ကြားဖြတ်သတင်း

ဓာတုဆေးစွဲလာသည့် မြေဆီမြေနှစ်များ

တောင်သူလယ်သမားများမှာ ဓာတ်မြေဩဇာကို စနစ်တကျ သုံးစွဲနိုင်ခြင်းမရှိဘဲ “အထွက်နှုန်းတိုးတယ်”ဟူသော အချက်ဖြင့် ဓာတ်မြေဩဇာ ၁ အိတ်သုံးရမည့်နေရာတွင် ၂ အိတ် ၃ အိတ်အထိ နင်းကန်ကျွေးမွေးခဲ့ခြင်းက မြေကြီးကို ဓာတုအဆိပ်သင့်စေသလားဟု တွေးပူစရာဖြစ်လာသည်။

Admin 26 Dec 2022

DMG ၊ ဒီဇင်ဘာ ၂၆

(ဆောင်းပါး)

“မြေဆီ မြေနှစ် ရွှေဖြစ်တေမြေ၊ စိုက်သမျှဖြစ်ရ ဗျာဒိတ်ခံမြေ၊ ဆန်ရီ(ရေ)စပါး သစ်သီးဝလံ ပြည့်လျှံသာစွ ရခိုင်သားရို့မြေ”ဟု ရခိုင်ပြည်တွင် မြေဆီမြေလွှာကောင်းမွန်ပုံနှင့် စိုက်ပျိုးရေးဖြစ်ထွန်းပုံတို့ကို ရခိုင်တေးရေး ဆရာ ကိုသန်းမောင်က “ဤသည်ရခိုင်သား ဤကားရခိုင်မြေ”သီချင်းတွင် ထည့်သွင်းရေးဖွဲ့ကာ ပုံဖော်ထားသည်။

ယခင်က စိုက်ပျိုးရေးထွန်းကားခဲ့သော ရခိုင်ပြည်သည် ယခုအခါ စိုက်ပျိုးရေးကဏ္ဍ သေဆုံးမသွားရအောင်ပင် အားထုတ်ရုန်းကန်နေကြရသည်။

တမျှော်တခေါ် ကျယ်ပြောသည့်လယ်ကွင်းပြင်မှ အဆံမပါဘဲ နှံထောင်စပါးပင်များက ဟိုတစုသည်တစုဖြင့် ကွက်တိကွကျားဖြစ်နေသည်ကိုကြည့်ကာ အသက် ၅၈ နှစ်အရွယ် လယ်သမားကြီး ဉီးမောင်ရွှေအေးတစ်ယောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

“အပင်တွေမှာ အသီးက မပြည့်တော့ဘူး။ အဆံမပါဘဲ အဖျင်းတွေ နှံထောင်တွေ ဖြစ်ကုန်တာ”ဟု စပါးနှံတစ်စုကို လက်တွင်ဆုပ်ကိုင်ပြရင်း ၎င်းကပြောသည်။

ယခင်နှစ်များက လယ် ၁ ဧကမှ စပါးတင်း ၅၀ ကျော် ထွက်ခဲ့သော်လည်း ယခုနှစ် စပါးပေါ်ရာသီတွင် လယ် ၁ ဧကမှ စပါး ၁၈ တင်းအောက်ကိုသာ ထွက်ရှိတော့သဖြင့် သီးနှံအထွက်နှုန်းမှာ သုံးချိုးတစ်ချိုးအထိ ကျဆင်းသွားခဲ့သည်ကို ဦးမောင်ရွှေအေးက စိုးရိမ်နေသည်။

သူပိုင်သည့် လယ်မြေ ၁၀ ဧကကျော်တွင် ဓာတ်မြေသြဇာများကို တစ်နှစ်ထက်တစ်နှစ် သုံးစွဲလာခဲ့ခြင်းကြောင့် ယခုအခါ မြေဆီလွှာများ ပျက်စီးလာခြင်းလားဟုလည်း ၎င်းက သံသယဝင်လာခဲ့သည်။

