ကြားဖြတ်သတင်း

မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းအပေါ် တရုတ်ရဲ့အိပ်မက်

CMEC က ယူနန်ပြည်နယ် ကူမင်းမြို့ကနေ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် မြန်မာနိုင်ငံရဲ့အနောက်ဘက် ကမ်းရိုးတန်းအထိ ဆန့်တန်းထားပြီး ကားလမ်း၊ ရထားလမ်းနဲ့ စီးပွားရေးအထူးဇုန်တွေ ပါဝင်တဲ့ သယ်ယူပို့ဆောင်ရေးစင်္ကြံတွေက ပတ်လည်ဝိုင်းရံထားပါလိမ့်မယ်။ ဒီစင်္ကြံရဲ့ ရည်ရွယ်ချက်က အငြင်းပွားမှုတွေတိုးမြှင့်နေတဲ့ တောင်တရုတ်ပင်လယ်ရဲ့ အနာဂတ်ပဋိပက္ခတွေကို ကျော်လွှားနိုင်ဖို့ဖြစ်ပြီး အမေရိကန်ရဲ့ စစ်ရေးအရဩဇာကြီးမားတဲ့ မလက္ကာရေလက်ကြားကို တခြားကျဉ်းမြောင်းတဲ့ ရေလက်ကြားနဲ့ အစားထိုးနိုင်ဖို့ပါပဲ။ ဒီကနေ့တရုတ်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှုရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ကုန်သွယ်မှုအများစုကို အဲဒီပင်လယ်ရေကြောင်းလမ်း တလျှောက်ကနေ တင်ပို့ပေးနေပါတယ်။

Admin 21 Nov 2022

ကြည်ဖြူစံ ဘာသာပြန်ဆိုသည်။

မြန်မာနိုင်ငံက ပထဝီနယ်မြေအနေအထားအရ ကျိန်စာတိုက်ခံထားရတဲ့ ဒေသတစ်ခုပါ။ အာရှတိုက်ရဲ့ ဟဲဗီးဝိတ် တန်းတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကြားညှပ်နေပြီး နှစ်ဘက်စလုံးနဲ့လည်း ကုန်သွယ်ရေးနဲ့စီးပွားရေးအတွက် ဆက်ဆံဖို့ အခွင့်အရေးသာလွန်တဲ့ အနေအထားမှာ တည်ရှိနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ပထဝီနိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာအကျိုးစီးပွားနဲ့ ယှဉ်ရင် ကုန်သွယ်ရေးနဲ့စီးပွားရေးက ဒုတိယဦးစားပေး အဆင့်ပါပဲ။ မြန်မာနိုင်ငံမှာ တရုတ်ရဲ့အဓိက ဦးစားပေးရည်မှန်းချက်က မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကို ဝင်ရောက်ခွင့်ရရေးနဲ့ အရပ်ဘက်-စစ်ဘက် နှစ်ဘက်လုံး အသုံးပြုနိုင်တဲ့ မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းက ကျောက်ဖြူရေ နက်ဆိပ်ကမ်းကို အပြည့်အဝ ထိန်းချုပ်ခွင့်ရရေးပါ။

တရုတ်နိုင်ငံအတွက် နောက်ထပ်ဦးစားပေးက ကီလိုမီတာ ၂၀၀၀ ကျော်ထိစပ်နေတဲ့ နှစ်နိုင်ငံနယ် စပ်တည်ငြိမ်အောင် စီမံခန့်ခွဲနိုင်ခွင့်ရရှိရေးပါ။ ကျယ်ပြန့်တဲ့နယ်စပ်တလျှောက် ဆယ်စုနှစ်တွေ အများကြီးကြာခဲ့တဲ့အထိ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခဲ့သလို ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားရေး ကွန်ရက်အတွက် အဓိကကျတဲ့ ဗဟိုချက်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတရုတ်နိုင်ငံက သူ့အိမ်နီးချင်းအဖြစ် သတ်မှတ်ထားပြီး နယ်နိမိတ်တလျှောက် အနောက်နိုင်ငံတွေရဲ့ ထိတွေ့ဆက်ဆံမှုအပေါ် အတိုင်းထက်အလွန် အကဲဆတ်လေ့ရှိသလို တရုတ်ရဲ့အမျိုးသားအကျိုးစီးပွားကို တိုးချဲ့နေပါတယ်။

