကြားသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် မြန်မာစစ်တပ်ကို သိသိသာသာ အထိနာအောင် တိုက်ခိုက်နိုင်ကြသလို နယ်မြေထိန်းချုပ်မှုများလည်း ရှိနေကြပြီဖြစ်ကြောင်း သြစတြေးလျ အမျိုးသားတက္ကသိုလ်ရှိ မြန်မာ့အရေး သူတေသနဌာနမှ သုတေသီတစ်ဦးဖြစ်သူ နီကိုလာဝီလျံက ပြောကြားသည်။

သို့သော်လည်း ပိုမိုထိရောက်အောင်ဆိုလျှင်မူ တော်လှန်ရေးတပ်များသည် မြို့ပြဒေသများတွင် ‘ရှုပ်ထွေးပြီး ကစဉ့်ကလျားဖြစ်အောင် ဖန်တီးမှုထက်ကျော်လွန်၍’ လှုပ်ရှားရန်လိုအပ်သလို ဗျူဟာမြောက်နေရာများကို သိမ်းပိုက်နိုင်ရန်အတွက် လက်တွဲလုပ်ကိုင်ရန် လိုအပ်သည်ဟု သူမကပြောသည်။ လက်နက်နှင့် အကူအညီများရရှိရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့များအကြားတွင် ပြိုင်ဆိုင်မှုများ ရှိနေခြင်းကလည်း ၎င်းတို့၏ ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေလျက်ရှိသည်ဟု နီကိုလာဝီလျံက ပြောသည်။

အေအေ ဒု-စစ်ဦးစီးချုပ် ညိုထွန်းအောင်က ရိုက်တာသို့ ပေးပို့သောစာ၌ မောင်ဆောင်းခသည် ‘တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ’၏ ခေါင်းဆောင်များနှင့် ‘ကောင်းမွန်သည့် အနီးကပ်ဆက်ဆံရေး’တည်ဆောက်ထားကြောင်း ပြောကြားထားသည်။

BPLA သည် ‘တူညီသော တော်လှန်ရေးရင်ခုန်သံ’ဖြင့် လျှောက်လှမ်းလျက် အကူအညီများ ရရှိနေသည်ဟုလည်း ညိုထွန်းအောင်၏စာတွင် ဖော်ပြထားသည်။

ဗမာအများစုရှိရာ ဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့ အများအပြား လှုပ်ရှားနေသည့်အတွက် BLPA အနေဖြင့် အလွယ်တကူ ဝင်ရောက်လှုပ်ရှားရန် မဖြစ်နိုင်သော်လည်း ရွေးချယ်စရာနည်းလမ်း အများအပြားရှိနေသည်ဟု ရိုးအံ့မင်းက ဆိုသည်။

PDF တပ်ဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်ရန်အတွက် BPLA ဘက်မှ အငယ်စား ဒရုန်းတပ်ဖွဲ့များ စေလွှတ်ပေးနိုင်သည်ဟုလည်း သူမက ပြောသည်။

“အခြားသူတွေကို သင်တန်းပေးဖို့ အကူအညီတောင်းခံမှုတွေလည်း ကျွန်တို့ဆီ ရောက်ပါတယ်။ ကျွန်မတို့အနေနဲ့ သင်တန်းမှူးအဖြစ်လည်း စလို့ရနိုင်ပါတယ်”ဟု ရိုးအံ့မင်းက ဖြည့်စွက်ပြောကြားသည်။

■ ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ရေးရာ ပြဿနာများ

BPLA သည် မဟာမိတ်များထံမှ စားနပ်ရိက္ခာနှင့် အခြားအကူအညီများ ရရှိထားသော်လည်း ရန်ပုံငွေအတွက် တောက်လျှောက်စိတ်ပူနေရသည်ဟု မောင်ဆောင်းခက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အချို့သည် ၎င်းတို့၏ ငွေကြေးလိုအပ်ချက်အတွက် မူးယစ်ဆေးဝါး ရောင်းချမှုအပေါ် မှီခိုနေရသည်ဟု ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၏ ပြောကြားချက်အရ သိရသည်။ သို့သော်လည်း BPLA ကမူ မိမိတို့၏ လွတ်လပ်သော ဘဏ္ဍာရေးရင်းမြစ်မှာ လှူဒါန်းကူညီမှုများ၊ BPLA တံဆိပ်ပါ အသုံးအဆောင်များ ရောင်းချမှုများ၊ မောင်ဆောင်းခ၏ ကဗျာစာအုပ်များ ရောင်းချမှုများထံမှသာ ရရှိနေခြင်းဟု ပြောသည်။ မောင်ဆောင်းခ၏ ပြောဆိုမှုအပေါ် ရိုက်တာသတင်းဌာနအနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းတော့ မရှိပါ။

အခြားတစ်ဘက်တွင်လည်း မြန်မာစစ်အစိုးရကို တရုတ်နှင့် ရုရှားတို့က ထောက်ပံ့နေကြောင်း ကုလသမဂ္ဂက ပြောကြားချက်အရ သိရသည်။ မြန်မာစစ်ခေါင်းဆောင်များသည် တစ်ဘက်သတ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ဥပဒေကိုကျော်လွန်ပြီး ကွပ်မျက်မှုများအတွက် တာဝန်ရှိကြောင်းလည်း ကုလက စွပ်စွဲထားသည်။ စစ်ကောင်စီကမူ မိမိတို့သည် ‘အကြမ်းဖက်သမားများ’အား တရားဝင်စစ်ဆင်ရေးများဖြင့် နှိမ်နင်းနေခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။

စစ်ပွဲကာလ ၂ နှစ်ကျော်လွန်လာပြီးနောက်တွင် အိမ်လွမ်းမှု၊ ပင်ပန်းငြီးငွေ့လာမှုများနှင့်အတူ တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးခြင်းများလည်း ရှိလာကြောင်း မောင်ဆောင်းခကပြောသည်။ အရေအတွက်ကိုမူ သူက တိတိပပ မပြောပေ။

“ဒီနှစ်မှာ ပေါ်ပင်တော်လှန်ရေးသမားတွေကတော့ အိမ်ပြန်ကြပါလိမ့်မယ်။ အခုက အရည်အချင်းစစ်တဲ့ အဆင့်ပဲ ရှိသေးတယ်။ ရှေ့မှာ တိုက်ပွဲတွေ အများကြီး ကျန်ပါသေးတယ်” ဟု သူကဆိုသည်။

Shoon Naing နှင့် Poppy Mcpherson တို့ရေးသားသည့် Myanmar poet turned rebel leader seeks new territory; worries about 'ephemeral revolutionaries'ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

ဗီဒီယိုများ