“ကျနော့်လယ်မှာ မြေဆီလွှာတွေ ခမ်းသွားတာထင်တယ်။ မြေခေါင်ပြီး အက်ကွဲတွေဖြစ်နေတာပါ။ စပါး ရိတ်သိမ်းပြီးတာနဲ့ မြေအက်ကွဲတွေဖြစ်နေတာကို သတိထားမိတယ်”ဟု လယ်ကွင်းထဲမှ အက်ကွဲနေသော မြေများကို ဉီးမောင်ရွှေအေးက လက်ညှိုးထိုးညွှန်ပြသည်။

မိသားစုမှာ စီးပွားရေး အကျပ်အတည်းများကြောင့် ယခုနှစ် စပါးစိုက်ပျိုးချိန်နှင့် စပါးဖူးချိန်တို့တွင် စပါးပင်များကို ဓာတ်မြေဩဇာ မကျွေးနိုင်ခဲ့ပေ။

ဓာတုဆေးစွဲလာနေသည့် စိုက်ပျိုးရေး

ဦးမောင်ရွှေအေး၏ ဇာတိဖြစ်သော ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာမှ လယ်သမားများမှာလည်း ယင်းသို့သော ပြဿနာကို ကြုံတွေ့နေရသည်။ ဓာတ်မြေဩဇာသုံးစွဲခြင်း၏ အကျိုးဆက်ကို မြန်မာနိုင်ငံရှိ တောင်သူအများအပြား ကြုံတွေ့နေရခြင်းလည်းဖြစ်သည်။

လယ်မြေနှင့် စိုက်ခင်းများတွင် ဓာတ်မြေသြဇာကို တစ်နှစ်ထက်တစ်နှစ် ပိုမိုသုံးစွဲလာရကြောင်းနှင့် မသုံးနိုင်ခဲ့လျှင် သီးနှံအရွယ်အစား သေးငယ်လာပြီး အထွက်နှုန်းလည်းကျဆင်းလာကြောင်း DMG မှမေးမြန်းခဲ့သည့် တောင်သူ ၁၀ ဦးထက်မနည်းက တညီတညွတ်တည်း မှတ်ချက်ပေးကြသည်။

ယခုနှစ် မြေဩဇာတစ်အိတ်ကို ငွေကျပ် (တစ်သိန်းလေးသောင်း)အထိ ဈေးမြင့်တက်နေသည့်အတွက် စိုက်ခင်းများကို ဓာတ်မြေဩဇာ မကျွေးနိုင်သူများရှိသည်။

လမ်းပိုက်ခွင်ကျေးရွာမှ နောက်ထပ်တောင်သူတစ်ဉီးဖြစ်သည့် ဉီးသင်္ခါအောင်ကလည်း “ဓာတ်မြေဩဇာတွေလည်း တံဆိပ်အမျိုးမျိုး ထွက်တယ်။ ဒါကြောင့် ကိုယ့်မြေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ မရွေးချယ်နိုင်တော့ဘဲ ဈေးချိုတဲ့ဟာကို ဝယ်သုံးလိုက်တော့ သီးနှံထွက်နှုန်း အားမကောင်းတော့ဘူး”ဟု ပြောသည်။

စိုက်ခင်းများတွင် ဓာတ်မြေဩဇာကို သုံးစွဲလာခြင်းမှာ လွန်ခဲ့သည့် ၁၉၈၀ ခုနှစ်ခန့်လောက်မှ စတင်ကာ လက်ရှိတွင် နှစ်ပေါင်း ၄၀ ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း တောင်သူလယ်သမားများက ယေဘုယျအားဖြင့် ခန့်မှန်းပြောဆိုကြသည်။

ယခင်နှစ်ပေါင်း ၄၀ ကျော်က ရခိုင်က တောင်သူများမှာ ဓာတုဓာတ်မြေဩဇာ မသုံးစွဲခဲ့ဘဲ နွားချေး၊ ဖွဲပြာ စသည့်သဘာဝမြေဩဇာဖြင့် ဖိရိုးဖလာ စိုက်ပျိုးခဲ့ကြသည်။ ထိုအချိန်က လယ်ယာမြေတစ်ဧကတွင် စပါးတင်း ၅၀ ကနေ တင်း ၆၀ အထိ ထွက်ရှိကြကြောင်း သိရသည်။