အိန္ဒိယသမုဒ္ဒရာတွင်း ဝင်ရောက်ခြင်း

မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာတွင်း ဝင်ရောက်ခွင့်ရရေးက ဘေဂျင်းရဲ့အစီအစဉ်ထဲမှာ ၁၉၈၅ ခုနှစ်က တည်းကရှိနေခဲ့ပြီး ယူနန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကိုလည်း နှစ်ပေါင်းများစွာကတည်းက ကြံဆ ထားခဲ့ကြပါတယ်။ ဒါတွေက တရုတ်ရဲ့ “သမုဒ္ဒရာနှစ်စင်းမဟာဗျူဟာ”ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ “သမုဒ္ဒရာ နှစ် စင်းမဟာဗျူဟာ” ဆိုတာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ ကမ်းရိုးတန်းဒေသတွေနဲ့ တဆက်တည်း ကမ်းလွန်ပင်လယ်ပြင်တွေ အပါအဝင် အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကြီး နှစ်ခုကို ပထဝီနိုင်ငံရေးဒေသကြီး တစ်ခုအဖြစ် ဆက်စပ်ပေါင်းစည်းစဉ်းစားတဲ့ အယူအဆပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး “သမုဒ္ဒရာနှစ်စင်းမဟာဗျူဟာ”က သမ္မတ ရှီကျင့်ဖျင် ရဲ့ “ရပ်ဝန်းနှင့်ပိုးလမ်းမ” (BRI- Belt and Road Initiative) ရဲ့ မဟာဗျူဟာရည်မှန်းချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက အနောက်နိုင်ငံတွေဘက်ဆီ အရှိန်ပါပါနဲ့ နက်နက်ရှိုင်းရှိုင်း ယိမ်းလာတဲ့အတွက် တရုတ်နိုင်ငံက ထိတ်လန့်တုန်လှုပ်ခဲ့ပါတယ်။ ရခိုင်မှာ မူဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေကို တရုတ်နိုင်ငံက အခွင့်အရေးတစ်ခုအဖြစ် အမြန်ဆုံး အသုံးချနိုင်ခဲ့ပါတယ်။ ရက်စက်တဲ့ဖြစ်ရပ်တွေ ဖြစ်ပွားပြီးသုံးလအကြာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက နိုင်ငံတကာက အားနည်းသူတစ်ယောက်အဖြစ် သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေ ပြန်စတင်ခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို အကြမ်းဖျင်းတင်ပြခဲ့ပါတယ်။ တရုတ်သံတမန်တစ်ဦးကလည်း “စစ်တပ်ထက်ပိုပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ အရပ်သားအစိုးရကို လက်တွဲဖော် အဖြစ် ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်”လို့ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဘေဂျင်းကတော့ ဘယ်တုန်းကမှမယုံကြည်ခဲ့ ပါဘူး။

CMEC က ယူနန်ပြည်နယ် ကူမင်းမြို့ကနေ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် မြန်မာနိုင်ငံရဲ့အနောက်ဘက် ကမ်းရိုးတန်းအထိ ဆန့်တန်းထားပြီး ကားလမ်း၊ ရထားလမ်းနဲ့ စီးပွားရေးအထူးဇုန်တွေ ပါဝင်တဲ့ သယ်ယူပို့ဆောင်ရေးစင်္ကြံတွေက ပတ်လည်ဝိုင်းရံထားပါလိမ့်မယ်။ ဒီစင်္ကြံရဲ့ ရည်ရွယ်ချက်က အငြင်းပွားမှုတွေတိုးမြှင့်နေတဲ့ တောင်တရုတ်ပင်လယ်ရဲ့ အနာဂတ်ပဋိပက္ခတွေကို ကျော်လွှားနိုင်ဖို့ဖြစ်ပြီး အမေရိကန်ရဲ့ စစ်ရေးအရဩဇာကြီးမားတဲ့ မလက္ကာရေလက်ကြားကို တခြားကျဉ်းမြောင်းတဲ့ ရေလက်ကြားနဲ့ အစားထိုးနိုင်ဖို့ပါပဲ။ ဒီကနေ့တရုတ်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှုရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ကုန်သွယ်မှုအများစုကို အဲဒီပင်လယ်ရေကြောင်းလမ်း တလျှောက်ကနေ တင်ပို့ပေးနေပါတယ်။

