လေးမြို့ချောင်းဒေသတွင် နှစ်ရှည် သီးပင်၊ စားပင် စိုက်ပျိုးမှုလျော့နည်းလာ

စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကစီးပွားရေး အဖြစ်လုပ်ကိုင်နေကြသည့် ရခိုင်ဒေသတွင် စိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအတွက် အဆင်ပြေချော့မွေ့စေရန် ULA အစိုးရအနေဖြင့် အလေးထားစောင့်ကြည့်ပြီး လိုအပ်သည့် အထောက်အကူများပံ့ပိုးရန် တောင်းဆိုနေကြသည်။

By Admin 25 Feb 2025

ပုံစာ - လေးမြို့ချောင်းဒေသက တောင်သူတစ်ဦး သူ့၏ ဥယျာဉ်ခြံရှိ သံဖုရာပင်များအား ကိုင်းရှင်းနေသည်ကို ယခုလအတွင်းတွေ့ရစဉ်။ 
ပုံစာ - လေးမြို့ချောင်းဒေသက တောင်သူတစ်ဦး သူ့၏ ဥယျာဉ်ခြံရှိ သံဖုရာပင်များအား ကိုင်းရှင်းနေသည်ကို ယခုလအတွင်းတွေ့ရစဉ်။ 

DMG ၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်၏ ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးကဏ္ဍကို အဓိကလုပ်ကိုင်ကြသည့် မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသတွင် နှစ်ရှည် သီးပင်၊ စားပင်များ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာကြောင်း နှစ်ရှည်သီးပင်စိုက် တောင်သူများက ပြောဆိုကြသည်။

ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ မသုံးစွဲနိုင်ခြင်းကြောင့် နှစ်ရှည်သီးနှံပင်များအစား ကာလတိုသီးနှံပင်များကို အစားထိုးစိုက်ပျိုလာကြခြင်းကြောင့် လျော့နည်းလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

နှစ်ရှည်သီးပင်စားပင်များဖြစ်သည့် သံပုရာ၊ ရှောက်၊ ရှောက်ချို၊ ကျွဲကော၊ စုပ်ဖွား၊ ကြက်မောက်၊ သရက်၊ မရမ်း စသည့် သီးနှံများမှာ လေးမြို့ချောင်းဒေသအတွင်း နှစ်စဉ် အထွက်နှုန်းလျော့ကျလာကြောင်း ဥယျာဉ်ခြံ လုပ်ကိုင်သူများက ဆိုကြသည်။

“လေးမြို့ချောင်းဒေသမှာ အပင်အမျိုးအစားက ပြောင်းလဲစိုက်ကြတယ်။ ရှောက်ချိုစိုက်တဲ့ နေရာမှာ ငှက်ပျောတွေ အစားထိုးစိုက်တယ်။ တခြားကာလတို အပင်တွေစိုက်လာကြတော့ လျော့ကျလာတယ်ဆိုရ မှာပေါ့။ အရင်တုန်းက မြေကောင်းတွေမှာဆို ရှောက်ချိုတွေ၊ ကျွဲကောတွေ စိုက်ကြတယ်။ အခုက အပင်တွေဟာ ဖြစ်ထွန်းမှု မရှိတဲ့အတွက်ကြောင့် တခြားအပင်တွေ ကြားထိုးစိုက်လာကြတယ်” ဟု လေးမြို့ချောင်းဒေသ လက်ပြကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဝင်းညွှန့်က ပြောသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ မိုခါမုန်တိုင်းဒဏ်အပါဝင် ရာသီဥတုပူပြင်းလာခြင်း၊ ပိုးကျပျက်စီးခြင်းတို့ကြောင့် နှစ်ရှည်သီး ပင်စားပင်များ သေဆုံးမှုများရှိလာပြီး ကာလရှည်စိုက်ပျိုးမှု အဆင်မပြေခြင်းတို့ကြောင့် ငှက်ပျော၊ ကြံ စသည့် ကာလတို အပင်တို့အားပြောင်းလဲ စိုက်ပျိုးမှုများပြားလာသည်ဟု လေးမြို့ချောင်းဒေသခံများက ပြောကြသည်။