“ဓာတ်မြေဩဇာ သုံးစတုန်းက တစ်ဧကကို စပါးအထွက်နှုန်းက တင်း ၈၀ ကနေ ၉၀ အထိထွက်တော့ တောင်သူတွေ ပျော်ြကတယ်ပေါ့”ဟု ကျောက်တော်မြို့နယ် ပြောင်းဆိပ်ကျေးရွာမှ လယ်သမား ဉီးအောင်ကျော်ြမက ပြောပြသည်။

ဓာတုဓာတ်မြေဩဇာကို စတင်သုံးစွဲစဉ်က သီးနှံထွက်နှုန်းတိုးခြင်းအပြင် ဓာတ်မြေဩဇာဈေးနှုန်းမှာလည်း ကြီးမားမှု မရှိသေးပေ။ ယခုနှစ်များတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ ဒေသအတွင်း စစ်ရေးပဋိပက္ခများအပြင် သွင်းအားစုစရိတ် ကြီးမားမှုတို့ကြောင့် တောင်သူများမှာ အပူလုံးကြွလာကြရသည်။

“အခုကျတော့ အရက်စွဲနေတဲ့လူတွေလို ပထမတုန်းက တစ်ခွက်၊ နှစ်ခွက်ကနေ တစ်ပုလင်း၊ နှစ်ပုလင်း နေ့စဉ် ဖြစ်လာတယ်။ ဒီလိုပဲ မြေကြီးကလည်း ဆေးစွဲသွားတာ”ဟု ဉီးအောင်ကျော်မြက ဉပမာပေးရှင်းပြသည်။

ယခုနှစ်တွင် ဉီးအောင်ကျော်မြ၏ လယ်ယာအတွင်း ဓာတ်မြေဩဇာကြဲပက်ခဲ့သော်လည်း တစ်ဧကလျှင် တင်း ၅၀၊ တင်း ၆၀ အနိုင်နိုင်သာ ထွက်ရှိတော့ကြောင်းဆိုသည်။

တောင်သူလယ်သမားများမှာ ဓာတ်မြေဩဇာကို စနစ်တကျ သုံးစွဲနိုင်ခြင်းမရှိဘဲ “အထွက်နှုန်းတိုးတယ်”ဟူသော အချက်ဖြင့် ဓာတ်မြေဩဇာ ၁ အိတ်သုံးရမည့်နေရာတွင် ၂ အိတ် ၃ အိတ်အထိ နင်းကန်ကျွေးမွေးခဲ့ခြင်းက မြေကြီးကို ဓာတုအဆိပ်သင့်စေသလားဟု တွေးပူစရာဖြစ်လာသည်။

ဓာတုဆေးသုံးစွဲမှုကြောင့် မြေကြီးအပေါ် သက်ရောက်မှု

ဓာတုဓာတ်မြေဩဇာ အလွန်အကျွံသုံးစွဲလာခြင်းကြောင့် သဘာဝမြေဆီလွှာကို အထောက်အပံ့ဖြစ်စေသော ပိုးမွှားများသေဆုံးကာ လက်ရှိ ရခိုင်စိုက်ပျိုးမြေများတွင် တီကောင်၊ မျှော့ အစရှိသည့် မြေဆီလွှာကို အထောက်အကူပြုသော အဏုဇီဝပိုးမွှားများ မရှိတော့ကြောင်း စိုက်ပျိုးရေးသုတေသီများက ထောက်ပြကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဉက္ကဌ ဉီးကျော်ဇံက “ဓာတ်မြေဩဇာသုံးစွဲခြင်းဟာ မြေကို သတ်တာနဲ့တူတယ်။ မြေကြီးသေရင် သတ္တဝါအားလုံးသေမယ်။ နောက်ဆက်တွဲ လူသားမျိုးနွယ်တစ်ခုလုံးကို ဂျီနိုဆိုက်အဆင့်ထိ ဖြစ်စေမှာ”ဟု ပြောသည်။