ကျောက်ဖြူမြို့က အရပ်ဘက်-စစ်ဘက် နှစ်မျိုးအသုံးပြုနိုင်တဲ့ ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေး လုပ်ငန်းက စင်္ကြံစီမံကိန်းရဲ့ မကိုဋ်ဖြစ်ပြီး အနာဂတ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်ရေတပ်ဖြန့်ကျက် နေရာချထားမှုကိုလည်း ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ သယ်ယူပို့ဆောင်ရေးစင်္ကြံ၊ ကုန်သွယ်ရေးတွေက တရုတ်နိုင်ငံရဲ့ အနောက်တောင်ပိုင်းပြည်နယ် တွေအတွက် စွမ်းအင်လုံခြုံရေးနဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းကောင်းတွေ ပေးပါလိမ့်မယ်။

၂၀၁၈ ခုနှစ်ကာလတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက အရင်စစ်တပ်ဦးဆောင်တဲ့ အစိုးရနဲ့တရုတ်နိုင်ငံကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက် အများအပြားကို ပြန်လည်ညှိနှိုင်းခဲ့ပါတယ်။ အကြံပေးတွေနဲ့ ဘောဂဗေဒပညာရှင် အဖွဲ့တစ်ဖွဲ့က ရေနက်ဆိပ်ကမ်းကုန်ကျစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သလို နိုင်ငံတော်ကရမယ့် ရန်ပုံငွေ ဝေစုကိုလည်း တိုးမြှင့်နိုင်ခဲ့တဲ့အတွက် သီရိလင်္ကာနဲ့ ပါကစ္စတန်လို ကြွေးမြီထောင်ချောက်ထဲ အဆုံးသတ်နိုင်ခြေကို လျှော့ချနိုင်ခဲ့ပါတယ်။ စီမံကိန်းခွဲတွေအားလုံးကလည်း တင်ဒါခေါ်ယူရာမှာ နိုင်ငံတကာတင်ဒါခေါ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာဖြစ်ပြီး တရုတ်ငွေကြေးသာမက နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ခွင့်ပြုသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောခဲ့ပါတယ်။ တောင်းဆိုချက်တွေကို တရုတ်နိုင်ငံက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာဖြည့်ဆည်းပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်မှာတော့ လူအများစု အံ့အားသင့်ခဲ့ရပေမယ့် အခုတော့ စီမံကိန်းတွေပြန်စဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံရဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေအနေနဲ့ နိုင်ငံတကာရဲ့ပြစ်တင်ရှုတ်ချမှုနဲ့ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ လျော့ပါးအောင် တရုတ်တွေရဲ့ အကာအကွယ်အပေါ် မှီခိုနေရတဲ့အတွက်ကြောင့် တရုတ်တွေနဲ့ပူးပေါင်းပြီး စင်္ကြံစီမံကိန်းတွေရဲ့ အစိတ်အပိုင်းအမျိုးမျိုးတွေ ပြန်ပြီးစတင်နေပါတယ်။ ဒါပေမယ့် တစ်ချိန်တုန်းကတော့ မြန်မာ စစ်အာဏာရှင်တွေက တရုတ်တွေရဲ့ အရပ်ဘက်-စစ်ဘက် နှစ်ဘက်သုံးဆိပ်ကမ်းဆောက်လုပ်မယ့် တရုတ်တွေရဲ့ အမြင်ကို ငြင်းဆန်ခဲ့ဖူးပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးက အပြန်အလှန် တစ်ဦးနဲ့တစ်ဦး မယုံကြည်မှုဆိုတဲ့ အသွင်လက္ခဏာနဲ့ ကာလကြာရှည်ခဲ့ပါတယ်။ ပြင်းထန်တဲ့ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ မြန်မာစစ်တပ်ဟာ အချုပ်အခြာအာဏာနဲ့ ပတ်သက်ရင် အကဲဆတ်ပြီး နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တရုတ်နိုင်ငံက လက်နက်ထောက်ပံ့နေတဲ့အတွက် တရုတ်နိုင်ငံအပေါ် အမြဲသံသယဝင်နေလေ့ ရှိပါတယ်။