လေးမြို့ချောင်းဒေသ လက်ပြ၊ စမ်းဘောကိုင်း၊ လေညင်းတောင်၊ ဗြုတ်ချောင်းနှင့် မော်ရွာ စသည့်ကျေးရွာများတွင် နှစ်ရှည်သီးနှံ ဥယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

လေးမြို့ချောင်းဒေသသည် ဆောင်းသီးနှံစိုက်ပျိုးမှု အားကောင်းသည့်အပြင် နှစ်ရှည်သီးနှံအများအပြားထွက်ရှိသည့် ဒေသအဖြစ် လူသိများသော်လည်း ယခုအခါ လျော့ကျလာခြင်းဖြစ်သည်။

နှစ်ရှည်သီးနှံပင် တစ်ခုဖြစ်သည့် သံပုရာပင်စိုက်ပျိုးမှုမှာ ယခုနှစ်တွင် အသီးထွက်နှုန်းကျဆင်းမှုကြောင့် ရောင်းချနိုင်ခြင်းပင်မရှိဟု လက်ပြကျေးရွာက သံပုရာခင်းပိုင်ရှင် ဒေါ်အောင်သိန်းလှက ပြောသည်။

“ဒီနှစ်တော့ ရောင်းလည်းမရောင်းရဘူး။ အရင်နှစ်က သံပုရာသီး တစ်ရာကို ၃ ထောင် ၄ ထောင် ၅ ထောင် လောက်အထိ ရောင်းရတယ်။ မုန်တိုင်းပြီးကတည်းက ရောင်းရတဲ့အထိ သံဖုရာသီးတွေက မထွက်တော့ဘူး။ အခုစိုက်ထားတဲ့ အပင်တွေလည်း ၄ ပေလောက်မြင့်နေပေမယ့် ပွင့်တဲ့အပင်ရှိသလို မပွင့်တဲ့အပင်လည်းရှိတယ်။ အခု အပင်တွေ ပြန်သေနေတယ်” ဟု ဒေါ်အောင်သိန်းလှက ပြောသည်။

၂၀၂၃ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် လေးမြို့ချောင်းဒေသရှိ နှစ်ရှည် သီးနှံပင်အများအပြား ပျက်စီးခဲ့ရပြီး ထပ်မံစိုက်ပျိုး၍လည်း အဆင်မပြေတော့ကြောင်းသိရသည်။

နှစ်ရှည်သီးနှံပင်များ ပြန်လည်အောင်မြင် ဖြစ်ထွန်းလာစေရန်အတွက် မြေဆီ၊ မြေဩဇာများ စနစ်တကျ သုံးစွဲရန်လိုအပ်ပြီး အသိပညာရှင် အတတ်ပညာရှင်တို့၏ လမ်းညွှန်ပေးမှုများလည်း လိုအပ်ကြောင်း ဥယျဉ်ခြံစိုက်ပျိုးသူများက ဆိုကြသည်။

“မြေဆီ၊ မြေဩဇာတွေလည်း ခမ်းခြောက်လာတော့ မြေဆီမြေဩဇာတွေ ကျွေးပေးရမယ်။ စနစ်တကျ မြေဆီ မြေဩဇာတွေ ကျွေးပေးရမယ်။ အသိပညာရှင် အတတ်ပညာရှင်တွေကလည်း လိုအပ်တယ်။ ဥယျာဉ်ခြံစိုက်တဲ့ တောင်သူတွေကို နည်းပညာပေးဖို့ လိုအပ်တယ်။ အခု အားလုံးက မိရိုးဖလာ စိုက်သလို စိုက်နေကြတာပဲ” ဟု လေးမြို့ချောင်းဒေသ အထက်ပိုင်း လေညင်းတောင်ကျေးရွာက ဥယျာဉ်ခြံ ပိုင်ရှင် ဦးဦးထွန်းမောင်က ပြောသည်။

စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကစီးပွားရေး အဖြစ်လုပ်ကိုင်နေကြသည့် ရခိုင်ဒေသတွင် စိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအတွက် အဆင်ပြေချော့မွေ့စေရန် ULA အစိုးရအနေဖြင့် အလေးထားစောင့်ကြည့်ပြီး လိုအပ်သည့် အထောက်အကူများပံ့ပိုးရန် တောင်းဆိုနေကြသည်။