ထို့အပြင် ဓာတ်မြေဩဇာ အာနိသင်နှင့် ရာသီဉတုဖောက်ပြန်ခြင်းတို့ကြောင့် သီးနှံထွက်ကုန်များမှာ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ရောင်းချရာ၌ အခက်အခဲဖြစ်စေကြောင်းလည်း ပြောသည်။

“ဒီကထွက်လာတဲ့ သီးနှံအာဟာရ၊ ထွက်ကုန်တွေကို စားသုံးခြင်းဟာလည်း အဆိပ်ကိုစားတာနဲ့ တူလာပြီ။ တဖက်မှာလည်း နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်မယ်ဆိုရင် ဒီဓာတုဓာတ်မြေဩဇာ သုံးစွဲထားတဲ့ ထွက်ကုန်တွေက တိုးမပေါက်နိုင်ဘူး”ဟု ဉီးကျော်ဇံကဆိုသည်။

ထို့အတူ သဘာဝမြေဩဇာ၊ ဓာတုဓာတ်မြေဩဇာအသုံးပြုမှု နည်းပညာအသိတရားများကို သက်ဆိုင်ရာဌာနများမှ စနစ်တကျပညာပေးမှု၊ သင်ကြားလမ်းညွှန်မှုတို့ အားနည်းချက်များကြောင့် ယခုအခါ တောင်သူများမှာ ယောင်လည်လည်ဖြစ်နေကြရသည်။

အဆိုပါကိစ္စများကို အတိုင်းအတာတစ်ခုထိ ဖြေရှင်းပေးရန်အတွက် ဒေသတွင်း အဖွဲ့အစည်းများနှင့် မလုံလောက် နိုင်သဖြင့် နိုင်ငံကိုအုပ်ချုပ်နေသော အစိုးရမှ တာဝန်ယူဖြေရှင်းသင့်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုကြသည်။

ရခိုင်တောင်သူများမှာ ဓာတ်မြေသြဇာသုံးစွဲသည့်အခါ အပင်နှင့် မြေကြီးမှ လိုအပ်သောဓာတ်များကို ဆန်းစစ်မှု မရှိဘဲ သုံးနေကြသည့်အပြင် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းများ မရှိဟုလည်း စိုက်ပျိုးရေး လုပ်ကိုင်သူများထံမှ သိရသည်။

ဓာတ်မြေဩဇာ သုံးစွဲမှုကို ဘယ်လိုလျော့ချရမလဲ

လက်ရှိအနေအထားအရ ရခိုင်တောင်သူများအနေဖြင့် ဓာတ်မြေသြဇာ သုံးစွဲခြင်းကို ချက်ချင်းရပ်တန့်ရန် မဖြစ်နိုင်တော့ချေ။ ယင်းကြောင့် သဘာဝမြေသြဇာကို အားစိုက်လုပ်ကာ ကျွေးမွေးရမည့်အချိန် ကျလာပြီးဖြစ်ကြောင်း အော်ဂဲနစ်နည်းပညာဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူများနှင့် ပညာရှင်များက အကြံပြုသည်။

“ဉပမာ အရင်တုန်းက တစ်ဧကမှာ မြေဩဇာ တစ်အိတ်သုံးတယ်ဆိုရင် အခုအခါမှာ သဘာဝမြေဩဇာ ထက်ဝက်ခန့် ထည့်သုံးပြီး လျော့ချရမယ့်သဘောပေါ့။ အပင်တွေဖြစ်ထွန်းလာတဲ့အခါမှာ အားဆေးတွေသုံးရင် မြေဆီလွှာကို ကာကွယ်မယ်”ဟု ရခိုင်အော်ဂဲနစ်စိုက်ပျိုးရေးအဖွဲ့ တာဝန်ခံ ဉီးရဲထွန်းမြင့်ကဆိုသည်။

ဉီးရဲထွန်းမြင့်တို့ ရခိုင် အော်ဂဲနစ်စိုက်ပျိုးရေးအဖွဲ့သည် လက်ရှိတွင် စစ်တွေ၊ ကျောက်တော်၊ မြောက်ဉီး၊ မင်းပြား၊ ပေါက်တော စသည့်မြို့နယ်များတွင် အော်ဂဲနစ်စိုက်ခင်းများ စတင်စမ်းသပ်လုပ်နေကိုင်လျက်ရှိသည်။