အရပ်ဘက်-စစ်ဘက် နှစ်ဘက်လုံးဆိပ်ကမ်းအပေါ် တရုတ်ရေတပ်က အသုံးပြုနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး တရုတ်ကို စစ်တပ်ကခွင့်ပြုမလား ဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။ ရေနက်ဆိပ်ကမ်း ညှိနှိုင်းမှုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားတစ်ပိုင်းအစိုးရနဲ့ နှိုင်းယှဉ်ရင် စစ်တပ်ကပိုပြီး ခက်ခဲမယ်ဆိုတာ တရုတ်တွေ တွေ့လာရပါလိမ့်မယ်။

နယ်စပ်ကို စီမံခန့်ခွဲခြင်း

၁၉၄၈ ခုနှစ် ဗြိတိသျှတွေဆီက လွတ်လပ်ရေးရပြီးချိန်ကစပြီး မြန်မာနိုင်ငံက လူမျိုးရေးကွဲပြားမှုကို ရင်ဆိုင်ခဲ့ရသလို တရုတ်၊ အိန္ဒိယနဲ့ ထိုင်း နယ်စပ်ဒေသတလျှောက်မှာလည်း ပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် ဖက်ဒရယ်စနစ် အတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး လွတ်လပ်ရေးမရခင် ကာလကတည်းက ဗိုလ်ချုပ်အောင်ဆန်းက ကတိပေးထားခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဗဟိုအစိုးရက တရုတ် ကျောထောက်နောက်ခံ ပြုထောက်ပံ့ထားတဲ့ ကွန်မြူနစ်သောင်းကျန်းသူတွေနဲ့ မျက်နှာချင်းဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၈၉ ခုနှစ်မှာတော့ တရုတ်နယ်စပ်တလျှောက်မှာ အင်အားကြီးမားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ကွန်မြူနစ်ပါတီကို ဖျက်သိမ်းလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်အနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီထဲကမှ ဒီကနေ့အရှေ့တောင်အာရှမှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲ အင်အားအကြီးမားဆုံးဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရထောက်ခံမှုနဲ့ ထောက်ပံ့ ပို့ဆောင်ရေးတွေကြောင့် ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး ဖောက်ကားရောင်းဝယ်မှုအရှိန် မြင့်တက်လာခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်း UWSA ထိန်းချုပ်နယ်မြေက ဘယ်လ်ဂျီယံနိုင်ငံ အရွယ်အစားရှိပါတယ်။

၁၉၈၉ ခုနှစ် မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး အခြေခံကြောင့် ဝ တွေဟာ တရုတ်နိုင်ငံအုပ်ချုပ်ရေး ပုံစံကို အတုယူထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထူထောင်ခဲ့ပါတယ်။ ယွမ်ကို အဓိကငွေကြေးအဖြစ် အသုံးပြုပြီး ဒေသတွင်းသုံးဘာသာစကားက မန်ဒရင်းစကား ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရော အာဏာမသိမ်းခင်ကရှိခဲ့တဲ့ အရပ်သားအစိုးရတွေရော ဝ ပိုင်နယ်မြေထဲမှာ သူတို့ရဲ့ဩဇာအာဏာကို အသုံးပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