ထိုသို့ စိုက်ပျိုးရေးစနစ်သစ်ဖြင့် မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ရန် ဓာတုမြေဩဇာ နှစ်အိတ်သုံးရာကနေ တစ်အိတ်၊ တစ်အိတ်ကနေ တစ်ဝက်၊ တစ်ဝက်ကနေ လုံးဝမသုံးတော့ဘဲ သဘာဝနည်းအတိုင်း အဆင့်သို့ရောက်အောင် ပြန်သွားဖို့ လိုအပ်လာနေသည်။

လက်ရှိတွင် ဓာတ်မြေဩဇာများကို နှစ်ရှည်လများ အလွန်အကျွံ သုံးစွဲလာခဲ့ခြင်းကြောင့် မြေဆီလွှာများ အချဉ်ဓာတ်ပေါက်ခြင်းနှင့် မြေကြီးမှာ အဆိပ်အတောက်များဖြစ်နေကြောင်း အော်ဂဲနစ်စိုက်ပျိုးသူများက ဆိုသည်။

“ဒီတော့ ဒီနှစ်မှာ ငရုပ်ပင်၊ ခရမ်းချဉ်ပင်တွေက အပင်ညှိုးပြီး သေတတ်တာ အများအပြားတွေ့ရတယ်”ဟု လက်တွေ့လုပ်နေသည့် အတွေ့အကြုံကို ဉီးရဲထွန်းမြင့်က ပြောပြသည်။

ကမ္ဘာ့အပေါ်ယံမြေလွှာသည် လက်မ(၂၀)အောက် မြေသားအထူရှိလျှင် မြေဆီလွှာပါးလွှာသည်ဟု သတ်မှတ်ပြီး လက်မ(၂၀)နှင့်အထက် (၃၆)လက်မကြား မြေသားအထူရှိလျှင် မြေဆီလွှာအသင့်အတင့်နှင့် (၃၆)လက်မနှင့် အထက် မြေသားရှိလျှင် အပေါ်ယံမြေဆီလွှာ ထူသည်ဟု သတ်မှတ်ကြသည်။

ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော တောင်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးနေသည့် မြေများသည် မည်ကဲ့သို့သော မြေဆီလွှာအမျိုးအစားဖြစ်သည်ကို သိရှိထားရန် လိုအပ်ပေသည်။

သို့သော် ရခိုင်တောင်သူများမှာ မြေဆီလွှာအကြောင်း၊ ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲပုံတို့နှင့်ပတ်သက်ပြီး အထွေထွေဗဟုသုတ အားနည်းနေသေးသည်။ ထို့အတူ မြေဆီလွှာပျက်စီးနေမှုကို တိုင်းတာစစ်ဆေးမှု အပိုင်းတွင်လည်း အစိုးရဘက်က တစုံတရာလုပ်ဆောင်ခြင်းမျိုး မရှိသေးကြောင်း တောင်သူများကဆိုသည်။

“ကျနော်တို့တောင်သူတွေ အများစုကတော့ ဓာတ်မြေဩဇာကို ဒီအတိုင်းဘဲ ကြဲပက်လိုက်ကြတာပဲ”ဟု ဉီးအောင်ကျော်မြက လက်ရှိသုံးစွဲနေပုံကို ပြောပြသည်။

ရခိုင်က တောင်သူအများစုမှာ နိုက်ထရိုဂျင်အတွက် ယူရီးယား(ပုလဲ)၊ ဖော့စ်ဖရပ်စ်ဓာတ်အတွက် တီစူပါ(အမည်း)၊ ပိုတက်စီယမ်ဓာတ်အတွက် ပိုတက်ရှ်(ဓာတ်ဆား) အသုံးပြုကြသည်ကို တွေ့ရသည်။ တချို့လယ်သမားမှာလည်း နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်ရှ်၊ ဆာလ်ဖာ အားလုံးစုပေါင်း ထုတ်လုပ်ထားသည့် ကွန်ပေါင်းမြေဩဇာကို သုံးစွဲကြသူများလည်း ရှိသည်။

နိုက်ထရိုဂျင်အတွက် ယူရီးယား(ပုလဲ)မြေဩဇာမှာ အသုံးပြုပုံစနစ်မကျပါက အပင်က ၃၀ ရာခိုင်နှုန်းသာ ရရှိပြီး ၇၀ ရာခိုင်နှုန်းမှာ အငွေ့ပြန်တတ်သည်။ ထို့အတူ မြေအောက်စိမ့်ဝင်ခြင်း၊ စီးရေနှင့်ပါသွားခြင်း စသည့်နည်းလမ်းများဖြင့် လေလွင့်ပျောက်ဆုံးသွားတတ်ကြောင်း လေ့လာသိရှိရသည်။

ယင်းကြောင့် လေလွင့်ဆုံးရှုံးမှုကိုကာကွယ်ရန် အသုံးမပြုမီ တစ်ညသိပ်ထားပြီးမှ ကျွေးရမည်။ ထို့အပြင် ပုလဲကို ကျွေးသည့်အခါမှာလည်း နံနက်ပိုင်းနှင့် ညနေပိုင်း နေအေးချိန်တွင် ကျွေးရမည်ဟု စိုက်ပျိုးရေးပညာပေး စာစောင်များတွင် တွေ့ရသည်။

အကြောင်မှာ နံနက်ပိုင်းနေပူလျှင် လယ်ကွက်ထဲမှာရှိသည့် ရေ၏အပူချိန် မြင့်တက်ပြီး ရေချဉ်ငံကိန်းမှာ ရောက်ရှိနေတတ်သည်။ ရေ၏ ချဉ်ငံကိန်း မြင့်တက်လေလေ ယူရီးယား(ပုလဲ)မြေဩဇာမှာ ပါဝင်သည့် နိုက်ထရိုဂျင်ဓာတ်မှာ အငွေ့ပြန်မှုများလေလေဖြစ်သဖြင့် ဆုံးရှုံးမှုများစေကြောင်း ရေဆင်းစိုက်ပျိုးရေး သုတေသန ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် တွေ့ရသည်။

မြေဆီလွှာတွေကို ဘယ်လိုကုစားကြမလဲ

စိုက်ပျိုးရေးပညာရှင်များ၏ အဆိုအရ လက်ရှိရခိုင်တွင် Chemical(ဓာတု)ဓာတ်မြေသြဇာ အသုံးများခြင်း၏ အကျိုးဆက်အဖြစ် မြေကြီးက ဓာတ်ပြောင်းလဲမှုများဖြစ်ပေါ်နေပြီး မြေသားပျက်စီးလာခြင်း မြေခေါင်မှုများလည်း ရှိလာနေကြောင်း ဆိုသည်။

ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ စိုက်ပျိုးရေးပညာရှင်တစ်ဉီးက “ပထမနှစ်က တစ်ဧကကို တစ်အိတ်သုံးတယ်ဆိုရင် နောက်နှစ် တစ်အိတ်ခွဲ၊ နောက်နှစ် နှစ်အိတ်တိုးပြီး ကျွေးမှရတော့မယ်။ ဆက်လက် မသုံးနိုင်ရင် မြေက သုံးမရတော့ဘူး။ နောက်ပိုင်းဆိုရင် သီးနှံဖြစ်ထွန်းမှုလည်း မရှိတော့ဘူး”ဟု ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ မြေကြီးထဲတွင်ရှိနေသည့် MPK ဟုခေါ်သည့် ယူရီးယားကင်ပေါင်းပိုတက်နှင့် ဆာလဖာတို့ ရောနှောလိုက်မှုကြောင့် မြေကြီးဖွဲ့စည်းပုံ၊ မြေကြီး(Structure)တည်ဆောက်မှုနှင့် (tructure)ဖွဲ့စည်းပုံ အနုအကြမ်းများ ပြောင်းလဲပျက်စီးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