၁၉၈၉ ခုနှစ်မှာ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း UWSA က သူတို့နယ်မြေတွေကိုပေါင်းစည်းပြီး တစုတစည်းတည်းဖြစ်အောင် အားထုတ်နေချိန်မှာ အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေကတော့ တရုတ်နယ်စပ်တလျှောက် မြန်မာစစ်တပ်အပြင် ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့တွေ၊ မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေနဲ့ မူးယစ်ဂိုဏ်းတွေဟာ နယ်မြေစိုးမိုးရေးအတွက် တိုက်ပွဲတွေဖြစ်ပွားလေ့ရှိသလို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာလည်း သယံဇာတတိုက်ပွဲတွေ ဖြစ်နေပါတယ်။

နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းနေဖို့ကို တရုတ်နိုင်ငံက ဦးစားပေးလုပ်ကိုင်ဖို့ လိုပါတယ်။ တရုတ်စီးပွားရေးနဲ့ နိုင်ငံပိုင်လှုပ်ရှားမှုတွေက ပဋိပက္ခတွေနဲ့ စီးပွားရေးကိစ္စတွေမှာ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တဲ့အတွက် မြန်မာ့ပြည်တွင်းရေးကို ဝင်ပြီးစွက်ဖက်နေကြဦးမှာပါပဲ။ အိန္ဒိယသမုဒ္ဒရာဆီ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ အဆင်ပြေပြေ စီးဆင်းနေဖို့ လိုအပ်သလို လက်ရှိရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ လုံခြုံဖို့လိုအပ်ပါတယ်။

ဒါကြောင့်လည်း အင်အားကြီးလက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့ပေးရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဆယ်စုနှစ်များစွာကြာတဲ့အထိ ဝင်ရောက်စွက်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ သူတပါးပြည်တွင်းရေးမှာ အကြီးမားဆုံး စွက်ဖက်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အိမ်နီးချင်းကို အနောက်နိုင်ငံတွေရဲ့အဝေးမှာ ထားခြင်း

တရုတ်တွေက မြန်မာနိုင်ငံကို အိမ်နီးချင်းအစိတ်အပိုင်း တစ်ခုအဖြစ် သဘောထားတဲ့ အတွက်ကြောင့် အနောက်နိုင်ငံ၊ အထူးသဖြင့် အမေရိကန်က ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်သင့်ဘူးလို့ ယူဆထားပါတယ်။ ဒီအချက်ကိုလည်း တရုတ်အစိုးရက အဆင့်တိုင်းမှာ ရှင်းရှင်းလင်းလင်း ချပြထားပါတယ်။