နောက်ပိုင်းတွင် မြေကြီးထဲ၌ နိုတိုရောဂါ၊ ဗတ်တိုးရီးယားရောဂါများ ဖြစ်လာနိုင်ပြီး မြေဆီလွှာ အချဉ်ဓာတ် ပေါက်လာကာ လုံးဝပျက်စီးသွားဖွယ်ရှိကြောင်းလည်း သိရသည်။

“ဆိုလိုတာက မြေကြီးကို အနားပေးရတော့မယ်။ အဲလိုမှ မဟုတ်ရင် မလွယ်တော့ဘူး”ဟု အဆိုပါ စိုက်ပျိုးရေး ပညာရှင်က နောင်ရေးအတွက် တွေးပူနေသည်။

ပျက်စီးနေသည့် မြေဆီလွှာများကို ပြန်လည်ကုစားရေးမှာ နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ပြီး မြေကွက်များကို အနားပေးကာ ထုံးနှင့် သဘာဝမြေဩဇာများ ထည့်ပေးမှ အဆင်ပြေတော့မည်ဖြစ်ကြောင်းလည်း ပညာရှင်များက ဆိုသည်။

“ဓာတ်မြေဩဇာ သုံးတာ နှစ်ပေါင်း ၄၀ လောက်ရှိလာပြီ။ မြေယာတွေကို ထုံးဓာတ်ကျွေးတာ ထုံးတွေကြဲတာ ဘယ်သူမှမရှိသေးဘူး”ဟု လယ်သမား ဉီးအောင်ကျော်မြက ပြောသည်။

မြန်မာနိုင်ငံ၏ ဓာတ်မြေသြဇာသုံးစွဲမှုအခြေအနေသည် တရိပ်ရိပ်မြင့်တက်လာနေပြီး ၂၀၀၂ ခုနှစ်က စိုက်ပျိုးမြေ တစ်ဟက်တာ (၂ ဒသမ ၄၇ ဧက)မှာ ဓာတ်မြေသြဇာ ၄ ဒဿမ ၂၉ ကီလိုဂရမ် သုံးစွဲခဲ့ပြီး ၂၀၁၆ မှာတော့ ၁၇ ဒဿမ ၈၇ ကီလိုဂရမ်ထိ ၁၄ နှစ်အတွင်း လေးဆမြင့်တက်လာခဲ့ကြောင်း ၂၀၁၉ ခုနှစ်က ကမ္ဘာ့ဘဏ်၏ ဝက်ဘ်ဆိုဒ်တွင်ဖော်ပြသော နိုင်ငံအလိုက် ဓာတ်မြေသြဇာသုံးစွဲမှုဇယားကဆိုသည်။

ဓာတ်မြေသြဇာ အလွန်အကျွံသုံးစွဲမှုကြောင့် စိုက်ပျိုးမြေများစွာ တစ,တစ ပျက်စီးလာနေကြပြီး နိုင်ငံ၏အနာဂတ် စားနပ်ရိက္ခာဖူလုံမှု မထိခိုက်အောင် အမြန်ဆုံးပြုပြင်ရန်လိုနေကြောင်းလည်း ပညာရှင်များ သတိပေးကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ ရခိုင်ပြည်တစ်ခုလုံးတွင် စိုက်ပျိုးမြေဧက ၁၁ သိန်းကျော်ထိရှိကြောင်း သိရသည်။ ဓာတ်မြေဩဇာ သုံးစွဲမှုအကျိုးကြောင့် စိုက်ပျိုးမြေ မည်မျှပျက်စီးနေပြီ ဆိုသည်ကို အတိအကျမသိနိုင်သေးပေ။

နောင်အခါ ရင်ဆိုင်လာရနိုင်သည့် မြေဆီလွှာများ ပျက်စီးလာခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ဦးမောင်ရွှေအေးတစ်ယောက် စိတ်မကောင်းရုံမှတပါး အခြားမတတ်နိုင် ဖြစ်နေသည်။

“ဒီအတိုင်းသာဆိုရင် ကျနော်တို့လယ်သမားတွေ အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ မသိတော့ဘူး”ဟု ၎င်းက ညည်းညူလိုက်သည်။

ဂေါင်-ရေးသည်။

ဗီဒီယိုများ