BRI စတင်ချိန်ကစပြီး တရုတ်နိုင်ငံက မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရကြား ဆွေးနွေးပွဲတွေ အဆင်ပြေချောမွေ့စေဖို့ အထူးသံတမန်တစ်ဦး ခန့်ထားခဲ့သလို အနောက်နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဩဇာ မလွှမ်းမိုးနိုင်အောင်လည်းကြိုးစားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး မြန်မာအစိုးရက အနောက်နဲ့အင်အားချိန်ခွင်လျှာ ပြန်ညှိဖို့ကြိုးစားလာခဲ့သလို မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် တရုတ်နဲ့ မြန်မာကြားတင်းမာမှုတွေ တိုးမြင့်လာခဲ့ပေမယ့် ၂၀၁၇ မွတ်ဆလင် အရေးအခင်းကြောင့် တရုတ်နိုင်ငံက နေရာပြန်ယူလာနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းမှုက တရုတ်နိုင်ငံအတွက် မနှစ်မြို့ ဖွယ်ကောင်းတဲ့ အံ့ဩစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းမှုက တရုတ်အကျိုးစီးပွားအတွက် မဟုတ်ဘူးဆိုတာ တရုတ်သံအမတ်တွေက ဖွင့်ဟခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဝန်ယီ ကလည်း ဒေသတွင်းပဋိ ပက္ခအတွက် အာရှနည်းလမ်းနဲ့ ဖြေရှင်းဖို့ ရှာဖွေရမှာဖြစ်ပြီး ပြင်ပအင်အားစုတွေက ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း အရှေ့တောင်အာရှ ခေါင်း ဆောင်တွေကို အကြိမ်ကြိမ် အလေးပေးပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းရလဒ်က ဘယ်လိုဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ လက်ရှိအခြေအနေမှာ ယူကရိန်းအပေါ် နိုင်ငံတကာရဲ့ အာရုံစူးစိုက်နေချိန် တရုတ်ကလည်း BRI ပရောဂျက်တွေကို အရှိန်မြှင့် တင်ဖို့ရည်ရွယ်ချက်နဲ့ စစ်တပ်အပေါ် ထောက်ခံမှုတိုးမြှင့်လာပါတယ်။ မကြာသေးခင်က ဖြစ်ပေါ်တိုးတက်မှုတွေအရ တရုတ်နိုင်ငံဟာ သူ့ရဲ့ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်တွေ အထူးသဖြင့် UWSA ကူညီမှုနဲ့ စင်္ကြံစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အကာအကွယ်ပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံအနေနဲ့ အကန့်အသတ်ရှိတဲ့ တရားဝင်မှုနဲ့ စစ်တပ်ကို ထောက်ခံနေရသလို တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်နေတဲ့ အမျိုးသားရေးလူ့အဖွဲ့အစည်းနဲ့ ထိပ်တိုက်တွေ့ဆုံခြင်းကြားက ပါးလွှာတဲ့မျဉ်းမှာ လျှောက်လှမ်းနေရပါတယ်။ တရုတ်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာတွင်း ဝင်ရောက်ရေးကလည်း PDF နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အန္တရာယ်ရှိလာနိုင်ပါတယ်။

ပထဝီနိုင်ငံရေးတိုက်ပွဲနှင့် အနောက်ဘက်ကမ်းရိုးတန်း

မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းမှာ တရုတ်ရေတပ်ခြေကုပ်စခန်းတစ်ခု တည်ဆောက်ခြင်းက အိန္ဒိယသမုဒ္ဒရာတဝိုက် လုံခြုံရေးကို ပြန်ပြီး ရေးဆွဲလာနိုင်ပါလိမ့်မယ်။ မဝေးတော့တဲ့အနာဂတ်မှာ အနောက်ဘက်ကမ်းရိုးတန်းကို တရုတ်သံတမန်တွေက “ကျွန်တော်တို့ရဲ့” အနောက်ဘက်ကမ်းရိုးတန်း ဆိုပြီး သီးသန့်ရည်ညွှန်း ခေါ်ဆိုလာကြပါတော့မယ်။

ဒီလိုအခြေအနေက အိန္ဒိယအတွက် စိုးရိမ်စရာမဟုတ်သေးဘူးဆိုရင်တောင် အနောက်နိုင်ငံတွေအနေနဲ့ ပူပန်သင့်ပါပြီ။ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအတွက် တန်ဖိုးအခြေပြုဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေခံချဉ်းကပ်မှုအပေါ် အာရုံစိုက်နေပေမယ့် အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံက သူတို့ရဲ့ပထဝီနိုင်ငံရေး ရည်မှန်းချက်အောင်မြင်ဖို့ တည်ငြိမ်တဲ့အခြေအနေတွေကို အာရုံစိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ပထဝီတည်နေရာကြောင့် နိုင်ငံတိုးတက်ဖို့နဲ့ တန်ဖိုးအခြေခံ ချဉ်းကပ်မှုတွေလုပ်ဆောင်ဖို့ သာမက အနောက်နိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအမြင်ကို ပေါင်းစပ်ရမယ့် အချိန်ရောက်လာပါပြီ။

ကြည်ဖြူစံ

“John Nielsen” ၏ “Myanmar - China´s west coast dream” ကို ဆီလျော်အောင်ရေးသားပါသည်။

ဗီဒီယိုများ